သြစတြေးလျတက္ကသိုလ်များတွင် တရုတ်၏ဖိအားကြောင့် ထိခိုက်မှုများ ရှိနေ

သြစတြေးလျတက္ကသိုလ်များတွင် တရုတ်၏ဖိအားကြောင့် ထိခိုက်မှုများ ရှိနေ

သြစတြေးလျရှိ ဒီမိုကရေစီလိုလားသူ တရုတ်ကျောင်းသားများသည် ထိရှလွယ်သည့် အကြောင်းအရာများကို လူသိရှင်ကြားပြောဆိုပါက အနှောက်အယှက်ပေးခံရခြင်းနှင့် အပြစ်ပေးခံရမည်ကို စိုးရိမ်နေရကြောင်း လေ့လာမှုအသစ်တစ်ခုက ဆိုသည်။

ယင်းကျောင်းသားများသည် သြစတြေးလျတွင် စောင့်ကြည့်ခံရနေသည်ဟု ခံစားနေရခြင်းကြောင့် စာသင်ခန်းများတွင် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နေရကြောင်း လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က လေ့လာတွေ့ရှိရသည်။

သြစတြေးလျရှိ တရုတ်အကြောင်းသင်ပြသည့် ပညာရှင်များသည်လည်း အလားတူ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နေရကြောင်း ဆိုသည်။

ကင်ဘာရာမြို့ရှိတရုတ်သံရုံးက ဇွန်လ ၃၀ရက်က ယင်းအစီရင်ခံစာကို ဘက်လိုက်သော စွပ်စွဲချက်ဖြစ်သည်ဟု ပြင်းပြင်းထန်ထန်ပယ်ချခဲ့သည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့သည် အနောက်နိုင်ငံများအတွက် ယိုယွင်းနေသည့် နိုင်ငံရေးလက်နက်တစ်ခုဖြစ်ကြောင်း နှင့် ယင်းအဖွဲ့သည်အမြဲတမ်း တရုတ်နှင့် ပတ်သက်ပြီး ဘက်လိုက်ပြောဆိုတတ်ကြောင်း သံရုံးက ပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြားဆက်ဆံရေးယိုယွင်းလာမှုကြောင့် မကြာသေးမီနှစ်များအတွင်း ဒေသခံကျောင်းများအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများတိုးပွားလာခဲ့သည်။ သြစတြေးလျအစိုးရက နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုဆိုင်ရာ စွပ်စွဲချက်များကို စုံစမ်းနေသည်။

ယင်းအစီရင်ခံစာတွင် တရုတ်၏ ဖိအားပေးမှုကြောင့် သြစတြေးလျတက္ကသိုလ်များ၏ ပညာရေးလွတ်လပ်မှုကို အားနည်းစေသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က သတိပေးခဲ့သည်။

သြစတြေးလျ၏ အဆင့်မြင့်ပညာရေးစနစ်သည် အခကြေးငွေပေးသော တရုတ်ကျောင်းသားများအပေါ်များစွာ မှီခိုနေရပြီး၊ ကိုဗစ်ရောဂါ မတိုင်မီအချိန်က တရုတ်ကျောင်းသားများသည် နိုင်ငံတကာကျောင်းသားများ၏ ၄၀ ရာခိုင်နှုန်းခန့်ရှိသည်။

လက်ရှိတွင်သြစတြေးလျတက္ကသိုလ်များတွင် ပညာသင်ကြားနေသော တရုတ်ကျောင်းသား ၁၆၀,ဝဝဝ ခန့်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required