လော့ဒေါင်းဒုက္ခအောက်မှာ မလေးရှားပြည်သူတွေ နေအိမ်တွေရှေ့ အလံဖြူထောင်ပြီး အကူအညီ တောင်းခံ 

လော့ဒေါင်းဒုက္ခအောက်မှာ မလေးရှားပြည်သူတွေ နေအိမ်တွေရှေ့ အလံဖြူထောင်ပြီး အကူအညီ တောင်းခံ 
Photo - AFP

ဇူလိုင် ၇

ဆိုးဝါးတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားတဲ့ကာလအတွင်း ဒုက္ခရောက်ကာ ရုန်းကန်နေရတဲ့ မလေးရှားပြည်သူတွေဟာ အကူအညီ ရလိုရငြား မေတ္တာရပ်ခံ တောင်းခံတဲ့အနေနဲ့ နေအိမ်တွေရှေ့ အလံဖြူထောင်ကြတာဟာ တစ်နိုင်ငံလုံးအနှံ့မှာ ဖြစ်ပွားပေါ်ပေါက်လာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ 

ကိုဗစ်ဖြစ်ပွားမှု မြင့်တက်တာကို တုံ့ပြန်ရေးအတွက် အာဏာပိုင်တွေဟာ ဒုတိယမြောက် တင်းကြပ်တဲ့ လော့ဒေါင်းကို ပြီးခဲ့တဲ့လက စတင်ချမှတ်ပြဋ္ဌာန်းခဲ့တဲ့နောက် မရှိမဖြစ် လုပ်ငန်းတွေကလွဲလို့ အားလုံးကို ပိတ်ပင်ထားတာကြောင့် လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဝင်ငွေနည်း အလုပ်သမားတွေ အများအပြား အလုပ်အကိုင် ဆုံးရှုံးကြရပါတယ်။ 

ဒီလို ကာလဆိုးကြီးမှာ ဒုက္ခရောက်နေရသူတွေဟာ ကူညီစာနာမှု လိုအပ်နေပါကြောင်းကို နေအိမ်တွေရှေ့ ချည်သားစဖြစ်ဖြစ်၊ တီရှပ်ပဲ ဖြစ်ဖြစ် အဖြူရောင်အလံတွေ လွှင့်ထူထားပြီး အကူအညီ တောင်းခံလာတာတွေကြောင့် အများပြည်သူတွေက ကရုဏသက်ကြပြီး လှူဒါန်းမှုတွေ အများအပြား ရှိလာပါတော့တယ်။ 

“ဒီလမှာ ကျွန်မ အိမ်ငှားခ ပေးစရာ မရှိဘူး၊ ခုလို ဘေးကျပ်နံကျပ် အခြေအနေမှာ နေစရာအတွက် အခြားနေရာလည်း ရှာနိုင်ပါ့မလားဆိုတာ ကျွန်မ ပူပန်နေရတယ်”လို့ ကလေး လေးဦးရဲ့ တစ်ကိုယ်ရည်မိခင် တေဒါကာလိုင်ဗာနီက ပြောပါတယ်။ 

ပန်းသည်အဖြစ် စားဝတ်နေရေး ဖြေရှင်းနေရတဲ့ အသက် ၃၇ နှစ်ရှိ တေဒါဟာ အရေးမကြီးတဲ့ လုပ်ငန်းကိုင်ငန်းတွေ ပိတ်ခိုင်းခံရတဲ့နောက်မှာ ပန်းမရောင်းတော့ဖို့ အတင်းအကျပ် တားမြစ်ခံရတာ ဖြစ်ပါတယ်။ မတတ်နိုင်တော့တဲ့အဆုံး အကူအညီအတွက် မြို့တော် ကွာလာလမ်ပူ ဆင်ခြေဖုံးက သူ့ အိမ်အပြင်ဖက်မှာ အလံဖြူ စထောင်ရတော့ သူအတွက် ပထမမှာ ရှက်မိကြောင်း ပြောပါတယ်။ 

“ဒါပေမဲ့ အခက်အခဲဒုက္ခကို ခါးစည်းခံနေရတာကြောင့် ကြိတ်မှိတ်မပြောဘဲနေမယ်ဆို လူတွေက သိမှာ မဟုတ်ဘူးလေ၊ ပြီးတော့ ဘာတွေ ဖြစ်လာဦးမလဲ ကျွန်မ မသိနိုင်ဘူးမို့လား”လို့ တေဒါက ဆိုပါတယ်။ 

မလေးရှားဘာသာအရ အလံဖြူလို့ အဓိပ္ပာရတဲ့ #benderaputih လှုပ်ရှားမှုဟာ အွန်လိုင်းမှာ တစ်ဟုန်ထိုး ပြန့်သွားခဲ့ပြီး လူမှုမီဒီယာအုပ်စုတွေဟာ အကူအညီအတွက် တောင်းခံတဲ့ ပို့စ်တွေကို အများသိအောင် တင်လာကြပါတယ်။ 

ဒုက္ခသောက ဝေနေတဲ့ အိမ်ထောင်စုတွေဆီ ပြည်သူတွေဟာ စားနပ်ရိက္ခာတွေ လာရောက်ပေးကမ်းကြပြီး စီးပွားရေးလုပ်ငန်းတွေဟာလည်း အလှူအတန်းတွေ ပြုလုပ်လာကြပါတယ်။ ခေါက်ဆွဲ ဖြန့်ချိတဲ့ လုပ်ငန်းရှင်တစ်ဦးကတော့ ကွာလာလမ်ပူမြို့ပြင်က အဆိုးဆုံးကြုံတွေ့နေရာ ဆီလန်ဂေါအရပ်ဆီ သူ့ အလုပ်သမားတွေနဲ့ စားနပ်ရိက္ခာတွေကို အရောက်ပေးပို့ လှူဒါန်းခဲ့ပါတယ်။ 

နာမည်ကြီး မလေးရှားရပ်အဆိုတော် အဲလ်တီမတ်ကလည်း ဖလိုဝါ လေးသိန်းနီးပါးရှိတဲ့ သူ့ အင်စတာဂရမ်ကနေ စားနပ်ရိက္ခာ လှူဒါန်းမယ်လို့ အာမခံပြု ရေးသားခဲ့ပါတယ်။ 

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့လကစလို့ စူပါမားကတ်တွေနဲ့ ဆေးခန်းတွေလို မရှိမဖြစ် လုပ်ငန်းတွေကိုပဲ ဖွင့်လှစ်ခွင့်ပေးထားတာ ဖြစ်ပြီး အစိုးရအနေနဲ့ ပြည့်စုံလုံလောက်တဲ့ အကူအညီတွေ မပေးနိုင်တာကြောင့် ပြည်သူတွေက ဝေဖန်အပြစ်ဆိုလျက် ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly