စစ်ကောင်စီခန့် ဝန်ကြီး ၄ ဦးအပါအဝင် လူပုဂ္ဂိုလ် ၂၂ ဦးနှင့် ကုမ္ပဏီများအား အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ် 

စစ်ကောင်စီခန့် ဝန်ကြီး ၄ ဦးအပါအဝင် လူပုဂ္ဂိုလ် ၂၂ ဦးနှင့် ကုမ္ပဏီများအား အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ် 

ဇူလိုင် ၃

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီး ဒီမိုကရေစီတောင်းဆိုသော လှုပ်ရှားမှုများကို ဖြိုခွင်းတိုက်ခိုက်ခြင်းများအား တုံ့ပြန်ကာ အမေရိကန်နိုင်ငံသည် စစ်ကောင်စီခန့် ဝန်ကြီး လေးဦးအပါအဝင် လူပုဂ္ဂိုလ် ၂၂ ဦးအား ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်သည်။ 

ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်ချမှတ်မှု နှစ်ရပ်နှင့် ပတ်သက်ကာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနတို့၏ သောကြာနေ့က ကြေညာချက်တွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရအား ဖေဖော်ဝါရီလအတွင်းက ဖြုတ်ချခဲ့ခြင်းကို အမေရိကန်အနေဖြင့် ဆက်လက်တုံ့ပြန်သွားမည့် အစိတ်အပိုင်းတစ်ရပ်အဖြစ် ယခု အပြစ်ပေးဒဏ်ခတ်မှုများ ချမှတ်ခြင်းဖြစ်သည်ဟု ဆိုထားသည်။ 

မြန်မာစစ်အာဏာသိမ်းအုပ်စုက ကျူးလွန်သော အကြမ်းဖက် ရက်စက်မှုများအား တုံ့ပြန်ခြင်းအဖြစ် ယခု ဒဏ်ခတ်ပိတ်ဆို့သစ်များ ချမှတ်ခြင်းဖြစ်ကာ စစ်အာဏာသိမ်းမှုနှင့် ပတ်သက်သူများအားလည်း ဆက်လက်အရေးယူ ဒဏ်ခတ်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တစ်ရပ်၌ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကန်က ပြောသည်။ 

ယခု ဒဏ်ခတ်ပိတ်ဆို့မှုများမှာ မြန်မာပြည်သူများကို ပစ်မှတ်မထားသော်လည်း မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်အဆန် ပြန်လည်ရောက်ရှိစေရေးအတွက် စစ်တပ်အား ဖိအားပေးသွားရန် ရည်ရွယ်ကြောင်း ဘလင့်ကန်က ပြောသည်။ 

စစ်ကောင်စီက ခန့်အပ်သော ပြန်ကြားရေးဝန်ကြီး ဦးချစ်နိုင်၊ ရင်းနှီးမြုပ်နှံရေးဝန်ကြီး ဦးအောင်နိုင်ဦး၊ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ခိုင်နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင်တို့အား ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ခြင်း ဖြစ်သည်။ 

ထိုပြင် စစ်အာဏာသိမ်းမှုကြောင့် အမေရိကန်က ဖေဖော်ဝါရီ၊ မတ်လနှင့် မေလအတွင်းက အပြစ်ပေးအရေးယူမှုများ ချမှတ်ခဲ့သည်ကို ထပ်တိုးခြင်းအဖြစ် အာဏာရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် သုံးဦးနှင့် အိမ်ထောင်ဖက်နှင့် အရွယ်ရောက် သားသမီး ၁၅ ဦးကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သည်။ 

ယခု ဒဏ်ခတ်ပိတ်ဆို့မှုများအရ ချမှတ်ခံရသည့် လူပုဂ္ဂိုလ်များ အမည်ဖြင့် အမေရိကန်နိုင်ငံတွင်းက ပိုင်ဆိုင်မှုအားလုံးကို ချိတ်ပိတ်ခံရမည်ဖြစ်သကဲ့သို့ အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်က ပြည်သူများအနေဖြင့် ထို ပုဂ္ဂိုလ်များနှင့် အကျိုးစီးပွား ဆက်ဆံမှုများ မပြုရန် တားမြစ်ထားသည်။ 

ယခု လုပ်ဆောင်ချက်မှာ အမေရိကန်သည် မြန်မာစစ်တပ်အား တိုးမြှင့်အရေးယူမှုများ ဆက်လက်၍ ပိတ်ဆို့ချမှတ်သွားမည်ကို ဖော်ပြခြင်းပဲ ဖြစ်ကာ စစ်အာဏာသိမ်းမှုနှင့် ဖြစ်ပွားဆဲ အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများအား ဖိအားပေး တာဝန်ခံစေခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ပပိုင်ဆိုင်မှုအာမခံထိန်းချုပ်ရေးရုံး၏ ညွှန်ကြားရေးမှူး အန်ဒရီယာဂျက်ကီက ပြောသည်။ 

အာဏာသိမ်းမှုဖြစ်ပြီးချိန်မှစကာ အမေရိကန်နှင့် အခြားသော အနောက်နိုင်ငံများသည် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ လူပုဂ္ဂိုလ်များအား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီးလည်း ဖြစ်သည်။ 

တစ်ချိန်တည်းမှာပင် အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနကလည်း စီးပွားရေးလုပ်ငန်းစု လေးခုကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်သည်။ မြန်မာစစ်တပ်အတွက် ဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနေသော King Royal Technologies Co., နှင့် စစ်တပ်အတွက် ရန်ပုံငွေ ဖြည့်ဆည်းပေးနေသော ကုမ္ပဏီတစ်ရပ်နှင့် ဘဏ္ဍာဝင်ငွေ ခွဲဝေမှု သဘေတူညီချက်များဖြင့် လုပ်ကိုင်နေသော Wanbo Mining နှင့် ၎င်း၏ လုပ်ငန်းခွဲ နှစ်ရပ်တို့ကိုပါ ဒဏ်ခတ်ပိတ်ဆို့ခြင်း ဖြစ်သည်။ 

ယခု အမေရိကန်၏ အရေးယူမှုသစ်သည် ကုလသမဂ္ဂ ထုတ်ပြန်သော လုံခြုံရေးတပ်များ၏ အသတ်ခံရသည့် လက်နက်မဲ့ ပြည်သူ စာရင်းသစ်ကို မြန်မာစစ်အုပ်စုက ငြင်းပယ်ခဲ့ပြီးချိန်မှာပဲ ဖြစ်သည်။ မြန်မာနိုင်ငံတွင်းက သတင်းများအရ လုံခြုံရေးတပ်များ၏ အသတ်ခံရသည့် လက်နက်မဲ့ ပြည်သူ ၈၈၃ ဦး အနည်းဆုံးရှိပြီး ယင်းတို့အနက် အနည်းဆုံး လူ ၄၀ မှာ ဖမ်းဆီးချုပ်နှောင်ခံရချိန် သေဆုံးရခြင်းဟု ယူဆရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly