နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၉ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၉ ဇွန် ၂၀၂၁)
ပုံ - ဇွန်လ ၂၉ ရက် ၊ ထားဝယ်မြို့ရှိ ဒေသခံပြည်သူများ၏ မီးထုတ်များကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း(Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• ဒဂုံမြို့သစ်တောင်ပိုင်း၊ (၇၂) ရပ်ကွက်ရှိ စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးရုံးမှ စာရေးဖြစ်သူ အသက် ၄၄ နှစ်အရွယ် ဒေါ်မြမြထွေး (ခ) မြတ်မြတ်ထွေးအား ယမန်နေ့ ညနေ ၆ နာရီခန့်က သူမ၏ နေအိမ်ရှေ့တွင် အမည်မသိသူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ညာဘက်ရင်ဘက်တွင် ဒဏ်ရာရရှိကာ ဆေးရုံအရောက်တွင် သေဆုံးသွားသည်ဟု သိရသည်။ အခင်းဖြစ်ပွားမှုအပြီး စစ်အုပ်စုလက်နက်ကိုင်များက ခြိမ်းခြောက်ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ည ၉ နာရီခန့် တွင်လည်း ၁၈ ကွေ့အနီးရှိ New Light လျှပ်စစ်ပစ္စည်းဆိုင်နှင့် အခြားနေရာတစ်ခုတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ 

• သင်္ဃန်းကျွန်းမြို့နယ်၊ ဂဖူးကွေ့စျေးတွင် စစ်အုပ်စုသတင်းပေးဟု နာမည်ထွက်နေသူ ကြံ့ခိုင်ရေးပါတီဝင်နှင့် စစ်အုပ်စုခန့် င/ကရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်လှိုင်ဝင်း (ခ) ကျားကြီးဆိုသူမှာ ယနေ့နံနက်ပိုင်း ၇ နာရီ ၄၀ မိနစ်ခန့်က အမည်မသိသူတစ်ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးသွားကာ စစ်အုပ်စု လက်နက်ကိုင်များ ရောက်လာပြီးနောက် စျေးအတွင်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ 

• သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးကလည်း မြို့နယ်တွင်း၌ စစ်အာဏာရှင်စနစ် အလို မရှိကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• တာမွေမြို့နယ် အဝေရာလမ်းပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးယူထားသည့် ရဲတစ်ဦးအား သေနတ်သမားအချို့နံနက် ၁၁ နာရီခန့်က ပစ်ခတ်သွားသဖြင့် သေဆုံးသွားခဲ့သည်။ ထို့နောက် စစ်အုပ်စုလက်နက်ကိုင်တပ်များက တာမွေဗလီထိပ်၊ အဝေရာလမ်း၊ အာယုလမ်း၊ သမိန်ဗရမ်းနှင့် အသောကလမ်းထိပ်များအား ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်သည့်အပြင် ပစ်ခတ်မှုအချို့ ပြုလုပ်ခဲ့သဖြင့် အငှားယာဉ်မောင်းတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် အခင်း ဖြစ်ပွားရာ အနီးတစ်ဝိုက်ရှိ တိုက်များပေါ်တွင်လည်း လက်ဖြောင့် စနိုက်ဘာသမားများ ထားရှိကာ လုံခြုံရေးတင်းကြပ် ထားလျက်ရှိသည်။ 

• ရန်ကုန်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားပါက မည်သည့်နေရာတွင် ဖြစ်သည်ဆိုသည့်အကြောင်းအား နေရာအတိအကျဖြင့် လူမှုကွန်ရက်ပေါ်တွင် ရေးသားခြင်းမှာ စစ်အုပ်စုအား သတင်းပေးသလိုဖြစ်ကာ ချက်ချင်းရောက်လာနိုင်သည့်အတွက် မြို့ပြပြောက်ကျားတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရာတွင် အခက်အခဲရှိနိုင်၍ ရေးသားခြင်းမပြုလုပ်ကြရန် Yangon Federal Army – YFA က မေတ္တာရပ်ခံထုတ်ပြန်ထားသည်။ 

• လှိုင်သာယာမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် တိမ်းရှောင်နေကြရသည့် ပြည်သူများ၏ နေအိမ်များအား စစ်အုပ်စုဘက်က ဝရမ်းများ လိုက်လံကပ်နေကာ ဝရမ်းတွင် ၁၅ ရက်အတွင်း လာရောက်ဖြေရှင်းရန်နှင့် မရှင်းလင်းပါက ပိုင်ဆိုင်မှု များအား ချိတ်ပိတ်သိမ်းဆည်းမည်ဟု ပါရှိသော်လည်း လာကပ်သည့် ဝရမ်းစာရွက်များမှာ မေလ ၂၄ ရက် နေ့စွဲဖြင့် ထုတ် ထားသည့် ဝရမ်းများ ဖြစ်နေသည်။ 

• စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ရွှေပြည်သာမြို့နယ်တွင် ယနေ့နေ့လယ်ပိုင်းက ဘုရင့်နောင်လမ်းမကြီးပေါ်တွင် ဆိုင်ကယ်စီးနင်းသွားသူများအား စစ်အုပ်စုတပ်စွဲထားသည့် မီးသတ်တပ်ဖွဲ့ဝင်းအတွင်းမှ ခြောက်လှန့်ပစ်ခတ်မှုအချို့ ပြုလုပ်ခဲ့ရာ ထိခိုက်သူ မရှိခဲ့ပေ။ 

မန္တလေးတိုင်းဒေသကြီး

• စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာရှိ ရွှေပြည်ရဲစခန်းတွင် ယမန်နေ့ည ၁၁ နာရီကျော်ခန့်က ရဲတပ်ဖွဲ့ဝင်အချင်းချင်း စကားများရာမှ ရဲတပ်သားသက်ပိုင်တစ်ဦးက ပစ်ခတ်သဖြင့် ဒုရဲအုပ်ရွှေစိန်ဦးမှာ ကျည်ဆံခြောက်ချက် ထိမှန်ကာ သေဆုံးသွားသည်။ 

• ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာတွင် စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး အောင်ဇော်မင်းနှင့် အဖွဲ့က ယမန်နေ့ည ၇ နာရီခွဲခန့်တွင် ဆိုင်ကယ်စီးလာသူ ရွာခံလူငယ် သုံးဦးအား ကားဖြင့် လိုက်တိုက်ခဲ့သဖြင့် ရွာခံများ စုဝေးကာ ၎င်းအိမ်သို့ သွားရောက်စဉ် အောင်ဇော်မင်းမှာ ငါန်းဇွန်မြို့သို့ ထွက်ပြေးပြီးနောက် စစ်အုပ်စုလက်နက်ကိုင်များအား ခေါ်ဆောင်ပြီးနောက် ရွာအတွင်း ဝင်ရောက်စီးနင်းကာ လူငယ်များအား ရိုက်နှက်ခြင်း၊ နေအိမ်တစ်လုံးအား ဖျက်ဆီးခြင်းများပြုလုပ်ကာ ရွာခံသုံးဦးအား ဖမ်းဆီးသွားသည်။ 

• မန္တလေးလူငယ်များ သပိတ်စစ်ကြောင်းကလည်း မြို့အထင်ကရ သိပ္ပံလမ်းပေါ်ထိ တက်၍ စစ်အာဏရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မန္တလာတက္ကသိုလ် ကျောင်းသား/သူများ သပိတ်စစ်ကြောင်းကလည်း "လုံးဝအုပ်ချုပ်ခွင့်မရစေရ" ဟု ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• မန်းလေးပြင်ရပ် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကလည်း ယနေ့နေ့လယ်ပိုင်းတွင် လမ်းများပေါ်တက်ာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မတ္တရာမြို့နယ် ဒေသခံပြည်သူများကလည်း လယ်ကွင်းများ၌ စုဝေး၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• မန်းအင်ဂျင်နီယာမိသားစု သပိတ်စစ်ကြောင်းကလည်း ယနေ့တွင်လမ်းပေါ်တက်လာကာ စစ်အာဏာရှင်စနစ် ကျရှုံးရေး တို့အရေးဟု ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။ 

• မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ရဲစခန်းမှ CDM ပြုလုပ်နေသည့် ဒုရဲအုပ် ဂျော်နီ (ခ) သူရအား စစ်အုပ်စု ဖမ်းဆီးကာ ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်သည်။ 

• နွားထိုးကြီးမြို့နယ်၊ လက်ဝဲ + မြင်းနီကျေးရွာတွင် စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းနှင့် လက်နက်ကိုင်စစ်အုပ်စု ၃၀ ခန့်က ကျေးရွာအတွင်း သင်တန်းဆင်းလူငယ်များ ဖမ်းရန်ဟုဆိုကာ နံနက် ၄ နာရီခန့်က ဝင်ရောက်လာကာ NLD ပါတီဝင် ဦးထွန်းနိုင်နှင့် အခြားရွာခံ ဦးအောင်မိုးဦးတို့အိမ်အား ဝင်ရောက်ရှာဖွေကာ လက်ကိုင်ဖုန်းနှင့် ငွေများ သိမ်းယူသွားသည့်အ ပြင် ကျေးရွာနာရေးကူညီမှုအသင်းရန်ပုံငွေ ရှစ်သိန်းကျပ်ကိုလည်း လုယက်သိမ်းဆည်းသွားသည်။ 

• မြင်းခြံမြို့တွင် သားသတ်ရုံလုပ်ငန်းတွင် လုပ်ကိုင်သည့် အလုပ်သမားတစ်ဦးအား စစ်အုပ်စုလက်နက်ကိုင်များက ဓားကိုင် ဆောင်သည်ဟုဆိုကာ ဗောဓိတထောင်လမ်းညွှန်ဆိုင်းဘုတ်အနီးတွင် ဖမ်းဆီးသွားသည်။ 

• တောင်သာမြို့နယ်၊ ဇီးပင်ကန်ရွာတွင် စစ်အုပ်အုပ်စုသတင်းပေးခံဟု သတ်မှတ်ခံရသူ ထွေအုပ်ရုံးမှ စာရေးတစ်ဦးမှာ ယနေ့ နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားသည်ဟု သိရသည်။ 

ပဲခူးတိုင်းဒေသကြီး

• ရေတာရှည်မြို့နယ်၊ ရေနီမြို့တောင်ဘက်အဝင် ရန်ကုန်-မန္တလေးမီးရထားလမ်းတွင် ယမန်နေ့ညပိုင်း ၉ နာရီခန့်က အမှတ် (၁) အဆန်စာပို့ရထားဖြတ်သန်းစဉ် မီးရထားမိုင်တိုင် ၂၀၅/၁၂ နှင့် ၁၃ ကြား တံတားအမှတ် ၃၃၈ ပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ရထားစက်ခေါင်းရှေ့ မှန်အချို့နှင့် မီးရထားလမ်းပိုင်းအချို့ ပျက်စီးခဲ့သည်။ 

• ပဲခူးတိုင်းအတွင်း ကိုဗစ်ကူးစက်မှု မြင့်မားလျက်ရှိကာ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့ ရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်များအပြင် အချုပ်သားပါ ကူးစက်ခံနေရသည်။ 

ဧရာဝတီတိုင်းဒေသကြီး 

• မြန်အောင်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်တွင် ဇွန်လ ၂၇ နံနက်ပိုင်းက ဇော်ဌေးအရက်ဆိုင်၌ ဂတ်စ်ဖြင့် ပစ်ခတ်သည့် လေ သေနတ်ရှိသည်ဟုဆိုကာ ရဲနှင့် စစ်သား ၁၅ ဦးခန့်က ဝင်ရောက်စီးနင်း၍ ဆိုင်ပိုင်ရှင် ဦးကျော်ဝင်းအား ဖမ်းဆီးသွားသည်။ 

• ကျိုက်လတ်မြို့တွင် စစ်အုပ်စုအား နည်းပေါင်းစုံဖြင့် ခုခံတွန်းလှန်နေသည့် အစုအဖွဲ့များနှင့် ပူးပေါင်း၍ ကျိုက်လတ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့အား ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• ကျိုက်လတ်မြို့တွင် ယနေ့နံနက်ပိုင်း ၁၀ နာရီ ၄၅ မိနစ်ခန့်က အ.ထ.က (၁) ကျောင်းအတွင်း ပေါက်ကွဲမှုသုံးကြိမ် ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက် မြို့နယ်ပညာရေးမှူးရုံးတွင်လည်း ပေါက်ကွဲမှုတစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့သည်။ ကျောင်းတွင်းပေါက်ကွဲမှုတွင် ပြည်သူလေးဦး ထိခိုက်ခဲ့ကာ စစ်အုပ်စုလက်နက်ကိုင်များက ပေါက်ကွဲမှုဖြစ်ရာ နေရာများသို့ ရောက်ရှိလာက စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ဒီပဲယင်းမြို့နယ်၊ ကြည်ရွာနှင့် ရွာသစ်ကျေးရွာကြား ရွာသစ်ချောင်းတံတားအနီးတွင် ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က စစ်အုပ်စုယာဉ်တန်းအား ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မြို့နယ်စခန်းမှူးအပါအဝင် စစ်သားသုံးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

• ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာတွင် ၎င်းကိုယ် ၎င်း ပျူစောထီးအဖွဲ့ဝင်ဟု ကြွေးကြော်ကာ ရွာခံများအား ခြိမ်းခြောက်နေ သည် ရန်နိုင်ဆိုသူမှာ ယမန်နေ့ည ၁၁ နာရီခန့်က တူမီးသေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရသဖြင့် သေဆုံးသွားသည်။ 

• စစ်ကိုင်းအခြေစိုက် ဇေယျာတိုင်းမ်သတင်းဌာနမှ သတင်းထောက်ဟောင်းဖြစ်သူ ကိုစောပြည့်ချမ်းသာမှာ ဇွန်လ ၂၆ ရက်က ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာပြီ ဖြစ်သည်။ 

• ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ချီတက်ဆန္ဒပြခဲ့ကာ ထိုင်သပိတ်ပြုလုပ်စဉ်တွင်လည်း ကိုဗစ်ကူးစက်မှုဆိုင်ရာ အသိပေးမှုများကိုလည်း ကျန်းမာရေးဝန်ထမ်းများက သတိပေးဟောပြောမှုများ ပြုလုပ်ခဲ့သည်။ 
• ဘုတလင်မြို့နယ်ရှိ CDM ပညာရေးဝန်ထမ်းများနှင့် ဒေသခံများ စုပေါင်းထားသည့် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းက လည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• စစ်ကိုင်း၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းကလည်း ကျေးရွာများအတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မုံရွာမြို့နယ်တွင် ပြည်ထောင်စုလမ်းနှင့် သာစည်လမ်းမီးပွိုင့်သစ်ပင်များတွင် NNLD ပါတီဝင်နှင့် ဝန်းရံပြည်သူ ၄၈ ဦးအား စီရင်မည်ဟု စစ်တပ်ထောက်ခံ ပျူစောထီးအဖွဲ့က စာများ ကပ်ထားခဲ့ကာ စာရင်းတွင် ပါဝင်သူများ၏ နေအိမ်၊ မိသားစု၊ ဆွေမျိုးနှင့် ပိုင်ဆိုင်မှုများအား ပြင်းထန်စွာ စီရင်မည်ဟု ခြိမ်းခြောက်ထားသည်။ 

• တန့်ဆည်မြို့နယ် ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း ကျေးရွာများအတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည်။ 

• ကလေးမြို့တွင် ကိုဗစ်ကူးစက်မှု မြင့်မားမှုကြောင့် နေ့စဉ် လူသေဆုံးမှုများ ရှိနေသော်လည်း ကလေးမြို့ခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လူထုဆန္ဒဖော်ထုတ်မှုကို ယနေ့ညနေပိုင်းက မြို့တွင်းလှည့်လည်၍ ပြုလုပ်ခဲ့သည်။ 

မကွေးတိုင်းဒေသကြီး

• မြိုင်မြို့နယ်တောင်ပိုင်းဇုန်နေ ပြည်သူများကလည်း အင်အား ၁၀၀ ကျော်ဖြင့် ဆိုင်ကယ်သပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။ 

တနင်္သာရီတိုင်းဒေသကြီး

• ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စု၊ မြို့ဟောင်းရွာရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်မှာ ယမန်နေ့ညနေပိုင်းက ဦးခေါင်းတွင် ဓားဒဏ်ရာဖြင့် လဲနေခဲ့ရာ ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့ကာ ယင်းဖြစ်ရပ်ပြီးနောက် ပုလောကုန်းရွာ၌ စစ်အုပ်စုဘက်က ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

• ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် မေလ ၂၅ ရက်က စစ်အုပ်စုဘက်က အင်အားအများအပြားဖြင့် ပစ်ခတ်ဖမ်းဆီး သွားသည့် နည်းပညာနောက်ဆုံးနှစ်ကျောင်းသား ကိုအောင်စိုးအား ပုဒ်မ ၅၀၅ (က) (ဂ) တို့ဖြင့် ထောင်တွင်းတရားရုံးက ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်သည်။ 

• ထားဝယ်မြို့ပေါ်တွင် စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် ထားဝယ်ပင်မသပိတ်စစ် ကြောင်းနှင့် ကျောင်းသားလူငယ်သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။

• လောင်းလုံမြို့နယ် မောင်းမကန်ကျေးရွာနေ ပြည်သူများက "စစ်ဖိနပ်အောက် ငါတို့ ဒူးမထောက်" ဟု ရေးသားထားသည့် ဆိုင်းဘုတ် များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် ညင်းမော်၊ သဗျာ၊ ပဥ္စသီမော် ကျေးရွာများတွင်လည်း နံနက်ခင်းနှင့် ညနေပိုင်းများတွင် သပိတ်စစ်ကြောင်းများ ထွက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ လောင်းလုံမြို့နယ် ရေဖြူနှင့် ကဒက်ငယ်ဆိပ်ကျေးရွာနေ ပြည်သူများကလည်း ပူးပေါင်း သပိတ်စစ်ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြတော်လှန်ခဲ့သည်။ 

ကချင်ပြည်နယ်

• ပူတာအိုမြို့နယ်၊ မြို့မရပ်ကွက်နေ ရှင်းထန်ထယ်ရမ်ဆိုသူအား ရဲနှင့် စစ်သားများက ကားခြောက်စီး၊ အင်အား ၆၀ ခန့်ဖြင့် ယမန်နေ့ နေ့လယ်ပိုင်းက ဝင်ရောက်စီးနင်းဖမ်းဆီးရာ မတွေ့ရှိခဲ့သဖြင့် ယောက္ဖဖြစ်သူ ဦးရင်ထန်ဒီးအား ဓားစာခံဖမ်းဆီး သွားကာ ပူတာအိုမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားသည်။ 
• ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စုနေ ပြည်သူများကလည်း ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတားအနီး စုပေါင်းဂိတ် တိုက်ခိုက်ခံရပြီးနောက် တတားဖြတ်သန်းချိန်အား ယခင်က မနက် ၅ နာရီမှ ည ၈ နာရီအစား မနက် ၆ နာရီမှ ည ၇ နာရီအတွင်းသာ ဖြတ်သန်းခွင့် ပြုတော့မည်ဟု စစ်အုပ်စုဘက်က ကြေညာကာ လုံခြုံရေးတင်းကြပ်ထားသည်။ 
• မိုးကောင်းမြို့နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

ကယားပြည်နယ်

• ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDF ဘက်က အပစ်ရပ်ထားသော်လည်း စစ်အုပ်စုဘက်က ပစ်ခတ်မှုများ ဆက် လက်ပြုလုပ်လျက်ရှိရာ ကရင်နီ (ကယား) တိုင်းရင်းသားအများစုရှိသည့် ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့နယ်၊ ရေကာတာရွာနှင့် ပင်သာကြားတွင် ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးအား စစ်အုပ်စုလက်အောက်ခံ ၄၂၂ တပ်က ပစ်ခတ်သဖြင့် တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။ ယခုသေဆုံးမှုမှာ အပစ်ရပ်ထားပြီး ၂၀ ရက်ကြာပြီးနောက် ပထမဆုံးအကြိမ် အရပ်သားပစ်ခတ်ခံ ရခြင်းဖြစ်သည်။ 

• ဒီးမော့ဆိုမြို့နယ်တွင် စစ်အုပ်စုလက်အောက် အလုပ်မလုပ်ဘဲ CDM ပြုလုပ်နေသည့် အခြေခံပညာအဆင့်မှ ပညာရေးဝန်ထမ်း ၁၁၂၃ ဦးအား အလုပ်မှ ထုတ်ပယ်ထားသည်။ 

• လွိုင်ကော်မြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက စစ်အုပ်စုလက်နက်များက လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် အင်အား အများအပြားဖြင့် ကင်းလှည့်သွားလာမှုများ ပြုလုပ်ခဲ့သည်။ 

• ကယားပြည်နယ်တွင် စစ်အုပ်စုလက်ချက်ဖြင့် သေဆုံးခဲ့ရသည့်ပြည်သူ ၇၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု - PKPF က ထုတ်ပြန်ထားသည်။ 

ကရင်ပြည်နယ်

• မြဝတီမြို့ အမှတ် (၅) ရပ်ကွက်, ဦးအောင်ဇေယျလမ်းရှိ စစ်အုပ်စုလက်အောက်ခံ မြို့နယ်တရားရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ်ရှေ့တွင် ယမန်နေ့ည ၈ နာရီ ၁၀ မိနစ်ခန့်က ဆိုင်ကယ်စီးလာသူနှစ်ဦးက ပစ်ချခဲ့သည့် လက်လုပ်အသံဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ 

ချင်းပြည်နယ်

• ဖလမ်းမြို့နယ်တွင်းရှိ ပြည်သူများအနေဖြင့် ဗားရ်-ဝေဘူလ-ပါမွန်းချောင်းလမ်းဘက်သို့ သွားလာခြင်းမပြုကြရန် Chin National Organization/Chin National Defense Force က ယနေ့နံနက်ပိုင်းက ကြေညာထားသည်။ ကလေးမြို့၊ နတ်ချောင်းမှ တက်လာသည့် အင်အား ၁၀၀ ကျော်ရှိ စစ်အုပ်စုလက်နက်ကိုင်များမှာ ယမန်နေ့က ဖလမ်းမြို့၊ ဗားရ်တံတား၊ Locomနှင့် ပါမွန်းချောင်းရွာဘက်တွင် တပ်စွဲထားလျက်ရှိသည်။ 

• ချင်းပြည်နယ်တွင် စစ်အုပ်စုလက်အောက် အလုပ်မလုပ်ဘဲ CDM ပြုလုပ်နေသည့် စည်ပင်ဝန်ထမ်း ၄၃ ဦးအား စစ်အုပ်စုက အလုပ်က ထုတ်ပယ်လိုက်သည်။ 

• စစ်အုပ်စု လုံခြုံရေးယူထားသည့် မင်းတပ်မြို့ ထွေအုပ်ရုံးအနီး စည်ပင်လိုင်းခန်းတွင် ဖောက်ထွင်းခိုးယူခံရသဖြင့် တန်ဖိုးရှိ ပစ္စည်းများ ပါရှိသွားကြောင်း သိရသည်။ 

• စစ်အုပ်ချုပ်ရေးကြေညာထားသည့် မင်းတပ်မြို့တွင် မြို့မစျေးအား ယနေ့နံနက်ပိုင်းမှ နေ့လယ် ၂ နာရီခွဲအထိ ဖွင့်ခွင့်ပေးခဲ့ ရာ နေ့လယ်ပိုင်းတွင် စစ်အုပ်စုလက်နက်ကိုင်များ ရောက်လာကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ယူသွားကြသည်။ 

မွန်ပြည်နယ်

• သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာအတွင်း တပ်စွဲထားသည့် စစ်အုပ်စုလက်အောက်ခံ စကခ (က) ရှေ့တန်းတပ်မဌာနချုပ်စခန်းအနီးတွင် ဇွန်လ ၂၇ ရက်က KNLA တပ်ဖွဲ့ဘက်မှ လက်ဖြောင့်တပ်သား (စနိုက်ဘာ) တပ်သားက ပစ်ခတ်မှုဖြင့် စစ်အုပ်စုဘက်မှတစ်ဦး သေဆုံးခဲ့သည်။ 

• မော်လမြိုင်မြို့နေ လူငယ်များကလည်း "အသံမတိတ် အလံမလိပ် မော်လမြိုင်သပိတ်" ဟု ရေးသားထားသည့် ဆိုင်းဘုတ် ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ရှမ်းပြည်နယ်

• နမ့်ခမ်းမြို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် - SSPP/SSA အလိုမရှိကြောင်း ဒေသခံများ ဆန္ဒထုတ်ဖော်ရာတွင် ပေါက်ကွဲမှုဖြစ်၍ တစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိမှုဖြစ်စဉ်မှာ မိမိတို့လက်ချက်မဟုတ်ကြောင်း SSPP/SSA က ထုတ်ပြန်ထားသည်။ 

• နမ့်ခမ်းစျေးအနီး RCSS/SSA အလိုမရှိကြောင်း ဆန္ဒပြစဉ် ဗုံးကွဲမှုဖြစ်ပြီးနောက် ယနေ့တွင် စျေးလာဖွင့်ရဲသူမရှိတော့သည့် အတွက် စျေးမှာ ခြောက်ကပ်လျက်ရှိသည်။

• မူဆယ်မြို့၊ အထက်နမ့်ဟွမ်ရွာအသွားလမ်းဘေးတွင် ဇွန်လ ၂၆ ရက် နံနက်ပိုင်းက ပါးစပ်ပိတ်ခံထားရကာ သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေသူမှာ မြို့ဣယ်ဓမ္မစကူးလ်ဥက္ကဋ္ဌ ဦးမောင်ဇော်ဆိုသူဖြစ်ကာ အခြားအသက်ရှင်လျက်တွေ့ရ သည့် လူငယ်မှာမူ မူဆယ်မြို့ အ.ထ.က (၁) ရှိ ကျောင်းဆရာမတစ်ဦး၏ သားဖြစ်သူဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ 

• ရှမ်းမြောက်ပိုင်း၊ သိန္နီမြို့နယ်အတွင်းရှိ ကျောင်းများပိတ်ရန်နှင့် ဆရာ/ဆရာမများအား ရုပ်သိမ်းရန်၊ လိုက်နာမှုမရှိပါက ဆရာ/ဆရာမများအတွက် အာမ မခံနိုင်ကြောင်း ကိုးကန့်တပ်မတော် - MNDAA နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် - KIA က သတိပေးစာထုတ်ပြန်ထားသည်ဟု စစ်အုပ်စုလက်အောက်တွင် အလုပ်ဆက်လုပ်နေသည့် သိန္နီမြို့နယ် ပညာရေး မှူး ဒေါ်သူဇာအေးအမည်ဖြင့် ကြေးနန်းစာတစ်စောင် ထွက်ရှိထားသည်။ 

• နောင်ချိုမြို့နယ်တွင် ကိုဗစ်ကူးစက်ခံရသူများတွင် ကျောင်းသားများ ပါဝင်သည့်အတွက် ကျောင်းများ ယာယီပိတ်ထားလိုက်ပြီ ဖြစ်သည်။ 

ရခိုင်ပြည်နယ်

• မြောက်ဦးမြို့နယ်တွင် ဇွန်လ ၂၇ ရက်က ရွာဟောင်းတောကျေးရွာလယ်ကွင်းတွင် အသက် ၂၀ အရွယ် မောင်စိုးထွန်းဆိုသူ အား ဓားဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့သည်။ 

• သံတွဲမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်ကူးစက်သူ သင်ကြားရေးဆရာများရှိသော်လည်း စစ်အုပ်စုလက်အောက်ခံ မြို့နယ်ပညာရေးမှူးရုံးများမှတစ်ဆင့် ကျောင်းများဆက်ဖွင့်ထားရန် စစ်အုပ်စုက ဖိအားပေးခိုင်းစေထားသည်။ 

နေပြည်တော်

• စစ်အုပ်စုက အိန္ဒိယနိုင်ငံသို့ မတ်ပဲနှင့် ပဲစင်းငုံ စုစုပေါင်းတန်ချိန် ၃ သိန်းခွဲအား ငါးနှစ်ဆက်တိုက် တင်ပို့ရောင်းချရန် နားလည်မှုစာချွန်လွှာ ရေးထိုးထားသည်။ 

• စစ်အုပ်စုရုံးထိုင်နေသည့် နေပြည်တော်တွင် ကိုဗစ်ကူးစက်မှု မြင့်မားလာ၍ သပြေကုန်းစျေး ကားကွင်းနှင့် မြို့မစျေးကားကွင်းအတွင်း ဖွင့်လှစ်ထားသည့် ညစျေးများအား ပြန်ပိတ်မည် ဖြစ်သည်။

• လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အပေါ် စွဲဆိုထားသည့် ပုဒ်မ ၅၀၅ (ခ) အတွက် စစ်အုပ်စုဘက်က တင်သွင်းသည့် စာရွက်စာတမ်းများက ကန့်ကွက်ခဲ့သော် လည်း စစ်အုပ်စုလက်အောက်ခံ နေပြည်တော် အထူးတရားရုံးက သက်သေတင်ခွင့် ကြားဖြတ်အမိန့် ချမှတ်ခဲ့သည်။ သက်သေတင်သွင်းသည့် စာရွက်စာတမ်းများမှာ NLD ပါတီက ဖေဖော်ဝါရီ ၇ ရက်ထုတ် အကြောင်းကြားစာနှင့် ၁၃ ရက်နေ့ ထုတ် ထုတ်ပြန်ချက်များဖြစ်ပြီး ပါတီအလုပ်အမှုဆောင်အဖွဲ့ အမည်ဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။ 

• စစ်အုပ်စုက ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီများထံမှ အခွန်ငွေ ကျပ်သိန်း ၄၀၀၀၀ နီးပါး ရရှိထားကြောင်း အမျိုးသားညီညွတ်ရေး NUG အစိုးရ စီမံ/ဘဏ္ဍာ/ရင်းနှီးမြှုပ်နှံမှု ဒုဝန်ကြီး ဦးမင်းဇေယျာဦးက ပြောဆိုထားသည်။ 

ဇွန် ၂၉ သုံးသပ်ချက်

• ရန်ကုန်တွင် လမ်းပေါ်တက် ပြောက်ကျားလူထုသပိတ်များ ရှိနေဆဲ ဖြစ်ကာ စစ်အုပ်စုလက်နက်ကိုင်အချို့ ပစ်ခတ်ခံရမှုများ လည်း ရှိသည်။ စစ်အုပ်စုဘက်က ပစ်ခတ်တိုက်ခိုက်ခံရမှုများအပြီး ရမ်းကားစွာ ပြန်လည်ပစ်ခတ်မှုများကြောင့် ပြည်သူအချို့ သေဆုံးရမှုများလည်း ရှိသည်။ ရန်ကုန်တွင် ညမထွက်ရအချိန်များ၌ ပေါက်ကွဲမှုများလည်း ဆက်တိုက်ဖြစ်ပေါ်လျက် ရှိပြီး စစ်အုပ်စုသတင်းပေး ရှင်းလင်းမှုများလည်း ဆက်တိုက်ရှိနေသည်။ စစ်အုပ်စုဘက်က စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များတွင် ဆိုက်ကယ်ဖမ်းစီးမှုနှင့် စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေကာ အခြားမြို့နယ်များတွင်လည်း လှည့် ကင်းများ ထားရှိခြင်း၊ ကင်းပုန်းများ ချခြင်းများ ဆက်လုပ်လျက်ရှိသည်။ 

• မန္တလေးတွင် လူထုသပိတ်များ အားကောင်းကောင်းဖြင့် ဆက်ရှိနေကာ စစ်အုပ်စုဘက်ကလည်း ပုံမှန်မပျက် ကင်းလှည့်မှုများ ရှိနေသည်။ ကိုဗစ်ကူးစက်မှုများ ရှိလာသည့် မန္တလေးတွင် စစ်အုပ်စုနှင့် အဆင်ပြေသည့် အရပ်ဘက်အဖွဲ့အစည်းများက ကူညီရေးလုပ်ငန်းများ၌ နေရာယူ လုပ်ဆောင်မှုများ ရှိလာနေသည်။ 
• ကယား-ရှမ်းနယ်စပ် မိုးဗြဲတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များဘက်က အပစ်ရပ်ထားသော်လည်း စစ်အုပ်စုဘက်က နယ်မြေချဲ့ထွင်ခြင်းနှင့် ပစ်ခတ်မှုများ ပြုလုပ်သည့်အတွက် ပြည်သူအချို့ သေဆုံးမှုများ ရှိသည်။ 

• ကျန် တိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးများနှင့် ကျေးရွာများတွင် စစ်အုပ်စုဆန့်ကျင်ရေး ဆန္ဒပြမှုများ ဆက်ရှိနေဆဲ ဖြစ်ကာ မြို့ကြီးအချို့တွင်မူ ကိုဗစ်ကူးစက်မှု မြင့်မားလာမှုကြောင့် ဆန္ဒပြမှုများ ရပ်နားထားသည်။ 

• စစ်အုပ်စုဘက်က ကိုဗစ်ကူးစက်မှုများ ရှိနေသော်လည်း ထိန်းသိမ်းနိုင်ပါသည်ဆိုသည်ကို ပြသနိုင်ရန်အတွက် အချို့မြို့များ တွင် ကျောင်းပိတ်ခြင်း မပြုရန် ဖိအားပေးခိုင်းစေထားသည်။ ကိုဗစ်ကူးစက်မှုများနှင့် ပတ်သက်၍ စစ်အုပ်စုဘက်က ကူးစက်မှုမြင့်မားသည့်နေရာများတွင် Lockdown ချခြင်းနည်းတစ်ခုတည်းကိုသာ တွင်တွင်အသုံးပြုလျက်ရှိသည်။ အာဏာ သိမ်းပြီးနောက်ပိုင်း ကျဆင်းသွားသည့် စီးပွားရေးလုပ် ငန်းများ ပြန်လည်လည်ပတ်ရန်အတွက် စစ်အုပ်စုဘက်က ကြိုးစားမှုများ ရှိနေကာ ပြည်တွင်း၌လည်း ဖိအားပေးအခွန် ကောက်ခံမှုများ ပြုလုပ်လျက်ရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required