အောက်ဆီဂျင် လုံလုံလောက် ရှိတယ်လို့ အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ပြော

အောက်ဆီဂျင် လုံလုံလောက် ရှိတယ်လို့ အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ပြော
ဓာတ်ပုံ- AFP

ဇူလိုင် ၁၃

မြန်မာနိုင်ငံအတွင်း လက်ရှိအနေအထားမှာ အောက်ဆီဂျင် လုံလုံလောက်လောက် ရှိနေတယ်လို့ အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မနေ့က (ဇူလိုင်လ ၁၂ ရက်) နေပြည်တော်မှာ ကျင်းပတဲ့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင်က အဲဒီလိုပြေကြားခဲ့ကြောင်း ဒီကနေ့ (ဇူလိုင်လ ၁၃ ရက်) ထုတ်ဝေတဲ့ မြန်မာ့အလင်းသတင်းစာမှာ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

“တကယ်တော့ Oxygen (အောက်ဆီဂျင်) က လက်ရှိအနေအထားမှာ လုံလုံလောက်လောက်ရှိပါတယ်။ လူတွေက ကြောက်လန့်ပြီးတော့ အချို့ကလည်း ဝယ်ထားတာ ရှိတယ်။ အချို့ကလည်း မသမာတဲ့နည်းနဲ့ လုပ်ဖို့ကြိုးစားနေတာလည်း ရှိတယ် ” လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

အောက်ဆီဂျင် အိုးတွေကို ဝယ်ယူထိန်းသိမ်းပြီး နိုင်ငံရေးအရ အမြတ်ထုတ်နေတဲ့ သူတွေ ရှိတယ်လို့လည်း စစ်ကောင်စီ ဥက္ကဋ္ဌက စွပ်စွဲပြောကြားခဲ့ပါတယ်။

“ဒါ လူမှုရေးကိစ္စ၊ ကျန်းမာရေး ကိစ္စ၊ လူ့အသက် ကိစ္စ၊ ဒါနိုင်ငံရေး ကိစ္စ မဟုတ်ပါဘူး။ ဒီအပေါ်မှာ လာပြီးတော့ ဒုက္ခမရောက်အောင် လုပ်ဖို့ လိုပါတယ်။ ဒါလုပ်တယ်ဆိုရင်တော့ တော်တော်မိုက်မဲရာကျတဲ့ လုပ်ရပ်ပဲလို့ ကျွန်တော် ပြောချင်ပါတယ်” လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

ဒါ့အပြင် တစ်နေ့ကို အောက်ဆီအလုံးရေ ၁၄၄၀ ထုတ်လုပ်နိုင်မယ့် အောက်ဆီဂျင်စက်ရုံသစ်တစ်ခုကိုလည်း တစ်လအတွင်း အပြီးတည်ဆောက်နေတယ်လို့စစ်ကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်က အောက်ဆီဂျင် လုံလုံလောက်လောက်ရှိတယ်လို့ ပြောပေမယ့် တကယ့်မြေပြင် နေအထားမှာတော့ ပြည်သူတွေဟာ မနက်မိုးလင်းတာနဲ့ အောက်ဆီအိုးကို တန်းစီစောင့်ဆိုင်းနေရသလို အောက်ဆီဂျင် လုံလုံလောက်လောက် မရရှိတဲ့ ပြဿနာကို အကြီးအကျယ် ကြုံတွေ့နေကြရတာပါ။

ဒေသန္တရ ဆေးခန်းတွေနဲ့ ပြည်သူ့ဆေးရုံတွေမှာ ကိုဗစ်လူနာတွေကို လက်မခံဘဲ ပြန်လွှတ်နေတာကြောင့် ကိုဗစ်လူနာတွေကို နေအိမ်မှာပဲ အောက်စီဂျင်အိုးထားကုသနေကြရပြီး သေဆုံးသူ အများအပြား နေ့စဉ် မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required