တရုတ်၏ ရှင်ကျန်းဒေသထွက် ဆိုလာထုတ်ကုန်များအပေါ် အမေရိကန်၏ ပိတ်ပင်မှုက ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်များအပေါ် ဖိအားများ ကျရောက်စေ

တရုတ်၏ ရှင်ကျန်းဒေသထွက် ဆိုလာထုတ်ကုန်များအပေါ် အမေရိကန်၏ ပိတ်ပင်မှုက ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်များအပေါ် ဖိအားများ ကျရောက်စေ

လူ့အခွင့်အရေးချိုးဖောက်မှုများရှိသည်ဆိုသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး တရုတ် ရှင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်ကုမ္ပဏီတစ်ခုမှ ထုတ်ကုန်များအပေါ် သမ္မတ ဂျိူးဘိုင်ဒင် ဦးဆောင်သည့် အမေရိကန်အစိုးရက ပိတ်ပင်ချက် ချမှတ်ခဲ့ခြင်းက ဆိုလာဆိုင်ရာ ထောက်ပံ့ဖြည့်ဆည်းကွင်းဆက် (supply chain) များအပေါ် ခက်ခဲရှုပ်ထွေးမှုများ ဖြစ်စေနိုင်ဖွယ် ရှိနေသလို ထိုဒေသနှင့် ထိတွေ့မှု ဖြတ်တောက်ရန် ကြိုးပမ်းနေသည့် အမေရိကန်ကုမ္ပဏီများအတွက် စိန်ခေါ်မှုသစ်များကို ဖြစ်ပေါ်စေဖွယ် ရှိနေသည်။

ရှင်ကျန်းအခြေစိုက် Hoshine Silicon Industry မှ ကုန်ကြမ်းပစ္စည်းများ ပါ၀င်သော ဆီလီကာ အခြေပြု ထုတ်ကုန်များအပေါ် ပိတ်ပင်ချက်တစ်ရပ်ကို ပြီးခဲ့သည့်အပတ်က အမေရိကန်က ကြေညာခဲ့သည်။ ထို့ပြင် အမေရိကန်သည် ယင်း၏ ကုန်သွယ်မှု အမည်ပျက်စာရင်းထဲတွင် Hoshine ၊ Xinjiang Daqo New Energy ၊ Xinjiang East Hope Nonferrous Metals ၊ Xinjiang GCL New Energy Material Technology နှင့် Xinjiang Production and Construction Corps တို့ကို ထည့်သွင်းပြီး ပြင်ဆင်ထုတ်ပြန်ခဲ့သည်။

“ယင်း၏ သလင်းကျောက် ပေးသွင်းသူလုပ်ငန်းကနေတဆင့် အဓမ္မလုပ်သားခိုင်းစေမှုနှင့် သိသာထင်ရှားစွာ ထိတွေ့ပတ်သက်မှု ရှိထားသည်” ဟု ယခုနှစ်အစောပိုင်း အစီရင်ခံစာတစ်ရပ်တွင် ဖော်ထုတ်ခံထားရသည့် Hoshine အပေါ် အရေးယူခြင်းက နိုင်ငံတကာ ဆိုလာ ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်အပေါ် သိသာထင်ရှားသည့် အကျိုးဆက် သက်ရောက်မှုများ ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သလို သန့်ရှင်းသော စွမ်းအင်အတွက် demand စတင်အားကောင်းလာချိန် လုပ်ငန်း တိုးတက်မှုကို နှေးကွေးစေနိုင်ဖွယ် ရှိကြောင်း အကဲခတ်များက ပြောသည်။

“၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာတ၀န်း ဆိုလာ အမျိုးအစား ပိုလီဆီလီကွန် ထုတ်လုပ်မှုပမာဏရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်ထားခဲ့တဲ့ ထိပ်တန်း ပိုလီဆီလီကွန် ထုတ်လုပ်မှုလုပ်ငန်း ရှစ်ခုဟာ သူ့

ဖောက်သည်တွေဖြစ်ပါတယ်ဆိုပြီး ဟိုရှိုင်းက ထုတ်ဖော်ထားပါတယ်” ဟု ဆိုလာထောက်ပံ့ဖြည့်ဆည်းကွင်းဆက်ကို လေ့လာနေသူဖြစ်သလို ပိုလီဆီလီကွန် စျေးကွက်နှင့်ပတ်သက်ပြီး နှစ်စဥ် အစီရင်ခံစာများ ထုတ်နေသည့် သုတေသန အကဲခတ်တစ်ဦးဖြစ်သည့် ဂျိုဟန်နက်စ် ဘန်ရွတ်တာက ပြောသည်။

“ဒါက ပိုလီဆီလီကွန် ထုတ်လုပ်သူတွေကို ဟိုရှိုင်းနဲ့ အဆက်အသွယ် ဖြတ်စေဖို့ ဖိအားတွေ တိုးမြင့် ဖြစ်ပေါ်စေပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ကမ္ဘာလုံးဆိုင်ရာ ဆိုလာလုပ်ငန်းသည် ယင်း၏ ပိုလီဆီလီကွန် (နေရောင်ကနေ စွမ်းအင်သို့ ပြောင်းလဲတဲ့ photovoltaic ဆဲလ်ဆိုင်ရာ အခြေခံပစ္စည်း) ၏ ၄၅ ရာခိုင်နှုန်းခန့်ကို ရှင်ကျန်းရှိ စက်ရုံများကနေ ရရှိနေသည်။ အဆိုပါ ရှင်ကျန်းဒေသတွင် တရုတ်၏ ဝီဂါမွတ်ဆလင် လူနည်းစုသည် အတင်းအကျပ် လုပ်သားခိုင်းစေမှုနှင့် အများအပြား ထိန်းသိမ်းခံထားရမှုတို့ကို တွေ့ကြုံခံစားထားရသည်ဟု လူ့အခွင့်အရေး အဖွဲ့များနှင့် ကုလ အေဂျင်စီတစ်ခုတို့က ပြောထားသည်။

ရှင်ကျန်းတွင် Hoshine သည် သန့်စင်မှုနှုန်း မြင့်မားသည့် သလင်းကျောက်ကနေ ထုတ်လုပ်သည့် သတ္တုဗေဒ အဆင့် ဆီလီကွန်ကို အများဆုံး ထုတ်လုပ်သူလုပ်ငန်းဖြစ်သည်။ ကုန်ကြမ်းကို တရုတ်နှင့် ကမ္ဘာတ၀န်းရှိ ပိုလီဆီလီကွန် ထုတ်လုပ်သူများထံ ရောင်းချပြီး ယင်းနောက် သတ္တုချောင်းများအဖြစ် ပုံသွန်းခြင်း သို့မဟုတ် ဆိုလာဆဲလ်များအဖြစ် ပြုလုပ်သည့် ပါးလွှာသည့်အချပ်များအဖြစ် လှီးဖြတ်ခြင်းတို့ လုပ်ဆောင်သည်။

ရှင်ကျန်းဒေသရှိ စျေးနှုန်းချိုသာသည့် ကျောက်မီးသွေး စွမ်းအင်၊ ဆီလီကာ သဲမိုင်းတွင်းများကို ရရှိအသုံးပြုနိုင်ခြင်းက Hoshine ကို ပိုလီဆီလီကွန် ထုတ်လုပ်မှုပိုင်းတွင် သိသာထင်ရှားသည့် တစ်ပန်းသာမှုများကို ရရှိစေသည်။ ယခုအခါ အမေရိကန်၏ ပိတ်ပင်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ဆိုလာထောက်ပံ့ဖြည့်ဆည်းကွင်းဆက်များအတွက် Hoshine အရေးပါမှုနှင့်ပတ်သက်၍ အကျပ်အတည်းစတွေ့လာသည်ဟု အဓိပ္ပါယ်ရသည်။

East Hope Nonferrous Metals နှင့် Daqo New Energy တို့ ရှင်ကျန်းလုပ်ငန်းခွဲအပါအ၀င် ကမ္ဘာ့အကြီးဆုံး ဆိုလာ ပိုလီဆီလီကွန် ထုတ်လုပ်သူလုပ်ငန်းငါးခုအနက် လေးခုသည် ယင်းဒေသတွင် လုပ်ငန်းလည်ပတ်မှုများ ရှိနေသည်။

အနောက်အုပ်စု ကုမ္ပဏီများအနေဖြင့် ယင်းဒေသပြင်ပတွင် အခြားရွေးချယ်စရာ ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်များ ထူထောင်ရန် လွယ်ကူလိမ့်မည် မဟုတ်ကြောင်း ဟောင်ကောင်ရှိ Daiwa Capital Markets မှ စွမ်းအင်၊ လျှပ်စစ်မီး ကဲ့သို့ ၀န်ဆောင်လုပ်ငန်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များနှင့် သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ဒေသအကြီးအကဲ ဒန်းနစ် အိုင်ပီက ပြောသွားခဲ့သည်။

“ပိုလီဆီလီကွန်ကနေ ပါးလွှာချပ်တွေ ထုတ်လုပ်တဲ့ ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက်တွေကို ရှင်ကျန်းကနေ တရုတ်ရဲ့ကျန်ဒေသတွေဆီ ပြောင်းလဲထုတ်လုပ်ဖို့က အကြမ်းဖျင်းအားဖြင့် အချိန် နှစ်နှစ်လောက် ယူရပါလိမ့်မယ်၊ တကယ်လို့ ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက်တွေကို တရုတ်နိုင်ငံပြင်ပမှာ ထူထောင်ဖို့အကြောင်း ကျွန်တော်တို့ ပြောမယ်ဆိုရင်တော့ ဒါက ပိုလို့တောင် ကြာနိုင်ပြီး ငါးနှစ်လောက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required