တနိုင်ငံလုံးအကျဉ်းသား ၂၀၀၀ ကျော် လွှတ်ပေးမည်ဖြစ်ပြီး အင်းစိန်ထောင်မှ ၇၀၀ ကျော်လွှတ်မည်

တနိုင်ငံလုံးအကျဉ်းသား ၂၀၀၀ ကျော် လွှတ်ပေးမည်ဖြစ်ပြီး အင်းစိန်ထောင်မှ ၇၀၀ ကျော်လွှတ်မည်
ဓာတ်ပုံ-  ရန်ကုန် အင်းစိန်ထောင်ရှေ့ စောင့်ဆိုင်းနေကြသူများ

ဇွန် ၃၀

နိုင်ငံအဝှမ်းအကျဉ်းထောင်များမှ အကျဉ်းသား ၂၀၀၀ ကျော် လွှတ်ပေးမည်ဖြစ်ပြီး အင်းစိန်ထောင်မှ ၇၀၀ ကျော်လွှတ်မည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

" တနိုင်ငံလုံးကို ၂၀၀၀ လောက်ရှိမယ်။ အင်းစိန်က ၇၀၀ ကျော်ရှိမယ်။ ဘယ်သူတွေပါမလဲဆိုတာက စာရင်းမရောက်သေးတော့ ပြောလို့မရသေးဘူး" ဟု အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဓာတ်ပုံ-  ရန်ကုန် အင်းစိန်ထောင်ရှေ့ စောင့်ဆိုင်းနေကြသူများ

" ဘယ်လိုလူတွေပါမလဲဆိုတာတော့ ပြောဖို့ခက်တယ်။ စာရင်းမရောက်သေးလို့။ ဒါပေမဲ့ ဖေဖော်ဝါရီ နောက်ပိုင်း ဖမ်းထားတဲ့သူတွေပါမှာပါ" ဟု ၎င်းကဆက်လက်ပြောကြားသည်။

သို့သော် ဖေဖော်ဝါရီ နောက်ပိုင်းဖမ်းဆီးခံရသူ အကျဉ်းသားအများစုပါဝင်ဖွယ်ရှိရာ နိုင်ငံရေးအကျဉ်းသားများလည်းလွတ်မြောက်လာလိမ့်မည်ဟု မျှော်လင့်နေကြသည်။ 

လက်ရှိတွင် အကျဉ်းသားများ ပြန်လွှတ်ပေးမည့် သတင်းကြောင့် အင်းစိန်ထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေသည့် မိသားစုဝင်များ ရောက်ရှိနေသည်ကို တွေ့ရသည်။

ဓာတ်ပုံ-  ရန်ကုန် အင်းစိန်ထောင်ရှေ့ စောင့်ဆိုင်းနေကြသူများ

" ထောင်ဝင်စာတွေတဲ့သူတွေလည်းရှိတယ်။လက်ဖက်ရည်ဆိုင်( လင်းကဖေး)  ထဲမှာရှေ့နေတွေနဲ့ဖမ်းဆီးခံရတဲ့ပြည်သူတချို့မိသားစုတွေ ထောင်ရှေ့မှာက လူ၂၀ လောက်တော့ရှိတယ်။ ထောင်ရှေ့မှာ မရှိပေမယ့် တခြားနေရာတွေမှာလည်း စောင့်နေကြတယ်" ဟု ဖမ်းဆီးခံရသူများကို အခမဲ့ကူညီနေသည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၂၉ ရက်အထိ ဖမ်းဆီးခံရသူ ငါးထောင်ကျော်ရှိပြီး ယင်းတို့အနက် ပြစ်ဒဏ်ချမှတ်ခံရသူ ၂၀၀ ကျော်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly