မီတာ ၅၀၀ ထက်ပိုသော အထပ်မြင့်တိုက်များ မဆောက်ရန် တရုတ် နိုင်ငံတွင် တားမြစ်

မီတာ ၅၀၀ ထက်ပိုသော အထပ်မြင့်တိုက်များ မဆောက်ရန် တရုတ် နိုင်ငံတွင် တားမြစ်

စီမံကိန်းအချို့တွင်အရည်အသွေးဆိုင်ရာ ပြဿနာများ ရှိနိုင်သောကြောင့် အများပြည်သူလုံခြုံရေးအတွက် အမြင့်မီတာ ၅၀၀ (၁၆၄၀ ပေ) ထက်ပိုသော အထပ်မြင့်အဆောက်အအုံ များကို မဆောက်ရန် တရုတ်အစိုးရ၏ စီးပွားရေး အဓိကစီမံကိန်းအဖွဲ့ဖြစ်သည့် အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်က ဇူလိုင် ၆ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်၍ တားမြစ်လိုက်သည်။

မီတာ ၂၅၀ အထက် အဆောက်အအုံ တည်ဆောက်မှုများကို ကန့်သတ်သွားမည်ဖြစ်သလို မီတာ ၁၀၀ အထက် မြင့်ပါက နေရာအခြေအနေအလိုက် မီးဘေးကယ်ဆယ်ရေး လုပ်နိုင်မည့် အနေအထားကို ထည့်သွင်း စစ်ဆေးသွားမည်ဖြစ်သည်။

“ဒီညွှန်ကြားချက်က ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဖြစ်ပါတယ်” ဟု ဟောင်ကောင်တက္ကသိုလ်မှ တွဲဖက်ဥပဒေပါမောက္ခ ကျုံးရှိတောင်းက Bloomberg သတင်းဌာနသို့ ပြောကြားသည်။

ကမ္ဘာပေါ်တွင် မီတာ ၅၀၀ အထက် အဆောက်အအုံ ၁၀ လုံးသာရှိပြီး ထက်ဝက်သည် တရုတ် ပြည်မကြီးတွင် တည်ရှိသည်။

ဂွမ်ဒေါင်းပြည်နယ်၊ ရှန်ကျန်းမြို့ရှိ မီတာ ၃၀၀ (ပေ ၉၈၀) မြင့်သည့် Shenzhen Electronics Group Plaza မေလ ၁၈ ရက်က လှုပ်ခါမှု ဖြစ်ပွားခဲ့ပြီးနောက် အတွင်းမှ လူများကို ရွေ့ပြောင်းခဲ့ရပြီး ယခု ညွှန်ကြားချက်အသစ်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အနီးဝန်းကျင်တွင် ရောက်နေသူများက ဗီဒီယိုများ ရိုက်ကူးကာ Weibo လူမှုမီဒီယာများ၌ တင်ခဲ့သည့် ပုံများတွင် အဆိုပါ အထပ်မြင့်အဆောက်အအုံ အောက်ခံ လှုပ်ခါချိန်တွင် လမ်းသွား လမ်းလာများ ကြောက်လန့် ပြေးလွှားကြပုံကို တွေ့မြင်ရသည်။

တရုတ်နိုင်ငံတွင် အဆောက်အအုံ ပြိုကျမှု ဖြစ်ပွားလေ့ မရှိဘဲ ဆောက်လုပ်ရေးဆိုင်ရာ မတင်းကြပ်သော စံနှုန်းများနှင့် လျင်မြန်သည့် မြို့ပြဖွံ့ဖြိုးမှုကြောင့် တည်ဆောက်ရေး လုပ်ငန်းများ လျှင်မြန်စွာ တိုးတက်လာသည်။ ပေကျင်းကဲ့သို့ မြို့တော်များတွင် မီတာ ၅၀၀ ထက် ပိုမြင့်သည့် အဆောက်အအုံများကို မဆောက်လုပ်ရန် တရုတ်အာဏာပိုင်များက ပြီးခဲ့သည့် နှစ်အတွင်း တားမြစ်ချက်ထုတ်ပြန်ခဲ့သည်။

အဆောက်အအုံများကို ကမ္ဘာ့ခေတ်မီပုံစံများ ဆောက်လုပ်ခြင်းထက် တရုတ်တို့၏ ဝိသေသလက္ခဏာများ ဦးစားပေးထည့်သွင်း တည်ဆောက်ကြရန် မြို့ပြစီမံကိန်း ရေးဆွဲသူများကို တိုက်တွန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly