နော်ဝေ၏ တယ်လီနောက မြန်မာနိုင်ငံရှိ လုပ်ငန်းကို ရောင်းချရန် စီစဉ်နေဟု ဆို

နော်ဝေ၏ တယ်လီနောက မြန်မာနိုင်ငံရှိ လုပ်ငန်းကို ရောင်းချရန် စီစဉ်နေဟု ဆို

ဇူလိုင် ၂

နော်ဝေ တယ်လီကွန်း အော်ပရေတာ တယ်လီနောသည် မြန်မာနိုင်ငံရှိ ယင်း၏လုပ်ငန်းကို ရောင်းချရန် စီစဉ်နေကြောင်း TMT Finance သတင်းဌာနက ဇူလိုင် ၁ ရက်တွင် ဖော်ပြသည်။ ထို့ပြင် ယင်းသည် မြန်မာနိုင်ငံရှိ လုပ်ငန်းကို ရောင်းချရန် အမေရိကန်ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်း Citi ကို ငှားရမ်းထားပြီး စည်းနှောင်မှုမရှိသည့် ကမ်းလှမ်းချက်များ လာမည့်သီတင်းပတ်များအတွင်း ဖြစ်ပေါ်လာဖွယ် ရှိနေသည်။

ကုမ္ပဏီအနေဖြင့် “စျေးကွက်ကောလာဟလများနှင့်ပတ်သက်ပြီး မှတ်ချက်ပေးမည်မဟုတ်” ဟု တယ်လီနော၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ Citi ကလည်း မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

တယ်လီနောသည် မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ယင်း၏ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းသည် ဆက်လက်ပြီး ကြီးကြီးမားမား ကန့်သတ်ခံခဲ့ရသလို လုံခြုံရေးနှင့် လူ့အခွင့်အရေး အခြေအနေ ယိုယွင်းဆိုးရွားလာမှုများအရ ယင်း၏ မြန်မာလုပ်ငန်းကို အရှုံးစာရင်းထဲ ထည့်ထားခဲ့သည်။

ယင်းလုပ်ငန်းကို ၀ယ်ယူရေးအတွက် တရုတ်၀ယ်သူတစ်ချို့ကို ကမ်းလှမ်းထားကြောင်း TMT Finance က ဖော်ပြသည်။  အခြားသော နိုင်ငံတကာ တယ်လီကွန်းကုမ္ပဏီများ ရင်ဆိုင်နေရသည့် နိုင်ငံတကာအရေးယူဒဏ်ခတ်မှုများကို ခံရနိုင်ဖွယ် မရှိသည့် တရုတ်၀ယ်သူများကို ကမ်းလှမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံရှိ အခြားသော ပြည်ပဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် အူရီဒူးကလည်း ယင်း၏ စျေးကွက်ပြိုင်ဘက်ကို ၀ယ်ယူရန် စိတ်၀င်စားမှုကို ပြသထားကြောင်းနှင့် ရှေ့လာမည့် လုပ်ငန်းစဉ်အတွက် ဘဏ္ဍာရေး အကြံပေးပုဂ္ဂိုလ်တစ်ဦး ရှာဖွေရန် ကြိုးပမ်းနေကြောင်း TMT က ဖော်ပြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အူရီဒူးက လက်တလော မှတ်ချက်ပေးခြင်း မရှိပေ။

TMT ၏ ဖော်ပြချက် အ‌သေးစိတ်သည် မှန်ကန်ကြောင်း ယခုကိစ္စနှင့်ပတ်သက်ပြီး တိုက်ရိုက်သိရှိသည့် အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက ရိုက်တာကို အတည်ပြုသည်။

တယ်လီနောသည် မြန်မာနိုင်ငံတွင် သုံးစွဲသူ (customer) ၁၈ သန်း၀န်းကျင်ရှိပြီး ယင်းသည် မြန်မာ့လူဦးရေ ၅၄ သန်း၏ သုံးပုံတစ်ပုံကို ၀န်ဆောင်မှုပေးနေသည်။ ယင်းသည် ၂၀၁၄ ခုနှစ်က ၀င်ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အကြီးဆုံးသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနက် တစ်ခု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly