အင်ဂျင်ချွတ်ယွင်း၍ ဘိုးရင်းကုန်တင်လေယာဉ် ဟာဝိုင်ယီရေပြင်ဆီ အရေးပေါ် ဆင်းသက် 

အင်ဂျင်ချွတ်ယွင်း၍ ဘိုးရင်းကုန်တင်လေယာဉ် ဟာဝိုင်ယီရေပြင်ဆီ အရေးပေါ် ဆင်းသက် 
Photo - AFP

ဇူလိုင် ၃

ဘိုးရင်း ၇၃၇ ကုန်တင်လေယာဉ်ရဲ့ လေယာဉ်မှူး နှစ်ဦးဟာ အင်ဂျင်ချွတ်ယွင်းမှုဖြစ်တယ်လို့ အကြောင်းကြားပြီးနောက် သောကြာနေ့ နံနက်အစောပိုင်းမှာ ဟာဝိုင်ယီရေပြင်ဆီ အရေးပေါ် ဆင်းသက်လိုက်ရကြောင်း ဗဟိုလေကြောင်း စီမံရေးရုံး FAA က ပြောပါတယ်။ 

အဲဒီ လေယာဉ်မှူးနှစ်ဦးမှာ တစ်ဦးက သေရေးရှင်ရေး စိုးရိမ်ရပြီး ကျန်တစ်ဦးကလည်း အခြေအနေ ပြင်းထန်တယ်လို့ ဌာနေမီဒီယာတွေက ဖော်ပြပါတယ်။ 

Transair Flight 810 လေယာဉ်ဟာ ဟာဝိုင်ယီပြည်နယ်ရဲ့ ဟိုနိုလူလူမြို့တော်ကနေ မော်ဝီကျွန်းရဲ့ အဓိကလေဆိပ် ကာလူလွီဆီ ပျံသန်းခဲ့တာလို့ လေကြောင်းပျံသန်းမှု စောင့်ကြည့်ရေး FlightAware ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

လေယာဉ်ဟာ ဟိုနိုလူလူဆီ လှည့်ပျံလာဖို့ ကြိုးစားချိန် ဒေသစံတော်ချိန် နံနက် ၁ နာရီခွဲလောက်မှာ ရေပြင်ပေါ် အရေးပေါ်ဆင်းသက်ခဲ့ရတာ ဖြစ်တယ်လို့ FAA ပြောခွင့်ရသူက ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ 

ကနဦး စုံစမ်းချက်အရ အမေရိကန်ကမ်းခြေစောင့်တပ်ဟာ လေယာဉ်မှူးနှစ်ဦးစလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ FAA နဲ့ အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းမှုဆိုင်ရာ ဘုတ်အဖွဲ့တို့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

လေယာဉ်မှူးတစ်ဦဂကို ကမ်းခြေစောင့်တပ် ရဟတ်ယာဉ်နဲ့ ကယ်ဆယ်ခဲ့ပြီး ကျန်တစ်ဦးကိုတော့ မီးသတ်ဌာန ရဟတ်ယာဉ်နဲ့ ရှာဖွေကယ်ဆယ်နိုင်ခဲ့တာလို့ ကမ်းခြေစောင့်တပ် ပြောခွင့်ရသူတစ်ဦးက CNN သတင်းဌာနကို ပြောပါတယ်။ 

လေယာဉ်အရေးပေါ်  ဆင်းသက်ခဲ့ရာ ရေပြင်ဆီ ကမ်းခြေစောင့်တပ် ရေယာဉ်တစ်စင်း စေလွှတ်ထားပါတယ်။ လေယာဉ်မှူးနှစ်ဦးစလုံးကို ကုသပေးဖို့အတွက် ဟိုနိုလူလူ ဆေးရုံတစ်ရုံဆီ ပို့ဆောင်ထားတယ်လို့ ပြောခွင့်ရသူက ဆိုပါတယ်။ 

အသက် ၅၈ နှစ် လေယာဉ်မှူးကို အသက်ဘေး စိုးရိမ်ရတာကြောင့် အထူးကြပ်မတ်ဆောင်မှာ တင်ထားပြီး အသက် ၅၀ ရှိ ဒုတိယလေယာဉ်မှူးဟာ ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ ပွန်းပဲ့ထိရှဒဏ်ရာတွေနဲ့ စိုးရိမ်ဖွယ် အခြေအနေရှိတယ်လို့ Hawaii News Now သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

အခု ကုန်တင်လေယာဉ်ဟာ 737 Classic အမျိုးအစား ဖြစ်ပုံရပြီး သက်တမ်း ၃၃ အနည်းဆုံး ရှိလိမ့်မယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ သတင်းရင်းမြစ်တစ်ရပ်က အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။ 

ဘိုးရင်းကုမ္ပဏီက ပြောခွင့်ရသူကတော့ “ဟိုနိုလူလူက သတင်းတွေကို ကုမ္ပဏီအနေနဲ့ သိရှိပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်”လို့ ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required