တရုတ်ခေါင်းဆောင်ကို လှောင်ပြောင်သည့် ပညာရှင်၏ တွစ်တာအကောင့် ပိတ်ခံရ

တရုတ်ခေါင်းဆောင်ကို လှောင်ပြောင်သည့် ပညာရှင်၏ တွစ်တာအကောင့် ပိတ်ခံရ

တရုတ်သမ္မတရှီကျင့်ဖျင်အား လှောင်ပြောင်ပြီးနောက် တွစ်တာက သူမ၏ အကောင့်ကို ယာယီပိတ်ခဲ့ကြောင်း နယူးဇီလန်နိုင်ငံမှ ပညာရှင်တစ်ဦးက ပြောကြားသည်။

ကန်တာဘာရီတက္ကသိုလ်မှ ပါမောက္ခအန်နီမာရီ ဘရာဒီသည် တရုတ်၏ ကမ္ဘာတစ်ဝန်းနိုင်ငံရေး သြဇာလွှမ်းမိုးရန်ကြိုးပမ်းမှုနှင့် ပတ်သက်သည့် ကိစ္စရပ်များဆိုင်ရာ ကျွမ်းကျင်သူဖြစ်ပြီး ၎င်းက အာဏာရကွန်မြူနစ်ပါတီအား ပွင့်ပွင့်လင်းလင်းဝေဖန်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က သူမက ပါတီ၏ နှစ် ၁၀ဝ ပြည့်အထိမ်းအမှတ်အခမ်းအနားနှင့် ပတ်သက်ပြီး နောက်ပြောင်သည့် သဘောပါသည့် စာများတွစ်တာတွင် ရေးသားခဲ့သည်။

တွစ်တာတွင် ရေးသားခဲ့သည့် အကြောင်းအရာနှစ်ခုကို ဖော်ပြ၍မရခဲ့သလို သူမ၏ အကောင့်သည်လည်း ယခုသီတင်းပတ်ကုန်ရက်များတွင် ယာယီပိတ်သွားခဲ့ပြီး ဇူလိုင်လ ၅ရက်တွင်မှ ပြန်လည်အသုံးပြုခွင့်ရခဲ့သည်။ အကောင့်ပိတ်ရသည့် အကြောင်းရင်းကို တွစ်တာက ရှင်းလငးချက် မပေးခဲ့ပေ။

ကွန်မြူနစ်ပါတီ ထောက်ခံသူများ၏ အွန်လိုင်းတိုင်ကြားမှုကြောင့်ဖြစ်နိုင်ပြီး၊ တွစ်တာမှ စုံစမ်းစစ်ဆေးနေစဉ် အလိုအလျောက်တုံ့ပြန်စနစ်ကြောင့် ပိတ်သွားခြင်း ဖြစ်နိုင်ကြောင်း ဗြိတိန်မှ The Times သတင်းစာ၏ ဆောင်းပါးရှင်အက်ဒွပ်လူးကပ်စ်က ရေးသားခဲ့သည်။

"ကျွန်တော်က တွစ်တာမှ ဒေါသတကြီးရေးသားပြီး မကျေနပ်ချက်တွေကို အကြိမ်ပေါင်းမရေတွက်နိုင်အောင် တိုင်ကြားပြီးတဲ့နောက်မှာတော့ သူမရဲ့အကောင့်က ပြန်ပွင့်သွားပါတယ်" ဟု လူးကပ်စ်က ရေးသားခဲ့သည်။ “တရုတ်ဆင်ဆာဖြတ်တောက်မှုကြောင့် လူသိသိပ်မများတဲ့ အကောင့်ပိတ်ခံရသူတွေကတော့ ပြန်ပွင့်ဖို့ အခွင့်အလမ်းနည်းပါးပါတယ်”

ဘရာဒီက လူးကပ်စ်ကို ကျေးဇူးတင်ကြောင်းတွစ်တာတွင် ရေးသားခဲ့ပြီး တွစ်တာထံမှ သူမအနေဖြင့် အကြောင်းပြန်မှုမရရှိသေးကြောင်း ရေးသားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly