ဧရာဝတီတိုင်းက ပဲတီစိမ်း နှင့် မတ်ပဲများ ငမြှောင်တောင်ပိုးဒဏ် ခံနေရ

ဧရာဝတီတိုင်းက ပဲတီစိမ်း နှင့် မတ်ပဲများ ငမြှောင်တောင်ပိုးဒဏ် ခံနေရ
(ဓာတ်ပုံ-ရဲဲမင်း၊မဇ္ဈိမ)

ပုသိမ်၊ ဒီဇင်ဘာ ၇ ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ ပဲတီစိမ်းနှင့် မတ်ပဲ စိုက်ခင်းများတွင် နိုဝင်ဘာလ တတိယအပတ်ခန့်မှ စတင်ပြီး ငမြှောင်တောင်ပိုးများ ကျရောက်နေကြောင်း ပဲစိုက်ပျိုးသူ တောင်ယာလုပ်ကိုင်သူများက မဇ္ဈိမကို ပြောသည်။

"ရေကြီးပြီး နှစ်တွေမှာ အဖြစ်များတယ်၊ အခု ပိုးသတ်ဆေးတွေတော့ ဖျန်းနေတယ်။ တော်တော်နဲ့မသေဘူး၊သေပြီးသွားရင် တပတ်ကျော်လောက်ဆို ပိုးပြန်ကျတယ်။ တောင်သူတိုင်းက ဆေးကိုဖျန်းနေရတာ၊ အခု အခြားဒေသတွေမှာ ကျနေတယ်" ဟု နွားရေတိုက်ကျေးရွာမှ ပဲစိုက်တောင်သူဦးတင်ဝင်းမှ ပိုးကျမှု အခြေအနေအား ရှင်းပြသည်။

ပိုးကျသည်မှာ ရက် ၂၀ ခန့်ပင်ရှိပြီဖြစ်ပြီး ဆေးဖျန်းပါက မှီနိုင်သော်လည်း ဆေးစရိတ် တစ်အိတ် ၁၅,၀၀၀ မှ ၄၀,၀၀၀ကျပ်ကို ဝယ်ယူရန် တောင်သူများဘက်က အခက်အခဲ ရှိနေသည်ဟု ဆိုသည်။ 

ဧရာဝတီတိုင်းဒေသကြီး အတွင်း မိုးကုန် နွေစပါး နှင့် ပဲကို ဆက်လက် စိုက်ပျိုးလျက်ရှိပြီး ရေကြည်၊ ကျုံပျော်၊ ဟင်္သာတ၊ မြန်အောင်၊ ကြံခင်းမြို့နယ်များတွင် ပဲစိုက်ပျိုးမှုများရှိသည်။

တောင်သူများ ယခုကဲ့သို့ အခက်ကြုံနေခြင်းနှင့် ပတ်သက်၍ ရေကြည်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက သက်ဆိုင်ရာ ဌာနများ နှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ပြောသည်။ 

"ကျွန်တော်တို့ ပဲစိုက်ခင်းတွေ ပိုးကျတော့ စရိတ်တွေပိုကုန်တယ်။ အကျိုးအမြတ်ရသင့်သလောက် မရဘူးဖြစ်တာပေါ့။ ပိုးအတွက် ဆေးဖျန်ရတော့ စရိတ်ပိုကုန်တာပေါ့"ဟု ပဲစိုက်ပျိုးသူ ဦးဝင်းနိုင်က ပြောသည်။

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်ခွဲ ပဲစိုက်တောင်သူများအား အစ္စရေးသံရုံးက ဦးဆောင်ကာ အစ္စရေးအဖွဲ့က ဒီဇင်ဘာ ၄ရက်က ဓါတ်မြေဩဇာများ လာရောက်ပေးအပ်ပြီး၊ ပဲစိုက်ခင်း ပိုးကျနေမှု အခြေအနေကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။

 

ဧရာဝတီတိုင်းဒေသကြီး၊ ပဲတီစိမ်းနှင့် မတ်ပဲ စိုက်ခင်းများတွင် နိုဝင်ဘာလ တတိယအပတ်ခန့်မှ စတင်ပြီး ငမြှောင်တောင်ပိုးများ ကျရောက်နေကြောင်း ပဲစိုက်ပျိုးသူ ဦးဝင်းနိုင်က ပြောသည်။ရိုက်ကူး- စည်သူမောင်မောင်

Posted by Mizzima - News in Burmese on Monday, 7 December 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly