ဘင်္ဂလားဒေ့ရှ်မှာ တင်းကျပ်တဲ့ ကိုဗစ်လော့ဒေါင်းချပြီး စစ်တပ်နဲ့ ရဲ ကင်းလှည့် 

ဘင်္ဂလားဒေ့ရှ်မှာ တင်းကျပ်တဲ့ ကိုဗစ်လော့ဒေါင်းချပြီး စစ်တပ်နဲ့ ရဲ ကင်းလှည့် 
Photo - AFP

ဇူလိုင် ၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြည်သူတွေ အရေးပေါ်အခြေအနေနဲ့ မရှိမဖြစ် ပစ္စည်းတွေ ဝယ်ယူတာကလွဲလို့ အိမ်ပြင်မထွက်ရတာနဲ့အတူ သီတင်းပတ်ကြာ တင်းကြပ်တဲ့ ကိုဗစ်-၁၉ လော့ဒေါင်း စတင်ချမှတ်ချိန်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ လူသူပြတ်လပ်တဲ့ လမ်းတွေမှာ ကြာသပတေးနေ့က ကင်းလှည့်တာဝန်ယူကြပါတယ်။ 

လူဦးရေ ၁၆၈ သန်းရှိတဲ့ တောင်အာရှ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်တာဟာ တပ်လှန့်အနေအထား အန္တရာယ်အဆင့် ရှိနေတယ်လို့ အစိုးရက ပြောပြီး ကူးစက်မှု ပိုမြန်တဲ့ Delta ကိုရိုနာမျိုးကွဲကြောင့် ဖြစ်ရတယ်လို့ ဆိုပါတယ်။ 

ဆေးရုံတွေမှာလည်း ကိုဗစ်-၁၉ လူနာတွေအတွက် ရုန်းကန်နေရပြီး အထူးသဖြင့် Delta မျိုးကွဲ ပထမဆုံး ထွက်ပေါ်ရာ အိန္ဒိယနိုင်ငံနဲ့ နယ်စပ် ဧရိယာတွေမှာပဲ ဖြစ်ပါတယ်။ အချို့သော ကျေးလက်မြို့နယ်တွေဟာ စံချိန်တင် ကူးစက်နှုန်း ၇၀ ရာခိုင်နှုန်း ရှိနေပါတယ်။ 

သီတင်းပတ်ကြာ လော့ဒေါင်းချတဲ့ ပထမရက်မှာပဲ ဒါကာက ပုံမှန်လူစည်ကားတဲ့ လမ်းတွေဟာ ခြောက်ကပ်သွားခဲ့ပြီး ဝတ်စုံပြည့် စစ်သားတွေက ကင်းလှည့်ကာ စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ခဲ့ကြပါတယ်။ 

အကြောင်းပြချက် ခိုင်ခိုင်မာမာ မရှိဘဲ အိမ်ပြင်ထွက်တဲ့ ဘယ်သူမဆို ဒဏ်ငွေအရိုက်ခံရမှာ ဖြစ်ပြီး ဖမ်းဆီးလည်း ခံရနိုင်တယ်လို့ ဒါကာရဲမှူးကြီးက သတင်းထောက်တွေကို ပြောပါတယ်။ 

“တစ်နေ့တည်းမှာ ဖမ်းဆီးဒဏ်ရိုက်တာ ၅၀၀၀ လောက် လုပ်ဆောင်ဖို့ လိုတယ်ဆိုလည်း ကျွန်တော်တို့က လုပ်ဆောင်သွားရမှာပဲ”လို့ ရဲမှူးကြီး ရှာဖီကယ်အစ္စလမ်က ပြောပါတယ်။ 

မြစ်ဝကျွန်းပေါ်နိုင်ငံ ဘင်္ဂလားဒေ့ရှ်မှာ အခု လော့ဒေါင်းကို ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ချိန်မှာ ရွှေ့ပြောင်းအလုပ်သမား ထောင်ပေါင်းများစွာဟာ အန္တရာယ်အတွက် စိတ်မချရတဲ့ လူပြည့်သိပ်တဲ့ ယာဉ်တွေနဲ့အတူ ဒါကာကနေ လူအစုအပြုံလိုက် ထွက်ခွာကြတာတွေ ဖြစ်ခဲ့ပါတယ်။  

“ဒီ တင်းကျပ်တဲ့ လုပ်ငန်းစဉ်တွေက အလုပ်ဖြစ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ဘယ်လိုပဲ လုပ်ရလုပ်ရ ကျွန်တော်တို့အနေနဲ့ ဗိုင်းရပ်စ်ကို ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်”လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ရိုဘတ်အာမင်က အေအက်ဖ်ပီကို ပြောပါတယ်။ 

ဒါပေမဲ့ ဒါကာမှာ လမ်းဘေးအစားအစာရောင်းချသူ အသက် ၁၈ နှစ်အရွယ် ဆာဂါကတော့ စိတ်ဆိုးဒေါသထွက်ပါတယ်။ 

“အစိုးရက အခု လော့ဒေါင်းချမှတ်တာဟာ ဆင်းရဲသားတွေကို သတ်ပစ်တာပဲ၊ ကျွန်တော်တို့အတွက် အလုပ်မရှိတော့ဘူး၊ ဘယ်သူ့ဘယ်သူမှလည်း မကူညီကြဘူး”လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၉၀၀၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၁၄၅၀၀ ဦးရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် သတင်းမထုတ်ပြန်နိုင်တာတွေကြောင့် အမှန်နှုန်းထားဟာ ဒီထက် ပိုပြီး များပြားနိုင်တယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly