ရုရှားထုတ် ကိုဗစ် ကာကွယ်ဆေး Sputnik ကို အိန္ဒိယအစိုးရဌာနများတွင် အခမဲ့ ထိုးပေးသွားမည်

ရုရှားထုတ် ကိုဗစ် ကာကွယ်ဆေး Sputnik ကို အိန္ဒိယအစိုးရဌာနများတွင် အခမဲ့ ထိုးပေးသွားမည်

အိန္ဒိယတွင် အစိုးရဌာနများအတွက် တတိယအကြိမ်မြောက် အခမဲ့အဖြစ် ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sputnik V ကို မကြာမီ ထိုးပေးသွာမည်ဟု ကိုဗစ်-၁၉ ထိန်းချုပ်ရေး ဗဟိုဌာန ဥက္ကဌ ဒေါက်တာ အင်န်အာရိုရာက ပြောကြားသည်။

“လက်ရှိအချိန်တွင် Sputnik V ကို ပုဂ္ဂလိက ကဏ္ဍအတွက်သာရရှိနိုင်ပါသေးတယ်။ရောက်ရှိလာတဲ့ အပေါ်မှာ မူတည်ပြီး အခမဲ့ ကာကွယ်ဆေးထိုးပေးရေး အစီအစဉ်ကို မကြာခင်မှ စတင်ချင်ပါတယ်” ဟု ၎င်းက ပြောသည်။

Sputnik V ကို အပူချိန် အနှုတ် ၁၈ ဒီဂရီ ဆဲလ်စီးယက်စ်တွင် သိမ်းဆည်းထားရန် လိုအပ်သည်။

Sputnik V ကာကွယ်ဆေးများအား ပိုလီယိုကာကွယ်ဆေးများ ထိန်းသိမ်း သိုလှောင်ရန် ထားသည့်နေရာများတွင် ထားရှိသွားခြင်းဖြင့် ကျေးလက်ဒေသများသို့ပါ ရောက်ရှိနိုင်မည်ဖြစ်သည်။

လက်တလောတွင် ပိုလီယိုကာကွယ်ဆေးများ ထိုးနေသောကြောင့် အချို့ဒေသများတွင် ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဉ် နှေးကွေးနိုင်သည်ဟုလည်း အာရိုရာက ပြောသည်။

“ကိုဗစ် ကာကွယ်ဆေး အစီအစဉ်ကို လာမယ့် သီတင်းပတ်များအတွင်း စတင်နိုင်ဖွယ်ရှိပါတယ်” ဟုလည်း ၎င်းက ပြောသည်။

နို်ငငံတွင်း ကိုဗစ်ကာကွယ်ဆေး အလုံးပေါင်း ၃၄ ကုဋေအထိ ထိုးထားပြီးဖြစ်ကာ နောက်ထပ် ၁၂ မှ ၁၆ ကုဋေအထိကို အစီအစဉ်အတိုင်း ဇူလိုင်လကုန်တွင် ထိုးနိုင်လိမ့်မည်ဟုလည်း အာရိုရာက ပြောသည်။

ကိုဗစ်-၁၉ ထိန်းချုပ်ရေး ဗဟိုဌာနက ဇူလိုင်လကုန်တွင် ကိုဗစ်ကာကွယ်ဆေး အလုံး ကုဋေ ၅၀ နီးပါးကို ဦးစားပေး အုပ်စုများအတွက် ထိုးနိုင်လိမ့်မည်ဟု ဇန်နဝါရီလက ထုတ်ပြန်ခဲ့သည်။

Covishield နှင့် Covaxin ကာကွယ်ဆေးများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ထိုးပေးနေသေးကြောင်း ၎င်းက ပြောသည်။ “ဒီကာကွယ်ဆေး ၂ မျိုး အများအပြားထုတ်နေသလို Sputnik V နဲ့ ဆက်လက်ထွက်ရှိလာမယ့် Moderna နဲ့ Zydus Cadila ကုမ္ပဏီက ကာကွယ်ဆေးသစ်တွေကိုအသုံးပြုပြီး တစ်နေ့ကို အလုံး သိန်း ၅၀ ကနေ ၈၀ အထိထို့ပြီး လာမယ့်အပတ်တွေမှာ ၁ ကုဋေအထိ ထိုးပေးသွားမယ်” ဟု ၎င်းက ပြောသည်။

အိန္ဒိယနိုင်ငံတွင် ယခုနှစ်အကုန်၌ အသက် ၁၈ နှစ်နှင့် အထက် လူပေါင်း ၉၃ ကုဋေနီးပါးကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးရန် ရည်မှန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly