တေးသီချင်း အသစ်များကို အွန်လိုင်းတွင် တစ်လ တစ်ပုဒ် ဖြန့်ချိမည့် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်

တေးသီချင်း အသစ်များကို အွန်လိုင်းတွင် တစ်လ တစ်ပုဒ် ဖြန့်ချိမည့် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၈ ။             ။ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ အသစ်ထွက်ရှိမည့် တစ်ကိုယ်တော် တေးအယ်ဘမ် အသစ်ထဲမှ တေးသီချင်းများကို ဒီဇင်ဘာလမှ စတင်ပြီး တစ်လ တစ်ပုဒ်နှုန်းဖြင့် အွန်လိုင်းတွင် ရောင်းချပေးသွားမည် ဖြစ်သည်။

တစ်ကိုယ်တော် တေးအယ်ဘမ် အသစ်ထဲ မှ အဆိုတော် ဘန်နီဖြိုးနှင့် အတူ သီဆိုထားသည့် ဂေါ်တယ် မိုက်တယ် အမည်ရှိ တေးသီချင်းကို ဒီဇင်ဘာလတွင် Myanmar Music Store Online မှ စတင် ဖြန့်ချိ ပေးသွားမည် ဖြစ်သည်။

"ကျွန်တော် အယ်ဘမ် အသစ်ထွက်ဖို့ လုပ်နေတယ် လောလောဆယ်တော့ မပြီးသေးဘူး။ အဲထဲက သီချင်း တစ်ပုဒ်ကို ဒီဇင်ဘာလထဲမှာ Single အနေနဲ့ ဖြန့်ချိဖို့ ရှိပါတယ်။ ဇန်နဝါရီလ ထဲမှာလည်း နောက်တစ်ပုဒ် ဖြန့်ချိမယ်" ဟု စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်သည် ၎င်း၏ တေးသီချင်းများကို တစ်လ တစ်ပုဒ် ဖြန့်ချိရန် စီစဉ်ထားပြီး Myanmar Music Store Online အပြင် i-tune မှလည်း Digital Download အနေဖြင့် ဖြန့်ချိသွားမည် ဖြစ်သည်။

တစ်ကိုယ်တော် တေးအယ်ဘမ် အသစ်ကို ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထွက်ရှိနိုင်ရန် စီစဉ်ထားပြီး လက်ရှိတွင် တေးသီချင်းများ ပြီးစီးသလောက် ဖြစ်နေပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။ တေးသီချင်း အမျိုးအစားများ အဖြစ် စိုင်းစိုင်းခမ်းလှိုင်၏ ဆိုနေကျ ပုံစံများ ပါဝင်မည် ဖြစ်သည်။

အဆိုတော် ဘန်နီဖြိုးနှင့် အတူ သီဆိုထားသည့် ဂေါ်တယ် မိုက်တယ် အမည်ရှိ တေးသီချင်းကိုလည်း ဒီဇင်ဘာ ၁၂ရက်တွင် ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်း၌ ကျင်းပမည့် Brand's Concert With Sai Sai & Friends ရှိုးပွဲ၌ ပရိသတ်များကို သီဆိုဖျော်ဖြေမည် ဖြစ်သည်။

စိုင်းစိုင်းခမ်းလှိုင်သည် ဒိတ်ဒိတ်ကြဲ တေးအယ်ဘယ် အော်ဒီယို အခွေကို ၂၀၁၂ခုနှစ်တွင် ထွက်ရှိခဲ့ပြီး  သီချင်း ၁၄ပုဒ် ပါဝင်ကာ  Featuring အနေဖြင့် ဖြိုးကြီး၊ သအို ၊ ဘန်နီဖြိုး ၊ ငယ်ငယ် ၊ ကိကိ ၊ နန္ဒစိုင်း ၊  စိုးကြီး ၊ ဂျွန်၊ သီရိဆွေ နှင့်  အိမ့်ချစ်တို့က ပါဝင် သီဆို အားဖြည့် ထားကြသည်။ ဒိတ်ဒိတ်ကြဲ တေးအယ်ဘယ် DVD အခွေ ကိုတော့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ဖြန့်ချိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly