အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာ နိုင်ငံတကာမှာ အသိအမှတ်ပြုခံရဖို့ ကြိုးစားတာလို့ AAPP ပြော

အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာ နိုင်ငံတကာမှာ အသိအမှတ်ပြုခံရဖို့ ကြိုးစားတာလို့ AAPP ပြော

ဇွန် ၃၀

အာဏာသိမ်းစစ်ကောင်စီဟာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကို လုပ်ဆောင်နေတာ မဟုတ်ဘဲ စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အသိအမှတ်ပြုမှုကို လက်ခံလာစေဖို့ ကြိုးစားနေတာဖြစ်တယ်လို့ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောလိုက်ပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP) က ဒီကနေ့ ထုတ်ပြန်တဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံ အကျဉ်းသားအချို့ ပြန်လည်လွှတ်မြောက်မှုနဲ့ ပတ်သက်လို့ ကြေညာချက်မှာ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောကြားထားတာ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေရှိနေသရွေ့ ဒီမိုကရေစီလမ်းစဉ်ကို ဖော်ဆောင်နိုင်မှာ မဟုတ်တဲ့အပြင် တရားမျှတမှုနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း အကောင်အထည် ဖော်ဆောင်နိုင်မှာမဟုတ်ဘူးလို့ ဦးတိတ်နိုင်က ပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသားများရှိနေသရွေ့ ဒီမိုကရေစီလမ်းစဉ်ကို ဖော်ဆောင်နိုင်မှာ မဟုတ်တဲ့အပြင် တရားမျှတမှုနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း အကောင်အထည် ဖော်ဆောင်နိုင်မှာမဟုတ်ပါဘူး။ တရားမဝင် အာဏာသိမ်းစစ်အုပ်စုအနေနဲ့ လုပ်ဆောင်နေမှုတွေဟာ အပြု သဘောဆောင်တဲ့ အပြောင်းအလဲတွေကို လုပ်ဆောင်နေခြင်းမဟုတ်ဘဲ စက်တင်ဘာလမှာ ကျင်းပမယ့် ကုလ သမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အသိအမှတ်ပြုလက်ခံလာစေဖို့ ကြိုးစားနေခြင်းသာ ဖြစ်တယ်”လို့ ပြောပါတယ်။

AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကလည်း အာဏာသိမ်းစစ်ကောင်စီက အခုလိုပြန်လွှတ်ပေးမှုအပေါ် နိုင်ငံတကာ အသိုင်းအဝန်းကလည်း အပြုသဘော မရှုမြင်သင့်သလို စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့နဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာစေဖို့ လက်တွေ့ကျတဲ့ ဖိအားပေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိစေဖို့ နိုင်ငံခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချွင်းချက်မရှိ ပြန်လည်လွတ်မြောက်ဖို့လိုအပ်ပြီး ပြည်သူ့ဆန္ဒနဲ့ ရွေးချယ်တင်မြောက်ထားတဲ့ အရပ်သားအစိုးရ အုပ်ချုပ်မှု ထွန်းကားဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်း ချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ကို ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းမှ အာဏာသိမ်း စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required