ရဲအရာရှိဟောင်းနှင့် မိသားစုအသတ်ခံရမှုတွင် အကြမ်းဖက်သမား ၂ ဦး ကို ဂျမူးနှင့် ကက်ရှ်မီးယားရဲများက ဖော်ထုတ်နိုင်ခဲ့

By punjabtribune.com
02 July 2021
ရဲအရာရှိဟောင်းနှင့် မိသားစုအသတ်ခံရမှုတွင် အကြမ်းဖက်သမား ၂ ဦး ကို ဂျမူးနှင့် ကက်ရှ်မီးယားရဲများက ဖော်ထုတ်နိုင်ခဲ့

အထူးရဲအရာရှိဟောင်း ဖာရက်ဇ် အာမက်၊ ဇနီးနှင့် သမီးဖြစ်သူကို ပူလ်ဝါမာခရိုင်ရှိ သူတို့၏ နေအိမ်တွင်အသတ်ခံရမှုတွင် ပါဝင်ပတ်သက်သည့် အကြမ်းဖက်အဖွဲ့ Jaish-e-Mohammad (JeM) နှင့် ဆက်စပ်နေသည့် အကြမ်းဖက်သမား ၂ ဦးကို ဂျမူးနှင့် ကက်ရှ်မီးယားရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ကြောင်း ကက်ရှ်မီးယားရဲတပ်ဖွဲ့မှ စစ်ဆေးရေးမှုးချုပ် ဗီဂျေကူးမားက ဇွန် ၂၉ တွင် ပြောကြားသည်။

ရဲအဖွဲ့က အကြမ်းဖက်သမားနှစ်ဦးစလုံးကို ခြေရာခံနေကြောင်း မကြာမီဖမ်းဆီးနိုင်လိမ့်မည်ဟု စစ်ဆေးရေးမှုးချုပ် ဗီဂျေကူးမားက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“JeMရဲ့ ပါကစ္စတန်စစ်သွေးကြွတစ်ဦးနဲ့ ဒေသခံတစ်ဦးကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ပူလ်ဝါမာခရိုင်၊ ထရယ်ဒေသမှာ ဂျမူးနှင့် ကက်ရှ်မီးယားရဲတပ်ဖွဲ့က အထူးရဲအရာရှိဟောင်း ဖာရက်ဇ် အာမက်၊ ဇနီးနှင့် သမီးဖြစ်သူတို့ကို သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်မှုနဲ့ သူတို့ကို ကျွန်တော်တို့ ခြေရာခံနေပါတယ်။ မကြာမီ ဖမ်းမိပါလိမ့်မယ်” ဟု သူက ဆိုသည်။

ပူလ်ဝါမာခရိုင်၊ ဟာရီပါရီဂမ်ရွာရှိ နေအိမ်တွင် အကြမ်းဖက်သမားများက အာမက်နှင့် ဇနီးဖြစ်သူအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ကက်ရှ်မီးယားရဲတပ်ဖွဲ့က ဇွန်လ ၂၇ရက်က ပြောကြားသည်။

ကျည်ဆန်ဒဏ်ရာများရရှိခဲ့သည့် သမီးဖြစ်သူသည် ဆေးရုံတွင် ဒဏ်ရာများဖြင့် ဇွန်လ ၂၈ရက်တွင် သေဆုံးခဲ့သည်။

ဇွန်လ ၂၇ရက်က ဂျမူးလေတပ်စခန်းတွင်ဖြစ်ပွားခဲ့သောပေါက်ကွဲမှုနှစ်ခုနှင့် ပတ်သက်၍ ကူးမားက "ဒါဟာ ဒရုန်းနည်းပညာဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်။ နည်းပညာနဲ့ပဲ တုံ့ပြန်ရပါလိမ့်မယ်။ အဲဒီနေ့က ကျွန်တော်တို့ အမှတ် ၁၅ ရုံးချုပ်မှာ အစည်းဝေးလုပ်ခဲ့ကြပါသေးတယ်" ဟု ဆိုသည်။

ဇွန် ၂၉ရက်အစောပိုင်းက Dal Lake တွင် နောက်ထပ်ဒရုန်းတစ်စင်းတွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့က ယင်းဒရုန်းသိမ်းဆည်းရမိခဲ့ပြီး ယင်းကိစ္စကို FIR စစ်ဆေးနေကြောင်း သူက ပြောကြားခဲ့သည်။

ဇွန် ၂၉ရက် အစောပိုင်းက ဆီရင်နဂါ၊ မာလိုရာ ပါရမ်ပိုရာဒေသတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် တိုက်ခိုက်မှုအတွင်း ပါကစ္စတန်အကြမ်းဖက်သမားနှင့် Lashkar-e-Taibaအဖွဲ့၏ ထိပ်တန်း တပ်မှူး အဘာ သေဆုံးခဲ့သည်ဟုလည်း ကူးမားက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly