တရုတ်၌ ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိဟု ဘိုင်ဒင်အစိုးရက စွပ်စွဲပြီးနောက် တရုတ်က အမေရိကန်ကို ပြစ်တင်ဝေဖန်

တရုတ်၌ ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိဟု ဘိုင်ဒင်အစိုးရက စွပ်စွဲပြီးနောက် တရုတ်က အမေရိကန်ကို ပြစ်တင်ဝေဖန်

အမေရိကန်နိုင်ငံခြား၀န်ကြီးဌာန၏ လူကုန်ကူးမှုအစီရင်ခံစာတစ်ရပ်ကို ကြည့်မည်ဆိုပါက တရုတ်နိုင်ငံကို ထိခိုက်စေလိုသည့် သမ္မတဘိုင်ဒင်ဦးဆောင်သော အမေရိကန်အစိုးရ၏ “အန္တရာယ်ပြုမည့် လက္ခဏာရှိသော ရည်ရွယ်ချက်” ကို လှစ်ဟပြသနေကြောင်း အဆင့်မြင့်တရုတ်အရာရှိတစ်ဦးက ပြောဆိုလိုက်သည်။

ရှင်ကျန်းဒေသ၌ လူအမြောက်အမြားကို ထိန်းသိမ်းထားသည်ဆိုသည့် “ အခြေအမြစ် မရှိသည့်” စွပ်စွဲချက်များကို ပေကျင်းဘက်က ပယ်ချကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ၀မ် ၀မ်ဘင်းက ပြောခဲ့ပြီး ထိုစွပ်စွဲချက်များသည် “ အလိမ်အညာများနှင့် ကောလာဟလများကို အခြေခံထား” ကြောင်း ၎င်းက ပြောခဲ့သည်။

“ဒါဟာဆိုရင် တရုတ်ရဲ့ ပြည်တွင်းရေးကို ၀င်စွက်ဖက်ဖို့၊ တရုတ်ကို တိုက်ခိုက်ဖို့နဲ့ သားပုပ်လေလွင့် စွပ်စွဲဖို့အတွက် လူ့အခွင့်အရေးကို မူမမှန်တဲ့ အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုတဲ့ အမေရိကန်ရဲ့ အန္တရာယ်ပြုမယ့် လက္ခဏာရှိ ရည်ရွယ်ချက်ကို ဖော်ထုတ်ပြသနေရုံပဲ ရှိပါလိမ့်မယ်” ဟု မစ္စတာ ၀မ်က ဇူလိုင် ၂ ရက်တွင် ပြောခဲ့သည်။

ကွန်မြူနစ် တရုတ်အစိုးရသည် ကမ့်စခန်းပေါင်း ၁,၂၀၀ ခန့်တွင် ဝီဂါမွတ်ဆလင် တစ်သန်းကျော်ကို “အမြောက်အမြား စုပြုံပြီး အတင်းအကျပ် ထိန်းသိမ်းမှု” အပါအ၀င် အစိုးရကိုယ်တိုင် ခွင့်ပြုသည့် “အတင်းအကျပ် အဓမ္မ လုပ်သားခိုင်းစေမှု” တို့ကို ကျင့်သုံးလုပ်ဆောင်ထားခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်ကုန်က ထုတ်ပြန်ခဲ့သည့် တစ်နှစ်တစ်ကြိမ်ထုတ်ပြန်နေကျ အမေရိကန်၏ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာတစ်ရပ်တွင် ပြောထားသည်။

အမေရိကန်သမ္မတဟောင်း ထရမ့် အစိုးရ၏ နောက်ဆုံးတာ၀န်ယူသည့် နေ့ရက်များတွင်လည်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနသည် တရုတ်၏ ရှင်ကျန်းဒေသ၌ ၀ီဂါများအပါအ၀င် လူနည်းစုအုပ်စုများ ထိန်းသိမ်းခံရမှုကို လူမျိုးတုန်းသတ်မှုအဖြစ် တရား၀င် တံဆိပ်ကပ်ခဲ့သည်။

ရှင်ကျန်းဒေသ၌ ၀ီဂါများ၊ ကာဇက် မျိုးနွယ်စုများ၊ ကာဂျစ်မျိုးနွယ်စုများနှင့် အခြားသော မွတ်ဆလင် လူနည်းစုအုပ်စုများအပေါ် ဆိုးရွားသည့် ပြုမူဆက်ဆံမှုများ ရှိခဲ့ကြောင်းနှင့် ယင်းဖြစ်ရပ်တို့ကို အသက်ရှင်လွတ်မြောက်လာသူများ၊ ထိခိုက်ခံစားရသူများ၏ မိသားစုများ၊ သုတေသီများနှင့် နိုင်ငံတကာ advocacy groups များကနေတဆင့် မှတ်တမ်းတင်ထားခဲ့ကြောင်း အမေရိကန်၏ ယခုနောက်ဆုံး ထုတ်ပြန်လိုက်သည့် အစီရင်ခံစာထဲတွင် စွပ်စွဲထားခဲ့သည်။

ထို့ပြင် တရုတ်အာဏာပိုင်များသည် စောင့်ကြည့်ထောက်လှမ်းခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများကို အသုံးပြုလျက်ဖြင့် ပြည်ပတွင် နေထိုင်နေသော ဘာသာရေးနှင့် မျိုးနွယ်စု လူနည်းစုများကိုလည်း အတင်းအကျပ် မူလနိုင်ငံ ပြန်လာစေရေးနှင့် ထိန်းသိမ်းခြင်းတို့ကို လုပ်ဆောင်ရန် ကြိုးပမ်းထားခဲ့ကြောင်း ယင်းက ပြောသည်။

“ဒီလို ကမ့်စခန်းတွေမှာ ထိန်းသိမ်းတာက “သက်မွေးမှု သင်တန်းကျောင်း” တွေအဖြစ် မူမမှန်တဲ့ အကြောင်းပြချက်အောက်မှာ လူမျိုးစုနဲ့ ဘာသာရေး ကိုယ်ပိုင်လက္ခဏာတွေကို ဖျောက်ဖျက်ပစ်ဖို့ ရည်ရွယ်ပါတယ်၊ အတင်းအကျပ် လုပ်သားခိုင်းစေမှုကတော့ ဒီ ဖိနှိပ်မှုအတွက် အသုံးပြုတဲ့ အဓိကကျတဲ့ နည်းဗျူဟာတစ်ခုပါ” ဟု အစီရင်ခံစာတွင် ပြောထားသည်။

“အာဏာပိုင်တွေဟာ ထိန်းသိမ်းထားသူတွေကို ဆိုဒ်နေရာတွေရဲ့ ပြင်ပ စက်ရုံတွေ ဒါမှမဟုတ် အလုပ်နေရာတွေမှာ ဒါမှမဟုတ် အဲဒါတွေနဲ့ ကပ်လျက်မှာ အလုပ်လုပ်စေအောင် ဖိအားပေးဖို့အတွက် ကိုယ်ထိလက်ရောက် အကြမ်းဖက်မယ့် ခြိမ်းခြောက်မှုတွေ၊ အတင်းအကျပ် မူးယစ်ဆေးသုံးခိုင်းတာတွေ၊ ကိုယ်ထိလက်ရောက်နဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို အသုံးပြုနေပါတယ်”

“ရှင်ကျန်းမှာက အစိုးရဟာ လူကုန်ကူးသူပါပဲ” ဟုလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာတ၀န်း သုံးစွဲနေသည့် မရေမတွက်နိုင်သော ထုတ်ကုန်များ ထုတ်လုပ်မှုတွင် ရှင်ကျန်းဒေသနှင့် တရုတ်ပြည်မကြီးတစ်ခွင် အတင်းအကျပ် လုပ်သားခိုင်းစေမှုက မည်မျှပမာဏအထိ ဖြည့်ဆည်းပံ့ပိုးပေးနေကြောင်းနှင့်ပတ်သက်ပြီးလည်း ယင်းအစီရင်ခံစာက အသေးစိတ်ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly