တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက အိန္ဒိယ၏ လူမှုဘဝ တန်ဖိုးများကိုချီးကျူး

By thestandard
10 July 2021
တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက အိန္ဒိယ၏ လူမှုဘဝ တန်ဖိုးများကိုချီးကျူး

တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား၏ ၈၆ နှစ်မြောက်မွေးနေ့ကို ဇွန်လ ၆ရက်တွင် ကျင်းပခဲ့ရာတွင် ၎င်းက ထောက်ခံသူများအား ကျေးဇူးတင်ကြောင်းပြောကြားခဲ့သလို ၁၉၅၉ ခုနှစ်တွင် မွေးရပ်မြေမှ ထွက်ခွာပြီးကတည်းက နေထိုင်ခဲ့သည့် အိန္ဒိယကိုလည်း အသိမှတ်ပြုတန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။

“ ကျွန်ုပ်ကို ချစ်မေတ္တာ၊ လေးစားခြင်းနဲ့ ယုံကြည်မှုကို အစစ်အမှန်ဖော်ပြသခဲ့တဲ့ သူငယ်ချင်းတွေ အားလုံးကို အသိအမှတ်ပြု လေးစားကြောင်းဖော်ပြချင်ပါတယ်” ဟု ဒလိုင်းလားမားက ဗီဒီယိုမက်ဆေ့ချ်တစ်ခုတွင် ပြောကြားခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင် လုပ်ဆောင်မှုများသည် သူ၏ ရည်မှန်းချက်ဖြစ်ကြောင်း ပြောကြားခဲ့သလို မေတ္တာကရုဏာထားရန်လည်း ၎င်းအား ထောက်ခံသူများကို တိုက်တွန်းခဲ့သည်။

"ခိုလှုံခွင့် ခံယူသူတစ်ဦး ဖြစ်လာပြီးကတည်းက ယခုချိန်ထိ အခြေချနေထိုင်နေတဲ့ အိန္ဒိယရဲ့ လွတ်လပ်ခွင့်နဲ့ ဘာသာရေးသဟဇာတဖြစ်မှုရဲ့ အားသာချက်တွေကို ကျွန်ုပ်က အပြည့်အဝရယူခဲ့ပါတယ်" ဟု သူက ပြောကြားခဲ့သည်။

အိန္ဒိယ၏ လူမှုဘဝတန်ဖိုးများဖြစ်သော ရိုးသားမှု၊ မေတ္တာကရုဏာထားမှုနှင့် အကြမ်းမဖက်မှုတို့ ကို အလွန်လေးစားကြောင်း သူက ထပ်လောင်းပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီကလည်း ဒလိုင်းလားမား ကျန်းမာပါစေကြောင်း တွစ်တာတွင် ဆုမွန်ကောင်းတောင်းခဲ့သလို ဖုန်းဖြင့်လည်းဆက်သွယ် စကားပြောခဲ့သည်ဟု ဆိုခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာပြီးကတည်းက ဒလိုင်းလာမားနှင့် ဆက်သွယ်ပြောဆိုမှုကို မိုဒီက ပထမဆုံးအကြိမ် လူသိရှင်ကြားအတည်ပြုခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနှင့် တရုတ်အကြား ဆက်ဆံရေးများ ထိခိုက်နေစဉ် ယခုကဲ့သို့ အသိအမှတ်ပြု ဆက်သွယ်ခြင်း ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ပြည်ပရောက်တိဘက်အစိုးရကို တရုတ်က အသိအမှတ်မပြုဘဲ၊ တိဘက်ကို တရုတ်ပြည်မှ ခွဲထွက်ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly