မြန်မာနိုင်ငံရှိ လက်ရှိအခြေအနေများကြောင့် ပြည်တွင်းစစ်ဖြစ်လာနိုင်ပြီး ဒေသလုံခြုံရေးကို ခြိမ်းခြောက်နေဟု ကုလ သတိပေး

မြန်မာနိုင်ငံရှိ လက်ရှိအခြေအနေများကြောင့် ပြည်တွင်းစစ်ဖြစ်လာနိုင်ပြီး ဒေသလုံခြုံရေးကို ခြိမ်းခြောက်နေဟု ကုလ သတိပေး

ဇူလိုင် ၇

ဖေဖေါ်၀ါရီလ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ အလွန်စိုးရိမ်ပူပန်ဖွယ်ကောင်းသော အခြေအနေက နိုင်ငံကို ဖြစ်နိုင်ခြေရှိ ပြည်တွင်းစစ်တစ်ခုဆီ ဦးတည်စေရန် တွန်းပို့နေသလို ဒေသဆိုင်ရာ လုံခြုံရေးအပေါ်တွင်လည်း ထိခိုက်လာစေနိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက ဇူလိုင် ၆ ရက်တွင် သတိပေးခဲ့သည်။

ပြီးခဲ့သည့်လများအတွင်း မြန်မာနိုင်ငံသည် နိုင်ငံရေးအကျပ်အတည်းတစ်ခုကနေ ဘက်ပေါင်းစုံ လူ့အခွင့်အရေးကပ်ဘေးတစ်ခုအဖြစ် ပြောင်းလဲဖြစ်ပေါ်ထားခဲ့ကြောင်း ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီချဲလ် ဘက်ချ်လက်က ကုလ လူ့အခွင့်အ‌ရေးကောင်စီ အစည်းအဝေးတွင် ပြောခဲ့သည်။

“နိုင်ငံတ၀န်း ထိခိုက်ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေ၊ အကြမ်းဖက်မှုတွေက ရေရှည်ဖွံ့ဖြိုးမှုအတွက် အလားအလာတွေကို မွှေနှောက်ဖျက်ဆီးနေသလို ကျရှုံးနိုင်ငံ ဒါမှမဟုတ် ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်တစ်ခု ဖြစ်နိုင်ခြေ အလားအလာကိုလည်း မြင့်တက်ထားစေခဲ့ပါတယ်” ဟု သူမက ပြောသည်။

ထို့ပြင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ အခြေအနေများက ကြီးမားလှသည့် မလုံမခြုံမှုတစ်ခုအတွက် ရှင်းလင်းသည့် အလားအလာတစ်ခုကို ဖြစ်ပေါ်စေလျက် ရှိသလို ကျယ်ပြန့်သော ဒေသအပေါ်တွင်လည်း ဆိုးကျိုးသက်ရောက်နိုင်သည့် အခြေအနေရှိနေကြောင်း ၎င်းက သတိပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက်က ရွေးကောက်ခံအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းပြီး စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတ၀န်း အာဏာသိမ်းမှု ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများနှင့် စစ်တပ်၏ လူမဆန်ရက်စက်သည့် တုံ့ပြန်ဖြိုခွင်းမှုများကို မြင်တွေ့ထားခဲ့ရသည်။

“အခြေအနေတွေဟာဆိုရင် မြန်မာစစ်တပ် အာဏာသိမ်းမှုကနေ စခဲ့ရာကနေ အဲဒီနောက်ပိုင်းမှာ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေအဖြစ် အလျင်အမြန်ပဲ ပြောင်းလဲဖြစ်ပေါ်ခဲ့ပါတယ်၊ စစ်တပ်ဟာ တိုက်ခိုက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ တိုးလုပ်နေခဲ့ပါတယ်” ဟု ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောခဲ့သည်။

အာဏာသိမ်းပြီးနောက် လူ ၉၀၀ နီးပါး သေဆုံးခဲ့သလို လူပေါင်း နှစ်သိန်းခန့်လည်း အိုးအိမ်စွန့်ခွာထွက်ပြေးထားခဲ့ကြရကြောင်း သူမက ပြောသည်။

တစ်ချိန်တည်းမှာပင် ဂျာနယ်လစ်အယောက် ၉၀ ကျော်အပါအ၀င် လူပေါင်း ၅,၂၀၀ ဦးထက်မနည်း တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းခဲ့ထားရပြီး အဓိကကျသည့် သတင်းမီဒီယာလုပ်ငန်း ရှစ်ခုလည်း အတင်းအကျပ် ပိတ်သိမ်းခံခဲ့ရသည်။

“အတင်းအကျပ် ပျောက်ကွယ်သွားစေမှု၊ လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှုနှင့် ဖမ်းဆီးထားစဥ် နှိပ်စက်ညှင်ပန်းမှုကြောင့် သေဆုံးမှု” တို့နှင့်ပတ်သက်သည့် သတင်းများလည်း ရှိနေသည်ဟုလည်း ဘက်ချ်လက်က ပြောဆိုသွားခဲ့သည်။ ထို့ပြင် အာဏာသိမ်းစစ်အုပ်စုဘက်က ၎င်းတို့ ဖမ်းဆီးလိုသူ၏ ဆွေမျိုးများ၊ ယုတ်စွအဆုံး ကလေးများကိုပါ မချန် ဖမ်းဆီးနေမှုများနှင့်ပတ်သက်၍လည်း သူမက သတိပေးသွားခဲ့သည်။

“စိတ်ပျက်လက်ပျက်ဖြစ်မှု‌တွေက မြင့်တက်နေပါပြီ” ဟု သူမက သတိပေးခဲ့ပြီး နိုင်ငံတ၀န်း ပြည်သူများသည် ရရာလက်နက်စွဲကိုင်တော်လှန်နေကြသလို ဒေသကာကွယ်‌ရေးအဖွဲ့များလည်း ဖွဲ့ထားခဲ့ကြကြောင်း သူမက ပြောသည်။

“ဒီ အသစ် ဖွဲ့တဲ့ အဖွဲ့တွေက နေရာဒေသအချို့မှာ တိုက်ခိုက်မှုတွေ လုပ်ထားခဲ့ကြသလို အာဏာသိမ်းစစ်တပ်ဘက်ကလည်း အင်အားအချိုးအစား မမျှမတ သုံးပြီး တုံ့ပြန်ထားခဲ့ကြောင်း ၎င်းက ပြောသည်။

“ဒီအခြေအနေတွေက အရပ်သားပြည်သူတွေအတွက် ကြောက်မက်ဖွယ် အကျိုးဆက်များ ဖြစ်လာနိုင်မယ့် အပေါ် အင်မတန် စိုးရိမ်မိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

“လက်နက်ကိုင်ဆောင်သူများအားလုံး” အနေဖြင့် အရပ်သားပြည်သူများကို အလေးထားပြီး ကာကွယ်ရန်နှင့် ကျန်းမာရေး စင်တာများ၊ စာသင်ကျောင်းများကဲ့သို့ အရပ်ဘက် အဆောက်အအုံများကို အလေးထားရန် ချီလီသမ္မတဟောင်း ဖြစ်သည့် ဘက်ချ်လက်က တောင်းဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly