လူ့အခွင့်အရေး ခုခံကာကွယ်သူများ တရုတ်တွင် နှိပ်စက်ညှင်းပန်းခံရဟု ကုလကျွမ်းကျင်သူ ပြော

လူ့အခွင့်အရေး ခုခံကာကွယ်သူများ တရုတ်တွင် နှိပ်စက်ညှင်းပန်းခံရဟု ကုလကျွမ်းကျင်သူ ပြော

တရုတ်နိုင်ငံတွင် တက်ကြွလှုပ်ရှားသူများ နှိပ်စက်ညှင်းပန်းခံနေရခြင်း၊ ရှည်လျားသည့် ထောင်ဒဏ်များ သို့မဟုတ် နေအိမ်အကျယ်ချုပ် ချမှတ်ခံနေရခြင်း စသည့် စိုးရိမ်ပူပန်စရာ အခြေအနေများကို ကုလသမဂ္ဂ၏ လွတ်လပ်သော အဆင့်မြင့်ကျွမ်းကျင်သူတစ်ဦးက ဇွန်လ ၂၈ ရက်က အလေးပေးထုတ်ဖော်ခဲ့သည်။

“ငြိမ်းငြိမ်းချမ်းချမ်းရှိသော လူ့အခွင့်အရေး အလုပ်” ကို လုပ်ဆောင်ခြင်းအတွက် လူပုဂ္ဂိုလ်များသည် ဆေးဝါးကုသမှု ရပိုင်ခွင့်အပြင် ရှေ့နေများ၊ ၎င်းတို့၏ မိသားစုများနှင့် တွေ့ဆုံခွင့်တို့ ငြင်းဆန်ခံနေခဲ့ရကြောင်း ကုလ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သည်။

“လူ့အခွင့်အရေး ခုခံကာကွယ်သူတွေအပေါ် ပြစ်တင်ရှုတ်ချတာ၊ အထူးသဖြင့် သူတို့ရဲ့ ငြိမ်းချမ်းမှုရှိတဲ့ လူ့အခွင့်အရေး အလုပ်တွေအတွက် ရှည်လျားတဲ့ ထောင်ဒဏ်တွေ ချတာ၊ ထိန်းသိမ်းဖမ်းဆီးရင်း ညှင်းပန်းနှိပ်စက်တာ၊ သူတို့ကို လုံလောက်တဲ့ ဆေးကုသစောင့်ရှောက်မှု ထောက်ပံ့မှု ပေးဖို့ ပျက်ကွက်တာ စတာတို့ကတော့ ဆက်ပြီး ဖြစ်နေလို့ မရနိုင်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်” ဟု လူ့အခွင့်အရေး ခုခံကာကွယ်သူများဆိုင်ရာ ကုလ အထူးအစီရင်ခံစာတင်သွင်းသူ မာရီ လောလာက ပြောသည်။

“ပြီးခဲ့တဲ့ နှစ်တွေအတွင်း ညှင်းပန်းနှိပ်စက်မှု တားဆီးတိုက်ဖျက်ရေး ကော်မတီဆီက အပါအ၀င် ကုလ ယန္တရားတွေဆီကနေ လိုတာထက် ပိုတဲ့ အကြံပြုချက်တွေ၊ မှတ်တမ်းတင်မှုတွေ ရှိနေခဲ့ပေမယ့် တရုတ်မှာ ထိန်းသိမ်းခံရတဲ့ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေအပေါ် နှိပ်စက်မှုတွေက ဆက်ပြီး ဖြစ်ပွားနေပြီး အဲဒါတွေက ညှင်းပန်းနှိပ်စက်မှု၊ အခြားသော ရက်စက်၊ လူမဆန်တဲ့ ဒါမှမဟုတ် သိမ်ငယ်စေတဲ့ ဆက်ဆံမှုတွေနဲ့ ညီမျှကောင်း ညီမျှနေနိုင်တယ်ဆိုတဲ့ မရေမတွက်နိုင်တဲ့ အစီရင်ခံစာတွေ ကျွန်‌မ လက်ခံရရှိထားပါတယ်”

ကော် ကျီရှန်း ကဲ့သို့ လူ့အခွင့်အရေး ခုခံကာကွယ်သူတစ်ချို့သည် အတင်းအကျပ် ပျောက်ကွယ်သွားစေမှုမျိုးကို ခံခဲ့ရသလို ကော်ဟုန်ဝေ ကဲ့သို့ အခြားသူတစ်ချို့သည်လည်း ထောင်ထဲ၌ သေဆုံးခဲ့ရကြောင်း သူမက ပြောသည်။

လူ့အခွင့်အရေး ခုခံကာကွယ်သူ အနည်းဆုံး ၁၃ ဦးသည် အခြားသူများ၏ အခွင့်အ‌ရေးအတွက် ငြိမ်းချမ်းစွာ ခုခံကာကွယ်ပေးခြင်းအတွက် ‘ရန်ဖြစ်ခြင်း’ သို့မဟုတ် ‘ဒုက္ခဖြစ်စေရန် လှုံ့ဆော်ဖန်တီးခြင်း’ ကဲ့သို့ အတုအယောင် စွဲချက်များဖြင့် ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ယင်းထက်ပိုများသည့် ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ဖြစ်စဥ်များကို သူမ သိရှိထားကြောင်း လောလာက ပြောခဲ့သည်။

“လူ့အခွင့်အရေး ခုခံကာကွယ်သူတွေကို သူတို့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုတွေနဲ့ ဆက်နွယ်ပြီး တစ်ဖက်သတ် ထောင်ဒဏ်တွေ ချမှတ်တာ၊ အထူးသဖြင့် ရှည်လျားတဲ့ ထောင်ဒဏ်တွေ ချမှတ်တာက သူတို့ကို ရေငုပ်နှုတ်ပိတ်စေဖို့ ရည်ရွယ်တဲ့ လက်သင့်မခံနိုင်စရာ ကြိုးပမ်းမှုတစ်ခု ဖြစ်ပါတယ်၊ ဒီ ဥပဒေနဲ့ညီတဲ့ အလုပ်မှာ တစ်ခြားသူတွေ ပါ၀င်လုပ်ဆောင်နိုင်မှု မရှိအောင် တားဆီးဖို့နဲ့ ခြိမ်းခြောက်ဖို့ ရည်ရွယ်တဲ့ ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်” ဟု သူမက ပြောသည်။

“အများအပြားဟာ သူတို့ ရွေးထားတဲ့ ရှေ့နေတွေနဲ့ တွေ့ခွင့်မရသလို မိသားစုနဲ့လည်း တွေ့ခွင့်မရပါဘူး၊ တစ်ချို့ဖြစ်စဥ်တွေမှာဆိုရင် တူညီတဲ့ ရှေ့နေတွေနဲ့ ဆွေမျိုးသားချင်းတွေလည်း ပစ်မှတ်ထားခံရပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

“ဒါကြောင့် ဒီလူ့အခွင့်အရေး ခုခံကာကွယ်သူတွေကို ထိန်းသိမ်းထားရာကနေ ချက်ချင်း လွှတ်ပေးဖို့ ကျွန်မ တရုတ်အာဏာပိုင်တွေဆီ တောင်းဆိုပါတယ်၊ ပြီးတော့ သူတို့ ဆွေမျိုးတွေအပါအ၀င် တစ်နည်းနည်းနဲ့ ဒဏ်ခတ်ခံရမှာကို စိုးရိမ်စရာမလိုဘဲနဲ့ သူတို့ရဲ့ အဓိပ္ပါယ်ရှိပြီး လုပ်ဖို့ လိုအပ်တဲ့ လူ့အခွင့်အရေး အလုပ်တွေ ဆက်လုပ်သွားနိုင်အောင် အာမခံဖို့ ကျွန်မအနေနဲ့ တရုတ်အာဏာပိုင်တွေကို တောင်းဆိုပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

ယခုအခါ အဆိုပါ ကုလကျွမ်းကျင်သူသည် ထိုကိစ္စနှင့်ပတ်သက်ပြီး တရုတ်အာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly