ဒေါ်အောင်ဆန်းစုကြည်နှင့် ၅၀၅ (ခ) အမှု တရားလိုတင်သွင်းသောစာရွက်စာတမ်းများလက်ခံကြောင်း မြို့နယ်တရားရုံးကြားဖြတ်အမိန့်ချ

ဒေါ်အောင်ဆန်းစုကြည်နှင့် ၅၀၅ (ခ) အမှု တရားလိုတင်သွင်းသောစာရွက်စာတမ်းများလက်ခံကြောင်း မြို့နယ်တရားရုံးကြားဖြတ်အမိန့်ချ

ဇွန် ၂၉

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သုံးဦးကိုစွဲဆိုထားသောအမှုတစ်ခုဖြစ်သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ)  အတွက် တရားလိုဘက်ကတင်သွင်းသော စာရွက်စာတမ်းများကိုလက်ခံကြောင်း မြို့နယ်အဆင့်တရားရုံးက ယနေ့တွင် ကြားဖြတ်အမိန့်ချမှတ်လိုက်သည်။

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အထူးသီးသန့်တရားရုံးက ဇွန်လ ၂၉ ရက်နေ့တွင်ချမှတ်သော အမိန့်အပေါ် တရားခံရှေ့နေအဖွဲ့က တဆင့်မြင်သောတရားရုံးဖြစ်သည့် ဒက္ခိဏခရိုင် တရားရုံးသို့ ပြင်ဆင်မှုလျှောက်ထားသွားမည်ဖြစ်သည်။

“ အမှုစတင်လျှောက်ထားတဲ့ သက်သေခံစာရွက်စာတမ်းဖြစ်တယ်ဗျာ။ အဲ့ဒီစာရွက်စာတမ်းက ဥပဒေနဲ့ မညီတဲ့ သက်သေခံ တင်သွင်းချက်တွေပါနေတယ်ဗျာ။ သူတို့က အင်တာနက်ကနေထုတ်လာတာ။ ဥပမာ ဗျာ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) က ထုတ်ဝေသည်ဆိုတဲ့ စာရွက်ကြီး.. အောက်မှာလည်း NLD CEC  က ထုတ်ဝေတယ်ဆိုတဲ့ စာကြီးမှာ တံဆိပ်လည်းမပါ ဘာမပါနဲ့ ဆိုတော့ ဒါကို မေးခွန်းထုတ်မေးပါတယ်။ မခိုင်လုံတဲ့ သက်သေခံတင်သွင်း တာကြောင့်ပါ။ ခိုင်လုံရင် ပြဿနာမရှိဘူးလေ။” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

“  ဥပဒေနဲ့ မညီတဲ့ သက်သေခံကို တရားရုံးက လက်ခံလိုက်တဲ့ အတွက် စွပ်စွဲခံရသူဘက်က နစ်နာပါတယ်” ဟု သူကဆက်ပြောသည်။

စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ သုံးဦးကို တစ်ပေါင်းတည်း တရားစွဲဆိုထားခြင်းဖြစ်သည်။

ကြားဖြတ်အမိန့်ဆိုသည်မှာ တရားရုံးက အမှုနှင့် ပတ်သက်သည့် ကြားနာ စစ်ဆေးမှုဆုံးဖြတ်ချက်တစ်ခုပြီးတိုင်း ချမှတ်သည့်အမိန့်ကိုဆိုလိုခြင်းဖြစ်သည်။

ကြားဖြတ်အမိန့် ချမှတ်အပြီး တရားရုံးက တရားလိုပြသက်သေကို ဆက်လက်စစ်ဆေးရန် ဆောင်ရွက်စဉ် ခုနှစ်ဦးပါ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့က ခရိုင်တရားရုံးကို ပြင်ဆင်မှုတက်မည်ဖြစ်သောကြောင့် ရွှေ့ဆိုင်ပေးရန်တောင်းဆိုခဲ့ရာ တရားရုံးက လက်ခံခဲ့သည်။

ထို့နောက် တရားခွင်ကို ခေတ္တရပ်နားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းအပေါ် စွဲဆိုထားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုအတွက် ရဲအရာရှိတစ်ဦးနှင့် အရပ်ဘက်သက်သေတစ်ဦးကို စစ်ဆေးကာ တရားခွင်ကို ရပ်နားခဲ့သည်။ သူမအား ယင်းပုဒ်မဖြင့် တရားလိုနှစ်ဦးက တရားစွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါအမှုနှစ်ခု အတွက် လာမည့် ဇူလိုင် ၅ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required