ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ CNDF နဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံး

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ CNDF နဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံး

ဇွန် ၂၉

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNDF) တို့အကြား ဒီကနေ့ ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာ နှစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ CNDF က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲအတွင်း CNDF တပ်ဖွဲ့ဘက်ကလည်း လေးဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (မစိုးရိမ်ရ) သုံးဦးရှိခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေက CNDF တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေတဲ့ နေရာတစ်ခုကို ထိုးစစ်ဆင်ဖို့ အင်အားအများအပြားနဲ့ လက်နက်ကြီးအသုံးပြုကာ ဝင်ရောက်လာတဲ့အတွက် ခုခံကာကွယ်ပစ်ခတ်ခဲ့တာလို့ CNDF က ပြောပါတယ်။

အရင်နေ့တွေကလည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖလမ်းမြို့အတွင်းရှိ ကျေးရွာတချို့ကို ဝင်ရောက်ပြီး အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ကာ နေအိမ်တွေကို ဖျက်စီးခဲ့တယ်လို့ CNDF ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

လက်ရှိမှာတော့ ဖလမ်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ရပ်တန့်နေပေမယ့် ဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNDF) က အသိပေးထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required