ဝီဂါများအပေါ် ရက်စက်ယုတ်မာမှုများကို ဖုံးဖိရန် တရုတ်က ဒစ်ဂျစ်တယ်ဗားရှင်း အကြမ်းပတမ်းနည်းကို အသုံးပြုနေ

By Economic Times
03 July 2021
ဝီဂါများအပေါ် ရက်စက်ယုတ်မာမှုများကို ဖုံးဖိရန် တရုတ်က ဒစ်ဂျစ်တယ်ဗားရှင်း အကြမ်းပတမ်းနည်းကို အသုံးပြုနေ

တရုတ်သည် ထောင်နှင့်ချီသော ဗီဒီယိုကလစ်များကို ထုတ်လွှင့်ထားခဲ့ပြီး ယင်းကလစ်များထဲတွင် ပါ၀င်သူများက “ငါတို့ အရမ်းကို လွတ်လပ်မှု ရှိတာပဲ” ဟု ပြောဆိုနေကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ယင်းသည် တရုတ်သမ္မတ ရှီကျင့်ဖျင် အစိုးရ လုပ်ဆောင်နေသော ဝီဂါများအပေါ် ယဥ်ကျေးမှုမျိုးတုန်းသတ်မှုကို ဖုံးဖိမည့် အစိုးရကမ်ပိန်းတစ်ခု၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။

တရုတ်နိုင်ငံရှိ တာ၀န်ရှိသူများသည် ဒစ်ဂျစ်တယ်ဗားရှင်း အကြမ်းပတမ်းနည်းလမ်းတစ်ခုကနေတဆင့် အရပ်သားပြည်သူများ၏ အမြင်သဘောထားကို တိမ်းညွှတ်ထားစေခဲ့ကြောင်း ဝါရှင်တန်ပို့စ်၏ အယ်ဒီတာ့အာဘော်တစ်ပုဒ်တွင် ဖော်ပြထားသည်။ တရုတ်၏ အဆိုပါ ဒစ်ဂျစ်တယ်ဗားရှင်း အကြမ်းပတမ်းနည်းတွင် ကျယ်ပြန့်ပြီး မြန်ဆန်သော အကြောင်းအရာ (content) ထုတ်လုပ်မှု ပါ၀င်ပြီး ယင်းနောက်တွင် ပြည်တွင်းချန်နယ်များတွင် ကျယ်ပြန့် မြန်ဆန်စွာ ကြော်ငြာခြင်းတို့ ပါ၀င်နေသည်ဟု သိရသည်။

ယခုအခါ တရုတ်အစိုးရသည် ဗီဒီယိုကလစ်များကို ယူကျူ့ပေါ် တင်ရန်၊ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည့် အကောင့်များပါ၀င်သည့် ကွန်ရက်တစ်ခုကနေတဆင့် ယင်းတို့ တွစ်တာပေါ်တွင် လူသိများစေရန်၊ တရုတ်အစိုးရအရာရှိများ၊ နိုင်ငံပိုင် မီဒီယာနှင့် အခြားသော အမျိုးသား‌ရေး စိတ်ဓာတ်ပြင်းပြသူ ပုဂ္ဂိုလ်များ၏ အကူအညီကနေတဆင့် ယင်းတို့ကို ထပ်မံ ပျံ့နှံ့စေရန်အတွက် အဆိုပါ အားထုတ်မှုများကို အရှိန်မြှင့်တင်လုပ်ဆောင်ထားခဲ့သည်။

တရုတ်သည် မိခင်နိုင်ငံကနေ ထွက်ခွာပြီး ပြည်ပတွင် ပြောင်းရွှေ့နေထိုင်နေသူများ (expatriates) နှင့် ကျောင်းသားများကိုလည်း ၎င်းတို့ နိုင်ငံရပ်ခြားတွင် နေထိုင်နေချိန်တွင်တောင်မှ WeChat ကဲ့သို့

ထိန်းချုပ်ထားသည့် ဆိုရှယ်မီဒီယာ၀န်ဆောင်မှုများကနေတဆင့် ယင်း၏ ဆင်ဆာလုပ်မှု မူဝါဒများအတွင်း ပိတ်မိနေစေအောင် အမြဲတစေ အားထုတ်လုပ်ဆောင်ထားခဲ့သည်။

ထိုမဟာဗျူဟာသည် ထုတ်ဖော်ပြောဆိုမှုများအတွက် ပိုမိုလွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့်ရှိသည့် ဆိုဒ်များကို ရှာဖွေသူများအပေါ်တွင်တောင်မှ မျက်စိပိတ် ဖြစ်နေစေရန် ရည်ရွယ်သည်။

မကြာ‌သေးခင်က အမေရိကန်တွင် နေထိုင်နေသည့် ဝီဂါ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် အသက် ၇၄ နှစ်အရွယ် ရက်ဘီယာ ကက်ဒီယာ၏ မိသားစု၀င်များကို ဗီဒီယိုကလစ်တစ်ချို့ထဲတွင် မြင်တွေ့ခဲ့ရသည်။ ယင်းကလစ်ထဲတွင် သူမ၏ မြေးမလေးများက သူမကို “အဘွား အဲဒီနိုင်ငံခြားက မကောင်းတဲ့လူတွေရဲ့ နောက်တစ်ကြိမ် ထပ်လှည့်စားတာကို မခံရဖို့ပဲ သမီးတို့ မျှော်လင့်တယ်” ဟု ထိုဗီဒီယိုကလစ်ထဲတွင် ပြောထားသည်။ ကက်ဒီယာသည် အဆိုပါ သူမ၏ မြေးမလေးများကို ၎င်းတို့ ကလေးအရွယ်နောက်ပိုင်း တစ်ခါမှ မမြင်တွေ့ထားခဲ့ရပေ။

တရုတ်သည် မှန်ကန်မှုမရှိသော၊ အစိုးရအကျိုးပြု နိုင်ငံရေးဇာတ်လမ်းများကို ပျံ့နှံ့စေရန် ယင်း၏ နိုင်ငံသားများ မှီခိုအားပြုနေသည့် နည်းပညာကုမ္ပဏီများ၊ အမေရိကန်၊ ယင်း၏ မဟာမိတ်များ၏ ပွင့်လင်းမှုအပေါ် အမြတ်ထုတ်အသုံးချလိုသည့် ရည်ရွယ်ချက် ဆက်ရှိနေသည်ကို မကြာသေးခင်က ထုတ်ဖော်သိရှိသည့် လုပ်ဆောင်ချက်တစ်ခုက ပြသနေကြောင်း ဝါရှင်တန်ပို့စ်က ဖော်ပြသည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ယင်း၏ တော်လှန်ရေးနေ့ရက်များနောက်ပိုင်း ဥက္ကဋ္ဌဟောင်း မော်ဇီတုန်း ထုတ်ဖော်ခဲ့သလို စစ်ရေးနှင့် ဝါဒဖြန့်မှု သို့မဟုတ် “သေနတ်ပြောင်းနှင့် ကလောင်တံ” ကို ယင်း၏ အာဏာရယူထိန်းသိမ်းထားခြင်းအတွက် အရေးအကြီးဆုံး လက်နက်နှစ်ခုအဖြစ် ရှုမြင်ထားကြောင်း စီအင်န်အင်န်အတွက် ရေးသားနေသည့် နက်တာ ဂန်က ပြောသည်။

သတင်းစာများ၊ စာပေ၊ တယ်လီဗေးရှင်း၊ ရုပ်ရှင်၊ ဂီတ၊ ပွဲလမ်း ဇာတ်သဘင်နှင့် ယုတ်စွအဆုံး ပေါ့ပ် ယဥ်ကျေးမှု တို့သည် ကွန်မြူနစ်ပါတီက ယင်း၏ စိတ်ကူးအိုင်ဒီယာများနှင့် မူဝါဒီများကို ၀ါဒဖြန့်ရာတွင်နှင့် ယင်းအလိုရှိသည့် ဦးတည်မှုလမ်းကြောင်းအတိုင်း အများပြည်သူ အမြင်ကို ပုံဖော်ရာတွင် တဆင့်ခံ အသုံးပြုနေသည့် ဆက်သွယ်ရာလမ်းကြောင်းတစ်ခု ဖြစ်သည်။

ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် လူအများကို လိမ်လည်မှုအားဖြင့်လည်း တရုတ်သည် ဝါဒဖြန့်မှုကို လက်နက်တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုထားခဲ့သည်။

ဝီဂါမွတ်ဆလင်များကို အစုအပြုံလိုက် ထိန်းသိမ်းရေး ကမ့်များသို့ ပို့ဆောင်ခြင်း၊ ၎င်းတို့၏ ဘာသာရေး လုပ်ဆောင်ချက်များအပေါ် စွက်ဖက်ခြင်း၊ ပုံစံနည်းလမ်းတစ်ချို့ဖြင့် အတင်းအကျပ် ပြန်လည်ပညာပေးခြင်း သို့မဟုတ် အယူဝါဒသွတ်သွင်းခြင်းကို ခံယူစေရန် လူ့အသိုက်အ၀န်းထဲရှိ အဖွဲ့၀င်များကို စေလွှတ်ခြင်းတို့အားဖြင့် ဝီဂါများအပေါ် ဖိနှိပ်ဖြိုခွင်းမှုများ လုပ်ဆောင်ထားမှုအတွက် တရုတ်အပေါ် ကမ္ဘာတ၀န်းက ပြစ်တင်ထားသည်။

ယခုလအစောပိုင်းက ကုလ လူ့အခွင့်အရေးကောင်စီတွင် နိုင်ငံပေါင်း ၄၄ နိုင်ငံ ကိုယ်စား ကနေဒါနိုင်ငံက ပူးတွဲကြေညာချက်တစ်စောင် ပေးအပ်ခဲ့ပြီး ယင်းတွင် တရုတ်၏ ရှင်ကျန်းဒေသ၌ “ဝီဂါများအပေါ် လူမျိုးတုန်းသတ်မှု” နှင့်ပတ်သက်ပြီး အကြီးအကျယ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ထားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly