လစာငွေပိုလျှင် ပြန်အပ်မည်ဟု ပြောကြားမှုအား မှတ်တမ်းတင်ထားရန် ဒီချုပ်အမတ်တောင်းဆို

လစာငွေပိုလျှင် ပြန်အပ်မည်ဟု ပြောကြားမှုအား မှတ်တမ်းတင်ထားရန် ဒီချုပ်အမတ်တောင်းဆို
ဓာတ်ပုံ-နေသာ

နေပြည်တော်၊ဒီဇင်ဘာ ၈ ။              ။ နေပြည်တော်ကောင်စီဥက္ကဌ ဦးသိန်းညွှန့်၏ လစာငွေများကို ပိုလျှင်ပြန်အပ်မည်ဟု ပြောကြားခဲ့သည့် ကောင်စီဝင်၏ ပြောစကားကို ပြည်ထောင်စုလွှတ်တော်တွင် မှတ်တမ်းတင်ထားရှိပေးရန် NLD အမတ် ဒေါ်စန္ဒာမင်းက ဒီဇင်ဘာ ၈ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်တောင်းဆိုခဲ့သည်။

လက်ရှိတွင်သမ္မတရုံးဝန်ကြီးဌာန (၁) မှသာ လစာငွေ ထုတ်ယူလျက်ရှိပြီး လိုအပ်၍နေပြည်တော်ကောင်စီဥက္ကဌ တာဝန်ထမ်းဆောင်ရပါက ပေးနိုင်ရန်အတွက် ဖြစ်ပြီး ထုတ်ယူသုံးစွဲခြင်းမရှိပါက ပိုလျှံငွေအဖြစ် ပြန်လည်အပ်နှံသွားမည်ဟု ကောင်စီဝင်ဦးကံချွန်က လွှတ်တော်တွင် လာရောက်ရှင်းလင်းပြောကြားသည်။

 “ နေပြည်တော်တော်ကောင်စီ ဥက္ကဌ၏ စရိတ်ချီးမြင့်ငွေများအား ဖြတ်တောက်ခြင်းမပြုတော့ဘဲ သုံးစွဲခြင်းမရှိပါက ပိုလျှံငွေအဖြစ် ပြန်လည်အပ်နှံသွားမည်ဟု ဆွေးနွေးချက်အား လွှတ်တော် မှတ်တမ်းတင်ပေးပါရန် တင်ပြအပ်ပါသည် ” ဒေါ်စန္ဒာမင်းကပြောသည်။

နေပြည်တော်ကောင်စီဥက္ကဌ ရာထူးအတွက် စရိတ်ချီးမြှင့်ငွေ ထုတ်ပေးနိုင်ရန်အတွက် တစ်လ သိန်း (၃၀) နှုန်းဖြင့် ငါးလစာ သိန်း (၁၅၀) တောင်းခံခဲ့ခြင်းဖြစ်ကာ ယင်းကဲ့သို့ တောင်းခံမှုအပေါ်   ဖြတ်တောက်ခြင်းမပြုဘဲ ပိုလျှံသည့်ငွေကို ပြန်အပ်မည်ဆိုသည့် ရှင်းလင်းချက်ကို ပြည်ထောင်စုလွှတ်တော်တွင် မှတ်တမ်းတင်ထားပေးရန် ဒေါ်စန္ဒာမင်းက လွှတ်တော်တွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ခန့်အပ်သည့် နေပြည်တော်ကောင်စီဥက္ကဌဖြစ်သူ ဦးသိန်းညွှန့်သည် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ၏ ပြည်ထောင်စုဝန်ကြီး တစ်ဦးလည်းဖြစ်သည်။

ပြည်ထောင်စုဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၏ အကြီးအမှူးများ နှင့် အဖွဲ့ အစည်းဝင် များ၏ လစာစရိတ် နှင့် ယင်းအဖွဲ့အစည်းများ၏ အသုံးစရိတ်နှင့် ပက်သက်၍ ငြင်းပယ်ခြင်း ၊ လျော့၍ခွင့်ပြုခြင်း မပြုရဟု ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly