ဂျပန်ရောက် မြန်မာများကို ကူညီရေးဆိုင်ရာ ဆွေး‌နွေးပွဲဖိုရမ် တိုကျိုတက္ကသိုလ်က ကျင်းပမည်

ဂျပန်ရောက် မြန်မာများကို ကူညီရေးဆိုင်ရာ ဆွေး‌နွေးပွဲဖိုရမ် တိုကျိုတက္ကသိုလ်က ကျင်းပမည်

ဇူလိုင် ၈

ဖေဖေါ်၀ါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုအပေါ် အာဏာသိမ်းစစ်အုပ်စုဘက်မှ ဖြိုခွင်းနှိမ်နင်းမှုများ ဆက်လက်ဖြစ်ပေါ်နေစဥ် ဂျပန်နိုင်ငံ၌ နေထိုင်လျက်ရှိသော မြန်မာများကို အကူအညီပေးနိုင်မည့် နည်းလမ်းများနှင့်ပတ်သက်ပြီး ဆွေးနွေးမည့် အွန်လိုင်းဆွေးနွေးပွဲဖိုရမ်တစ်ခုကို တိုကျိုတက္ကသိုလ်က ဇူလိုင် ၁၀ ရက်တွင် ဦးစီးကျင်းပပြုလုပ်ပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကြောင့် မိခင်နိုင်ငံသို့ ပြန်လာနိုင်ခြင်း မရှိဘဲဖြစ်နေသည့် မြန်မာများကို ကျောင်းသားများ၊ တက္ကသိုလ်ဆရာများ သို့မဟုတ် သုတေသီများအဖြစ် လက်ခံပေးနိုင်ရေးအတွက် ဂျပန်တက္ကသိုလ်များနှင့် အခြားသော ပညာ‌ရေးအဖွဲ့အစည်းများထံ ဖိုရမ်တွင် အဆိုပြုသွားမည်ဖြစ်ကြောင်း စီစဥ်သူများထံမှ သိရသည်။ ထိုကဲ့သို့ လက်ခံခြင်းအားဖြင့် မြန်မာများအနေဖြင့် ဂျပန်နိုင်ငံတွင် ကာလကြာရှည် ဆက်လက်နေထိုင်သွားနိုင်မည်ဖြစ်သည်။

အဆိုပါ အွန်လိုင်းဖိုရမ်တွင် မြန်မာ၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်က အဓိကမိန့်ခွန်းတစ်ရပ် ပြောကြားရန် စီစဥ်ထားကြောင်းလည်း စီစဥ်သူများက ပြောသည်။

ဖေဖေါ်၀ါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မငြိမ်မသက်မှုများကြောင့် ဂျပန်ရောက် မြန်မာများကို ယင်းနိုင်ငံတွင် နေထိုင်၊ အလုပ်လုပ်မှုကို ဆက်လက်တိုးချဲ့နိုင်ခွင့်ရစေမည့် အရေးပေါ် အစီအမံတစ်ရပ်ကို တိုကျိုအာဏာပိုင်တို့ တင်သွင်းခဲ့ပြီးနောက် ယခု အွန်လိုင်းဖိုရမ် အစီအစဥ် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

သက်တမ်းတိုး ကာလသည် ခြောက်လဖြစ်သော်လည်း ကော်လံပြာ နိုင်ငံခြားလုပ်သားများအတွက် အလုပ်အကိုင်ခန့်အပ်မှု အခွင့်အလမ်းများ ချဲ့ထွင်နိုင်ရန် ၂၀၁၉ ဧပြီလက ထူထောင်ခဲ့သည့် “အထူးကျွမ်းကျင်လုပ်သားများ” သတ်မှတ်မှု ရရှိရန် ရည်မှန်းထားသူများအတွက် သက်တမ်းတိုးကာလသည် တစ်နှစ်ဖြစ်သည်။

သို့ရာတွင် မြန်မာတွင် ၀ရုန်းသုန်းကား အခြေအနေများ ဖြစ်ပေါ်ပြီးနောက် မဝေးသော ရှေ့ကာလတွင် ပြေလည်စေမည့် ဖြေရှင်းချက်တစ်ခု ရနိုင်မည့် လက္ခဏာနည်းပါးနေခြင်းနှင့်အတူ မြန်မာများကို ဂျပန်တွင် ဒုက္ခသည်များ သို့မဟုတ် ကာလရှည် နေထိုင်သူများအဖြစ် အခြေချနေထိုင်နိုင်ခွင့် ရရှိစေရေး တောင်းဆိုမှုများ ကြီးထွားထားခဲ့သည်။

ဂျပန် လူ၀င်မှုကြီးကြပ်ရေး အေဂျင်စီ၏ ထုတ်ပြန်ချက်အရ ယမန်နှစ်ကုန်ပိုင်းအထိ ဂျပန်နိုင်ငံတွင် နေထိုင်နေသော မြန်မာဦးရေ ၃၅,၀၀၀ ခန့် ရှိနေခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly