တရုတ်နှင့် ယှဥ်ပြိုင်ရန် သိပ္ပံဆိုင်ရာ သုတေသနလုပ်ဆောင်မှု မြှင့်တင်ရေး ဥပဒေကို အမေရိကန်အောက်လွှတ်တော် အတည်ပြု

တရုတ်နှင့် ယှဥ်ပြိုင်ရန် သိပ္ပံဆိုင်ရာ သုတေသနလုပ်ဆောင်မှု မြှင့်တင်ရေး ဥပဒေကို အမေရိကန်အောက်လွှတ်တော် အတည်ပြု

အမေရိကန်နိုင်ငံကို တရုတ်ထက် ပိုမို ယှဥ်ပြိုင်နိုင်စွမ်း ရှိစေရေး ရည်ရွယ်အားထုတ်မှုတစ်ရပ်အဖြစ် သိပ္ပံဆိုင်ရာ သုတေသနလုပ်ဆောင်မှုကို တိုးမြှင့်အားပေးမည့် ဥပဒေတစ်ရပ်ကို အမေရိကန်အောက်လွှတ်တော်က ဇွန်လ ၂၈ ရက်တွင် အတည်ပြုလိုက်သည်။

အမျိုးသား သိပ္ပံဖောင်ဒေးရှင်းအတွက် ငွေကြေးထောက်ပံ့မှု တိုးမြှင့်ရန်၊ သုတေသန အခွင့်အလမ်းများ တိုးချဲ့ရှာဖွေမည့် သိပ္ပံနှင့် စက်မှုပညာဆိုင်ရာ ဦးစီးဌာနသစ်တစ်ခု ထူထောင်ဖွဲ့စည်းရန်နှင့် စွမ်းအင်၀န်ကြီးဌာန၏ သိပ္ပံဆိုင်ရာရုံးအတွက် သုတေသနဆိုင်ရာ ငွေကြေးထောက်ပံ့မှုကို တရား၀င်ခွင့်ပြုရန်အတွက် အမေရိကန်ဥပဒေပြုအမတ်များသည် ဥပဒေမူကြမ်းနှစ်ရပ်ကို ပါတီနှစ်ရပ်စလုံး ပါ၀င်မှုအောက်တွင် အတည်ပြုခဲ့ကြောင်း The Hill က ဖော်ပြသည်။

“သိပ္ပံအတွက် ငွေကြေးပံ့ပိုးမှုကို ကျွန်မတို့ သိသိသာသာပဲ မြှင့်တင်ရပါလိမ့်မယ်၊ ပြီးခဲ့တဲ့နှစ်တွေအတွင်း ထူးကဲတဲ့ သုတေသနပိုင်းမှာ ဒေါ်လာသန်းနဲ့ချီ ငွေကြေးထောက်ပံ့မှု မရရှိဘဲ ဖြစ်စေခဲ့ပါတယ်” ဟု အောက်လွှတ်တော်၏ သိပ္ပံ၊ အာကာသနှင့် နည်းပညာကော်မတီ ဥက္ကဋ္ဌ ဘာနိုက်စ် ဂျွန်ဆင်က ပြောသည်။

“ကျွန်မတို့ဟာ ခုချိန်မှာ ကျွန်မတို့ နိုင်ငံရဲ့ သမိုင်းမှာ အလွန်အရေးကြီးတဲ့ အဆင့်နေရာတစ်ခုမှာ ရောက်နေပါတယ်၊ ကျွန်မတို့ လူ့အဖွဲ့အစည်းထဲက သိပ္ပံ အခန်းကဏ္ဍအတွက် ပိုမို အာရုံစိုက်ဖို့ လိုပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

အနာဂတ်အတွက် အမျိုးသားသိပ္ပံဖောင်ဒေးရှင်း အက်ဟု ခေါ်သည့် ပထမ ဥပဒေမူကြမ်းကို ထောက်ခံမဲ ၃၄၅ မဲ၊ ကန့်ကွက်မဲ ၆၇ မဲဖြင့် အတည်ပြုခဲ့ပြီး အနာဂတ်အတွက် စွမ်းအင်သိပ္ပံဌာနဟု ခေါင်းစဥ်တပ်ထားသည့် ဒုတိယမူကြမ်းကို ထောက်ခံမဲ ၃၅၁ ၊ ကန့်ကွက်မဲ ၆၈ ဖြင့် အတည်ပြုခဲ့သည်။

ယင်းကဲ့သို့ အတည်ပြုမှုကြောင့် အမျိုးသားသိပ္ပံဖောင်ဒေးရှင်းနှင့် စွမ်းအင်၀န်ကြီးဌာန သိပ္ပံဆိုင်ရာရုံးအတွက် ငွေကြေးထောက်ပံ့မှုပိုင်းကို နှစ်စဥ် ခုနစ်ရာခိုင်နှုန်းခန့် တိုးမြှင့် ရရှိစေလိမ့်မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် တရုတ်အစိုးရနှင့် ဆက်နွယ်သည့် Thousand Talents Program ကဲ့သို့ သက်ဆိုင်ရာ နိုင်ငံခြားအစိုးရများနှင့် ဆက်နွယ်သည့် ပင်ကိုစွမ်းရည် ပရိုဂရမ်များတွင် ထောက်ပံ့ကြေး လျှောက်ထားသူများ ပူးပေါင်းပါ၀င်မှုအပေါ် တားမြစ်ရန် ကော်မတီတွင် ကန့်သတ်ချက်တစ်ရပ်ကို ရီပတ်ဘလစ်ကန်များက ဖြည့်စွက်ပေါင်းထည်ခဲ့ကြောင်း The Hill က ဖော်ပြသည်။

“ကျွန်တော်တို့ရဲ့ သုတေသန စီမံကိန်းလုပ်ငန်းကို တံခါးဆက်ဖွင့်ထားတာနဲ့ တစ်ချိန်တည်းမှာလည်းပဲ ကျွန်တော်တို့ရဲ့ ဖွင့်ထားတဲ့ စနစ်အပေါ် အခွင့်အရေးယူဖို့ ကြိုးပမ်းတဲ့ ရန်သူတွေရဲ့ ရန်ကနေ တားဆီးကာကွယ်ရေး အကြားမှာ မှန်ကန်တဲ့ ဟန်ချက်တစ်ခု ထိန်းသိမ်းထားရှိနိုင်ဖို့ အင်မတန် အရေးကြီးပါတယ်” ဟု ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် မိုက်ကယ် ဝေါ့တ်ဇ်က ပြောသွားခဲ့သည်။

သိပ္ပံ၊ အာကာသနှင့် နည်းပညာ ကော်မတီကနေ မူလအစပြု ထွက်ပေါ်လာသည့် ဥပဒေမူကြမ်းနှစ်ရပ်ကို ဇွန်လ ၂၈ ရက်တွင် အတည်ပြုခဲ့သလိုပင် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီကနေ ထွက်ပေါ်လာသည့် သီးခြား ဥပဒေတစ်ခုကိုလည်း အတည်ပြုနိုင်ရေး လုပ်ဆောင်လျက် ရှိကြောင်း The Hill က ဖော်ပြသည်။

ကော်မတီဥက္ကဋ္ဌ ဂျော့ဂရီ မိခ်စ် စတင်တင်သွင်းသည့် ဥပဒေမူကြမ်းက တရုတ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရင်ဆိုင်နေရသော ဝီဂါများနှင့် ဟောင်ကောင်ရှိ ပြည်သူများကို

ယာယီ အကာအကွယ် သို့မဟုတ် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်ခံမှု ထောက်ပံ့ပေးရန် ရှိနေသည်။ ထို့ပြင် ထိုဥပဒေမူကြမ်းအရ အမေရိကန်တွင် ထုတ်လုပ်သည့် ကာကွယ်ဆေးများထက် ထိရောက်အစွမ်းထက်မှု လျော့နည်းသည့် တရုတ်ကာကွယ်ဆေးများကို တန်ပြန်ရေးအတွက် အမေရိကန် ‘ကာကွယ်ဆေး ဒစ်ပလိုမေစီ’ ကို အားပေးမြှင့်တင်ရန် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထုတ်လုပ်မှုပိုင်းတွင် ရင်းနှီးမြှုပ်နှံသွားရန်လည်း ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly