ကုလလူ့အခွင့်အရေးကောင်စီက မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချသည့် ဆုံးဖြတ်ချက်ကို အတည်ပြု

ကုလလူ့အခွင့်အရေးကောင်စီက မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချသည့် ဆုံးဖြတ်ချက်ကို အတည်ပြု
Photo - AFP

ဇူလိုင် ၁၃

ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများအပေါ် မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး ရှုတ်ချပြစ်တင်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဇူလိုင် ၁၂ ရက်တွင် အတည်ပြုချမှတ်ခဲ့သည်။

ထို့ပြင် ညှိနှိုင်းပြေလည်စေရေး လုပ်ငန်းစဥ်တစ်ခုကိုလည်း ယင်းဆုံးဖြတ်ချက်တွင် တောင်းဆိုခဲ့သည်။

အစ္စလမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကိုယ်စား ပါကစ္စတန်က တင်ပြခဲ့သည့် ထို ဆုံးဖြတ်ချက်ကို ဂျီနီဗာ အခြေစိုက် ကောင်စီ၌ မဲမခွဲဘဲ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ကောင်စီ အဖွဲ့၀င် ၄၇ နိုင်ငံအနက် တစ်နိုင်ငံဖြစ်သည့် တရုတ်က ယင်းအနေဖြင့် ယခုကိစ္စနှင့်ပတ်သက်ပြီး အများသဘောဆန္ဒတွင် ပါ၀င်နိုင်ခဲ့ခြင်း မရှိကြောင်း၊ မည်သို့ပင်ဖြစ်စေကာမူ ဆုံးဖြတ်ချက်ပါ စာသားများကို မဲခွဲစေရေးအတွက် အပြင်းအထန် တောင်းဆိုခဲ့ခြင်း မရှိဟု ပြောခဲ့သည်။

“ကံမကောင်းတာက ရိုဟင်ဂျာ မွတ်ဆလင်တွေရဲ့ လူသားချင်းစာနာမှုနဲ့ လူအခွင့်အရေး အခြေအနေတွေက သေရေးရှင်ရေးတမျှ စိုးရိမ်ဖွယ် ကောင်းနေဆဲပါ၊ ဒါ့ကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ချက်ချင်း ရပ်ဖို့နဲ့ သူတို့ရဲ့ အခြေခံ အခွင့်အရေးကို ထိန်းသိမ်းဖို့ မြန်မာထံ ကောင်စီဘက်က တစုတစည်းတည်း တောင်းဆိုမှုတစ်ရပ် လိုအပ်ပါတယ်” ဟု ဂျီနီဗာရှိ ကုလ ဆိုင်ရာ ပါကစ္စတန် သံအမတ် ခါလီ ဟက်ရှ်မီက ပြောသည်။

ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြား လူနည်းစုမျိုးနွယ်စုများအပါအ၀င် မြန်မာနိုင်ငံရှိ ပြည်သူများ၏ သဘောဆန္ဒနှင့် အကျိုးစီးပွားများနှင့်အညီ “အပြုသဘောဆောင်ပြီး ငြိမ်းချမ်းသော ဆွေးနွေးမှုနှင့် ညှိနှိုင်းပြေလည်စေမှု” အတွက် ထိုဆုံးဖြတ်ချက်တွင် တောင်းဆိုထားသည်။

ထို့ပြင် မြန်မာပြည်သူများနှင့် ၎င်းတို့၏ ဒီမိုကရေစီအရေး ပြင်းပြသော ဆန္ဒ၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် စိတ်ဆန္ဒများကို ပြတ်ပြတ်သားသား ထောက်ခံကြောင်း ယင်းဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် တိုက်ပွဲများ၊စစ်ပွဲများ ချက်ချင်း ရပ်ဆိုင်းရေး၊ အရပ်သားများအပေါ် ပစ်မှတ်ထားမှုနှင့် လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်းစုံ တို့ ချက်ချင်း ရပ်တန့်ရေးကိုလည်း ထိုဆုံးဖြတ်ချက်တွင် တောင်းဆိုထားသည်။

တစ်ဘက်သတ် ဖမ်းဆီးမှုများ၊ ထိန်းသိမ်းထားစဥ် သေဆုံးမှုများ၊ ညှင်းပန်းနှိပ်စက်မှု၊ အဓမ္မလုပ်သားခိုင်းစေမှု၊ ကလေးများကို တမင် ရည်ရွယ်ချက်ရှိရှိ အသက်သေစေမှု၊ ကိုယ်လက်အင်္ဂါချို့တဲ့သွားစေမှုတို့အပါအ၀င် ကြီးလေးသော လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများနှင့်ပတ်သက်သည့် သတင်းများ ဆက်လက်ထွက်ပေါ်နေမှုအပေါ် လွန်စွာစိုးရိမ်ကြောင်း ယင်းက ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက်က အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံသည် ဖရိုဖရဲအခြေအနေတွင်ရှိနေပြီး စီးပွားရေးသည်လည်း တုံ့ဆိုင်းရပ်တန့်ထားခဲ့သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် သောမတ်စ် အန်ဒရူးစ်က ပြီးခဲ့သည့် အပတ် လူ့အခွင်အရေး ကောင်စီသို့ ပြောကြားခဲ့ရာတွင် မြန်မာ အာဏာသိမ်းစစ်တပ်သည် အာဏာသိမ်းပြီးနောက် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ကျူးလွန်ထားခဲ့ကြောင်း ပြောခဲ့သလို “ဤ မနှစ်မြို့စရာ အခြေအနေကို အဆုံးသတ်စေရေး” လုပ်ဆောင်ရန် ပျက်ကွက်မှုအတွက်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းကို ယင်းက ‌ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly