အမေရိကန် ကာကွယ်‌ရေး၀န်ကြီးဟောင်း ဒေါ်နယ်ရမ်းစ်ဖဲလ် ကွယ်လွန်

အမေရိကန် ကာကွယ်‌ရေး၀န်ကြီးဟောင်း ဒေါ်နယ်ရမ်းစ်ဖဲလ် ကွယ်လွန်
Photo - AFP

ဇူလိုင် ၁

အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေး၀န်ကြီးဟောင်း ဒေါ်နယ်ရမ်းစ်ဖဲလ်ဟာ ဇွန်လ ၂၉ ရက်က နယူးမက္ကဆီကိုပြည်နယ်ရှိ ၎င်းရဲ့ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

၎င်းဟာ ကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ် ရှိပြီ ဖြစ်ပါတယ်။

ဒေါ်နယ်ရမ်းစ်ဖဲလ်ဟာ အမေရိကန်သမ္မတဟောင်း ဂျော့ဂျ်ဒဗလျူဘုရှ် လက်ထက် ကာကွယ်ရေး၀န်ကြီးအဖြစ် တာ၀န်ယူခဲ့စဥ်ကာလအတွင်း အာဖဂန်နစ္စတန်နဲ့ အီရတ်ကို ၀င်‌ရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲတွေကို ဦးဆောင်စီမံခဲ့သူလည်း ဖြစ်ပါတယ်။

ရမ်းစ်ဖဲလ်ဟာ အမေရိကန် ကာကွယ်ရေး၀န်ကြီးအဖြစ် နှစ်ကြိမ် တာ၀န်ထမ်း‌ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

“ဆယ်စုနှစ် ခြောက်ခုကျော်ကြာ တာ၀န်ထမ်းဆောင်မှုအတွင်း သူ့ရဲ့ သူမတူတဲ့ ပြီးမြောက်အောင်မြင်မှုတွေအတွက် သမိုင်းမှာ သူ့ကို အမှတ်ရကောင်း ရနေပါလိမ့်မယ်၊ ဒါပေမယ့် သူ့ကို အကောင်းဆုံး သိရှိထားခဲ့သူတွေအတွက် သူ့ရဲ့ဇနီး၊ မိသားစု၊ မိတ်ဆွေတွေအပေါ် ထားတဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာတွေကို မိမိတို့ အမြဲ အမှတ်ရနေမှာပါ၊ နိုင်ငံအတွက် သူ့ဘ၀ကို နစ်မြှုပ်ပြီး ထမ်းဆောင်ခဲ့တဲ့ သူ့ဂုဏ်သိက္ခာတို့ကို မိမိတို့ အမှတ်ရနေမှာပါ” လို့ ရမ်းစ်ဖဲလ်ရဲ့ မိသားစုက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သွားခဲ့ပါတယ်။

အလားတူ ရမ်းစ်ဖဲလ်ဟာ ထက်မြက် တည်ကြည်ပြီး အင်မတန် တော်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း၊ ခုလို ကွယ်လွန်သွားတဲ့အတွက် မိမိတို့ အင်မတန် ၀မ်းနည်းကြေကွဲရကြောင်း အမေရိကန်သမ္မတဟောင်း ဂျော့ဂျ် ဒဗလျူဘုရှ်ကလည်း ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly