ဗိုလ်မှူးချုပ်ခင်ကျော် ဟန်းဖုန်းမှတဆင့် စစ်သင်တန်းဆင်းလာသူများကို နောက်ယောင်ခံလိုက်နေ

ဗိုလ်မှူးချုပ်ခင်ကျော် ဟန်းဖုန်းမှတဆင့် စစ်သင်တန်းဆင်းလာသူများကို နောက်ယောင်ခံလိုက်နေ

ဇွန်လ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်

ဖမ်းဆီးခံထားရသော အမျိုးသားကာကွယ်တပ် (NDF) တပ်မှူး ဗိုလ်မှူးချုပ်ခင်ကျော်၏ လက်ကိုင်ဖုန်းမှတဆင့် တောတွင်း စစ်သင်တန်းဆင်းလာသူများကို စစ်ကောင်စီထောက်လှမ်းရေးများက နောက်ယောက်ခံလိုက်နေကြောင်း တပ်ဖွဲ့၏ ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်က ပြောသည်။

ဦးထွန်းအောင်ကျော် က “ အခုသူတို့စစ်ကြောရေးမှာရှိနေတယ်ဆိုတာတော့ သိတယ်။ ဘယ်စစ်ကြောရေးဆိုတာတော့ မသိသေးပါဘူး။ ကိုခင်ကျော် ဖုန်းနဲ့ သူစခန်းမှာ သင်တန်းတတ်ခဲ့ဖူးသူတွေကို လှမ်းခေါ်နေတဲ့အကြောင်း သတင်းတွေကြားနေရတယ်။ ကိုခင်ကျော်အသံနဲ့ပဲ ။ အသံကခပ်အစ်အစ် ဖြစ်နေတယ်။ အရင်အသံနဲ့မတူဘူး။ အသံတော့ ဆင်တယ်။ ခပ်အစ်အစ်ဖြစ်နေတဲ့အတွက် အားလုံးကသံသယဖြစ်နေတယ်။ အယောင်ဆောင်ပြီးတော့ လာခဲ့ကြ ဖို့ဆိုပြီး စခန်းမှာသင်တန်းတတ်ခဲ့တဲ့ ရဲဘော်တွေကိုခေါ်နေတယ်ဆိုတာကို လှမ်းခေါ်ခံရတဲ့ ရဲဘော်တွေက ပြန်ပြောတယ် “ ဟု မဇ္ဈိမကို ပြောသည်။

NDF ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သို့လွှဲပြောင်းပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖြစ်ခံယူရန် ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နှင့် တွေ့ဆုံရန်အသွား မြဝတီတွင် စစ်ထောက်လှမ်းရေးများက ဖမ်းမိသွားခဲ့ကြသည်။ 

ဗိုလ်မှူးချုပ်ခင်ကျော်နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)အဖွဲ့ဝင်ဟောင်း အမေရိကန်နိုင်ငံသား ဦးကိုကိုနိုင်လည်း ဖမ်းဆီးခံရသည်။ 

ဗိုလ်မှူးချုပ်ခင်ကျော်သည် အပစ်ခတ်ရပ်စဲရေးလုပ်ထားသည့် ABSDF မှခွဲထွက်ပြီး ပြည်ထောင်စုကာကွယ်ရေးတပ် UNRA (Union of National Resistance Army) ကို ၂၀၁၄ ခုနှစ်တွင် နယ်စပ်တွင် တည်ထောင်ခဲ့သည်။ နေပြည်တော်တွင် စစ်အာဏာသိမ်းမှုဖြစ်ပွားအပြီး ABSDF ဥက္ကဟောင်းတစ်ဦးဖြစ်သည့် ဦးထွန်းအောင်ကျော်နှင့်တွဲကာ နိုင်ငံတကာရောက် ABSDF အဖွဲ့ဝင်များနှင့်ဆွေးနွေးညှိနှိုင်းပြီး NDF ဟူ၍ ထူထောင်ခဲ့ကြသည်။ 

NDF အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်ဒေသများတွင် ခိုလှုံလာသောလူငယ်များကို မြို့ပြပြောက်ကျားသင်တန်းများနှင့် အရာရှိငယ်သင်တန်းများပေးနေခဲ့သည်။ NUG အစိုးရက PDF ထူထောင်လာသည့်အခါ နိုင်ငံရေးညီညွတ်မှုအရ NDF ကို PDF အသွင်ပြောင်းရန် ကတိပြုခဲ့ကြသည်။ 

မကြာသေးခင်ကပင် NDF ၏ အရာရှိငယ်သင်တန်းအမှတ်စဉ် (၁) နှင့် မြို့ပြပျောက်ကျားသင်တန်း အမှတ်စဉ် (၇) သင်တန်းဆင်းပွဲဗီဒီယိုတွင် ဥက္ကဌ ဦးထွန်းအောင်ကျော်နှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သဝဏ်လွှာပေးပို့ခဲ့ကာ ပဲခူးတိုင်း၊ ဝေါမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးဒီ ( ယခင် ABSDF သံလွင်စခန်း တပ်ရင်း ၂၀၉ ခေါင်းဆောင်) က တပ်ကိုစစ်ဆေးခဲ့သည်ကိုတွေ့ရသည်။

ကိုခင်ကျော်သည် ABSDF သို့ ရဲဘော်အဆင့်ဖြင့်ဝင်ရောက်ခဲ့ကာ စစ်ရေးထူးချွန်သူဟု နာမည်ကောင်းရပြီး တပ်ဖွဲ့၏ အရာရှိသင်တန်းများတွင်လည်း ထူးချွန်ခဲ့သည်။  ဗိုလ်မှူးကြီးအဆင့်သို့ရောက်ရှိလာပြီး စစ်ကော်မရှင်တွင်ဦးစီးဖြစ်လာခဲ့သည်။

ဗိုလ်မှူးချုပ်ခင်ကျော် အဖမ်းခံရမှုနှင့်ပတ်သက်ပြီး “ ဟုတ်တယ်။ တော်လှန်ရေးအတွက်ကြီးမားတဲ့ဆုံးရှုံးမှုကြီးပဲ PDFအတွက်တပ်မှူးကောင်းတယောက်ပဲ့သွားစေတာပေါ့။ အချိန်တိုတိုနဲ့ရမဲ့အောင်ပွဲကိုရေရှည်သွားစေတယ်”  ဟုဦးထွန်းအောင်ကျော်ကပြောသည်။

ဦးကိုကိုနိုင်သည် PDF အဖွဲ့များအတွက် ရိက္ခာများ၊ရန်ပုံငွေများရှာဖွေထောက်ပံ့နေသူတစ်ဦးဖြစ်သည်။

ဗိုလ်မှူးချုပ်ခင်ကျော်နှင့် နောက်ဆုံးအဆက်သွယ်ရကြသည်မှာ ဇွန်လ ၂၀ ရက်နေ့ကဖြစ်ပြီး ဇွန်လ ၂၄ ရက်နေ့တွင်တော့ ဦးကိုကိုနိုင်အဖမ်းခံရသည်ဟု နယ်စပ်သတင်းအရင်းအမြစ်များက ပြောသည်။ သူတို့နှစ်ဦးအတူတူအဖမ်းခံရခြင်းလား၊ ရက်ခြားဖမ်းဆီးခံရခြင်းလား မသိရသေးပါ။

ဦးထွန်းအောင်ကျော်က “ ကိုခင်ကျော် ၊ ကိုကိုနိုင်တို့အဖမ်းမခံရခင် အရင်တုန်းက စခန်းထဲကို အဝင်အထွက်ရှိတဲ့သူတွေအဖမ်းခံရတာရှိတယ်။ သူတို့ကိုစစ်ရင်းနဲ့ပေါ်တာလို့ထင်တယ်။ စခန်းတည်နေရာကိုသိသွားတယ်။ ကင်းချထားပြီး အဝင်အထွက်တွေစောင့်ကြည့်နေကြတယ်။

အယောင်ဆောင်ထောက်လှမ်းရေးတွေချထားတာတွေရှိတယ်။ စခန်းထဲမှာလည်း သင်တန်းတတ်တဲ့လူတွေ ဝင်လာနိုင်တယ်။ ဒီကြားထဲမှာ ကင်မရာတွေသိမ်းထားတယ်။ အဲဒီမှာခိုးရိုက်ပြီး ဓာတ်ပုံရိုက်ယူသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ကောင်လေးက ဒလန်ဖြစ်နေတယ်။ အဲဒီကောင်မလေးကစခန်းက ထွက်လာပြီးတဲ့ဖမ်းဆီးခံရတယ်။ အဲဒီမှာအဲကောင်မလေးနဲ့ပတ်သက်ပြီး စခန်းက သင်တန်းဆင်းလာတဲ့သူတွေ ဘီလင်းမှာအဖမ်းခံခဲ့ရတယ်။ အဲဒီကနောက်ဆက်တွဲကြောင့် စခန်းတည်နေရာခန့်မှန်းခြေကိုသိသွားတယ်။ ရိက္ခာလာပို့တဲ့သူတွေကိုလည်းသိသွားတယ်။ အခုလေ့ကျင့်ရေးစခန်းကိုနေရာပြောင်းထားပါတယ်။သတင်းပေါက်ကြားပြီး အဖမ်းခံရတဲ့ပုံစံမျိုးဖြစ်သွားတဲ့ပုံစံမျိုးပါ။ အဲဒီရဲ့နောက်ဆက်တွဲလို့ ယူဆလို့ရတယ် “ဟု ပြောသည်။

တပ်မှူး ဗိုလ်မှူးချုပ်ခင်ကျော်အဖမ်းခံရပြီးနောက် ဥက္ကဌဖြစ်သူ ဦးထွန်းအောင်ကျော်က NDF ကို NUG သို့လွှဲအပ်ကြောင်း ဇွန်လ ၂၄ ရက်နေ့မှာ  အွန်လိုင်းကတဆင့် ကြေညာခဲ့သည်။

ဇွန်လ ၃၀ ရက်နေ့တွင် ဦးထွန်းအောင်ကျော်သည်  NDF ဥက္ကဌအဖြစ်မှ နှုတ်ထွက်ခဲ့သည်။

“သူတို့နှစ်ယောက်အဖမ်းခံရတော့ ဥက္ကဌ တစ်ယောက်အနေနဲ့တာဝန်ရှိတယ်ဆိုတော့ ဥက္ကဌအနေနဲ့နှုတ်ထွက်တယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ သူတို့ တွေ့ဆုံစေတဲ့ ဆုံးဖြတ်ချက်က ကိုယ်တိုင်လုပ်ထားတာ ၊ ကိုခင်ကျော်အဖမ်းခံရတာလည်း တာဝန်ရှိတယ်။ကိုကိုနိုင် အဖမ်းခံရတာလည်း တာဝန်ရှိပါတယ်။ ဥက္ကဌအနေဖြင့် နှုတ်ထွက်တယ်ဆိုတာ တော်လှန်ရေးက စွန့်ခွာသွားတာမဟုတ်ပါဘူး။ ဆက်ပြီး တော်လှန်ဖို့ရှိနေပါတယ်။ တစ်ဗိုလ်ကျ တစ်ဗိုလ်တတ် စနစ်နဲ့ ဆက်သွားမှာပါ  “ ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly