ဂျမူးနှင့် ကက်ရှ်မီးယားတွင် ဆစ်ခ်မိန်းကလေးများအား ဘာသာခြားဖြင့် ဖိအားပေး လက်ထပ်စေခြင်းအပေါ် မွတ်စလင် ဘာသာရေးခေါင်းဆောင် ရှုတ်ချ

ဂျမူးနှင့် ကက်ရှ်မီးယားတွင် ဆစ်ခ်မိန်းကလေးများအား ဘာသာခြားဖြင့် ဖိအားပေး လက်ထပ်စေခြင်းအပေါ် မွတ်စလင် ဘာသာရေးခေါင်းဆောင် ရှုတ်ချ

ဆရီနဂါဒေသတွင် ဆစ်ခ်ဘာသာဝင် အမျိုးသမီး ၂ ဦးအား သေနတ်ဖြင့်ထောက် ဖမ်းဆီးသွားကာ အခြားဘာသာမှ အသက်ကြီးသူ အမျိုးသားများကို လက်ထပ်စေပြီး ဘာသာပြောင်းလိုက်ခြင်းကို ဆစ်ခ်လူမျိုးစုခေါင်းဆောင်များက စွပ်စွဲပြောကြားပြီး နောက်တစ်နေ့တွင် မွတ်စလင်ဘာသာရေးခေါင်းဆောင် မူတီဖီအယာတိုလာမာကာဇီ ဂျာမီယာမတ်စ်ဂျစ်ဂျမူးက အဆိုပါ ဖြစ်စဉ်အပေါ် ဘက်မလိုက်သည့် စုံစမ်းမှု ပြုလုပ်ရန် တောင်းဆိုလိုက်သည်။

၎င်းထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ကက်ရှ်မီးယားပြည်နယ်၌ ဆစ်ခ်ဘာသာဝင် မိန်းကလေး ၂ ဦးအား အခြားဘာသာဝင်အမျိုးသားများနှင့် လက်ထပ်ပေးခြင်းအပေါ် ဆစ်ခ်အသိုင်းအဝိုင်းကြားတွင် မကျေနပ်မှုများ ဖြစ်နေကြောင်း ဖော်ပြထားသည်။

ဖိအားပေးဘာသာပြောင်းခိုင်းသည်ဆိုသော စွပ်စွဲချက်များသည် အားလုံးအတွက် မကောင်းကြောင်းနှင့် အစ္စလာမ်အယူဝါဒ၏ စည်းမျဉ်းနှင့်လည်း မကိုက်ညီဟု အယာတိုလာက ဆိုသည်။

“ယခုဖြစ်စဉ်သည် အားလုံးနှင့် မသက်ဆိုင်ဟု ယုံကြည်နိုင်သည့် ခိုင်လုံသော အကြောင်းရင်းများ ရှိနေပြီး အချို့ဖြစ်စဉ်များသည် ဘာသာရေးအရောင်ခြယ်ခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

အစိုးရအနေဖြင့် ယင်းကိစ္စကို ဘက်လိုက်မှုမရှိသည့် စုံစမ်းမှု လုပ်ဆောင်ရန်နှင့် နှစ်ဖက် ဘာသာဝင်များကလည်း ခိုင်မာသည့် ချစ်ခင်မှုကို ထိခိုက်စေမည့် အပြုအမူမျိုး မလုပ်ဆောင်ကြရန်လည်း အယာတိုလာက တိုက်တွန်းသည်။

အတင်းအဓမ္မလက်ခံစေခြင်းသည် အစ္စလာမ်ဘာသာတွင် မရှိသလို တစ်ဦးတစ်ယောက်သည် မိမိတို့ယုံကြည်မှု စိတ်သဘောအတိုင်းသာ အစ္စလာမ်ဘာသာကို လက်ခံနိုင်ကြောင်း၊ လက်ထပ်ခြင်းကြောင့် အစ္စလာမ်ဘာသာဝင် ဖြစ်လာသော်လည်း ဘာသာ၏ အခြေခံသဘောတရားများကို မယုံကြည်ပါက အစ္စလာမ်ဝါဒနှင့် ဆန့်ကျင်နေကြောင်းလည်း ၎င်းက ပြောကြားသည်။

“ဒီပြဿနာကို တစ်ညီတစ်ညွတ်တည်းနဲ့ ရှုတ်ချတဲ့ ကက်ရှ်မီးယားဒေသက လူတွေကို ကျေးဇူးတင်ပါတယ်။ နစ်နာခဲ့တဲ့ မိသားစုတွေနဲ့အတူ ရပ်တည်ပါတယ်” ဟုလည်း ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly