သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်အပါအ၀င် ဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန် ကုလအတွင်းရေးမှူးချုပ် တောင်းဆို

သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်အပါအ၀င် ဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန် ကုလအတွင်းရေးမှူးချုပ် တောင်းဆို

ဇူလိုင် ၂

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ထပ်မံ တိုက်တွန်းတောင်းဆိုကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

“မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့၀င်ရဲ့ တစ်ဖက်သတ် ဖမ်းဆီးမှုတွေအပါအ၀င် အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အပေါ် မိမိတို့ အလွန်တရာ စိုးရိမ်ပူပန်နေရဆဲ ဖြစ်တယ်” ဟု ကုလ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် အီရီ ကာနက်ကိုက ကုလဌာနချုပ်၌ သတင်းထောက်များကို ပြောခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုအလွန် အကြမ်းဖက်မှုအတွင်း အမျိုးသမီးများ ဘေးဒုက္ခခံရမှုပိုင်း မြင့်တက်ထားခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

“ပြီးခဲ့တဲ့ မေလ နဲ့ ဇွန်လအကြား အမျိုးသမီးတွေ သေဆုံးမှုအရေအတွက် မြင့်တက်ထားခဲ့တဲ့အပေါ် သူတို့ စိုးရိမ်ပူပန်မိတယ်ဆိုပြီး ကုလဌာနေအဖွဲ့က ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဒီကနေ့မှာပဲ ပြောပါတယ်၊ ဖြစ်စဥ်အများစုမှာ ဆိုရင် အမျိုးသမီးတွေဟာ တိုက်ရိုက် ပစ်မှတ်ထားခံရတာမျိုး မဟုတ်ခဲ့ပေမယ့် ပစ်ခတ်မှုတွေနဲ့ အခြားအကြမ်းဖက်တိုက်ခိုက်မှုတွေအကြား ပိတ်မိပြီး သားကောင်ဖြစ်ခဲ့ရတယ်လို့ မြေပြင်မှာ ရှိတဲ့ ကျွန်မတို့ရဲ့ အဖွဲ့က ပြောပါတယ်” ဟုလည်း ၎င်းက ပြောသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ထိန်းသိမ်းဖမ်းဆီးခံထားရသူ ၂,၀၀၀ ကျော်ကို ပြီးခဲ့သည့်ရက်ပိုင်းက အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ပြန်လွှတ်ပေးခဲ့ပြီးနောက် ယခုအခါ ကုလ အတွင်းရေးမှူးချုပ်က သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်အပါအ၀င် အခြားထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေးအတွက် ထပ်မံတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required