နယူးဇီလန်ရှိ မြန်မာကျောင်းသားများ စစ်ကောင်စီထံ သစ္စာခံရန် မြန်မာသံရုံးက ခြိမ်းခြောက် ဖိအားပေးနေ

နယူးဇီလန်ရှိ မြန်မာကျောင်းသားများ စစ်ကောင်စီထံ သစ္စာခံရန် မြန်မာသံရုံးက ခြိမ်းခြောက် ဖိအားပေးနေ

ဇွန် ၃၀

နယူးဇီလန်နိုင်ငံတွင် ရှိနေသည့် မြန်မာကျောင်းသား၊ ‌ကျောင်းသူများ အာဏာသိမ်းစစ်အုပ်စုထံ သစ္စာခံကြောင်း ထုတ်ဖော်ရန် မြန်မာသံရုံးက ဖိအားပေးနေပြီး ယင်းသို့ ထုတ်ဖော်ခြင်း မရှိပါက “ပြစ်ဒဏ်” ပေးမည်ဆိုပြီး သံရုံးဘက်က ခြိမ်းခြောက်ထားကြောင်း သိရသည်။

နယူးဇီလန်ရောက် မြန်မာနိုင်ငံသား အုပ်စုငယ်တစ်ခုသည် နယူးဇီလန်အတွက် တာ၀န်ရှိသည့် ကင်ဘာရာမြို့ မြန်မာသံရုံးထံကနေ ပေးပို့လိုက်သည့် စာတစ်စောင်ကို လက်ခံရရှိထားခဲ့ပြီး ထိုစာထဲတွင် ၎င်းတို့အနေဖြင့် မြန်မာအာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်သည့် CDM လှုပ်ရှားမှု၌ ပူးပေါင်းပါ၀င်ခြင်းမပြုထားပါဆိုပြီး အတည်ပြုရန် တောင်းဆိုခံထားရကြောင်း သိရသည်။

နယူးဇီလန်တွင် ရောက်ရှိနေသည့် အမည်မဖော်လိုသူ မြန်မာကျောင်းသူတစ်ဦးက Stuff သတင်းဌာနကို ပြောကြားခဲ့ရာတွင် သူမအနေဖြင့် နယူးဇီလန်တွင် မြန်မာအာဏာသိမ်းစစ်အုပ်စုကို လူသိရှင်ကြား ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း၊ ယခုကဲ့သို့ သံရုံး၏ ခြိမ်းခြောက်မှုကြောင့် သူမ ကိုယ်တိုင်အတွက်သာမက အမိမြန်မာနိုင်ငံရှိ သူမ၏ မိသားစု လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေမိကြောင်း ပြောသွားခဲ့သည်။

“ကျွန်မ မြန်မာနိုင်ငံ ပြန်သွားတဲ့အချိန်ကျရင် လေဆိပ်ရောက်တာနဲ့ သူတို့ ကျွန်မကို ဖမ်းလိမ့်မယ်လို့ ကျွန်မ ခံစားနေမိပါတယ်” ဟု အဆိုပါ ကျောင်းသူက ပြောသည်။

“တကယ်လို့ ကျွန်မတို့ လိမ်ပြောရင် ကျွန်မတို့ကို အပြစ်ပေးမယ်လို့လည်း သူတို့ ပြောပါတယ်၊ ဒီတော့ ကျွန်မတို့မှာ ရွေးချယ်စရာ မရှိပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့ ပြောတဲ့အရာတွေအားလုံး ကျွန်မတို့ လုပ်ထားပြီးသား ဖြစ်နေပါပြီ” ဟု သူမက ပြောခဲ့သည်။

Stuff က ကြည့်ရှုခွင့်ရခဲ့သည့် စာမျက်နှာ နှစ်မျက်နှာပါ စာထဲတွင် ကျောင်းသားများကို ဆန္ဒပြလှုပ်ရှားမှုတွင် ပါ၀င်မထားခဲ့ပါ သို့မဟုတ် လှုပ်ရှားမှုတွင် ပါ၀င်ထားခဲ့သူ မည်သူတစ်ဦးတစ်ယောက်နှင့်မှ အဆက်အသွယ် မရှိပါ ဆိုပြီး ဇူလိုင် ၇ ရက်မတိုင်မီ အတည်ပြုရန် တောင်းဆိုထားကြောင်း သိရသည်။

ထို့ပြင် ကျောင်းသားများကို မြန်မာစစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး မည်သည့် ပို့စ်မှ ဆိုရှယ်မီဒီယာပေါ် မတင်ရန်လည်း ယင်းစာထဲတွင် ပြောထားသည်။

ယင်းစာကို နယူးဇီလန်ရောက် နိုင်ငံ့၀န်ထမ်းမြန်မာပညာတော်သင်ကျောင်းသားများထံလည်း ပေးပို့ထားကြောင်း သိရသည်။

Stuff ကို ပြောကြားခဲ့သည့် မြန်မာကျောင်းသူက ပြောရာတွင် သူမအနေဖြင့် သံရုံး၏ တောင်းဆိုမှုကို လက်ခံရရှိသည့် အခြားသော မြန်မာကျောင်းသား ၁၀ ဦးခန့်ကို သူမ သိရှိကြောင်း၊ အဆိုပါ ကျောင်းသားများသည်လည်း ဆန္ဒပြပွဲများတွင် ပါ၀င်ထားသူများ သို့မဟုတ် ဆိုရှယ်မီဒီယာပေါ် အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး တင်ထားကြသူများ ဖြစ်ကြောင်း ၎င်းက ပြောသွားခဲ့သည်။

သူမအနေဖြင့် ယခုစာနှင့်ပတ်သက်ပြီး မည်ကဲ့သို့ တုံ့ပြန်သွားရမည်ဆိုသည်ကို မသိသေးကြောင်း၊ လက်ရှိအချိန်တွင် သူမအနေဖြင့် နယူးဇီလန်တွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားကြောင်း ၎င်းက ပြောခဲ့သည်။ “ကျွန်မရဲ့ ရှေ့အနာဂတ်က ဘာတွေဖြစ်လာမလဲတော့ မသိပါဘူး၊ မလုံခြုံမှုနဲ့ မသေချာမရေရာမှုတွေကတော့ အများကြီး ရှိနေပါတယ်” ဟု သူမက ပြောသွားသည်။

တစ်ချိန်တည်းမှာပင် နယူးဇီလန်အခြေစိုက် advocacy group ဖြစ်သည့် Democracy For Myanmar ၏ ဥက္ကဋ္ဌ ဒေါ်တင်မမဦးကလည်း “တရားမ၀င်သည့် အစိုးရ” အနေဖြင့် သံရုံးကို အသုံးချပြီး နယူးဇီလန်ရှိ ယင်း၏နိုင်ငံသားများကို ခြိမ်းခြောက်မှုများ မလုပ်သင့်ကြောင်း ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly