နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၈ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၈ ဇွန် ၂၀၂၁)
ပုံ - ဇွန်လ ၂၈ ရက်၊ မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီနှင့် အနောက်ပိုင်းဇုန်ရှိ ပြည်သူလူထုများ၏ အကြမ်းဖက်စစ်အာဏာရှင်ကျရှုံးရေးသပိတ် လှုပ်ရှားမှုမြင်ကွင်း (Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• စမ်းချောင်းမြို့နယ်၊ မြေနီကုန်း၊ မပိုလမ်းတွင် ယမန်နေ့ညပိုင်း ၈ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များက လမ်းအား ပိတ်ဆို့ကာ နေအိမ်တိုက်တန်းများအတွင်း ဝင်ရောက်စစ်ဆေး၍ လူသုံးဦးအား ဖမ်းဆီးသွားသည်။ 

• လှိုင်သာယာမြို့နယ်၊ အနောက်တက္ကသိုလ်လမ်း King Power အိမ်ဆောက်ပစ္စည်းဆိုင်အနီးတွင် ယမန်နေ့ည ၇ နာရီ ၂၀ မိနစ်ခန့်က ဆိုင်ကယ်စီးလာသူတစ်ဦးအား ကင်းပုန်းဝပ်နေသည့် စစ်အုပ်စုလက်နက်ကိုင်များက ရပ်ခိုင်းရာ မရပ်ပေးသဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သည့်အတွက် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးကာ အလောင်းအား သိမ်းယူသွားသည်။ 

• မြောက်ဥက္ကလာပမြို့နယ်တွင် စမ်းချောင်းနှင့် မြောက်ဥက္ကလာပ လူငယ်သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင် စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင် စံပြကျေးရွာတွင် ယနေ့နံနက်ပိုင်းက စစ်မှုထမ်းဟောင်းနှင့် အငြိမ်းစားဝန်ထမ်းများဟု ဆိုကာ စာအုပ်များ ကိုင်ဆောင်ရောင်းချမှုများအား လူတစ်စုက ပြုလုပ်လျက်ရှိရာ ပြည်သူများအနေဖြင့် သတိထားကြရန် မင်္ဂလာဒုံအမျိုးသား အစည်းအရုံး - MNU က သတိပေးထားသည်။ 

• လသာမြို့နယ်ရှိ မြန်မာနိုင်ငံ စာစစ်ရုံးအနီးတွင် နေ့လယ် ၁၁ နာရီကျော်ခန့်က စစ်အုပ်စုလက်နက်ကိုင်များက Doubel Cab ကား ၁၀ စီးခန့်ဖြင့် လုံခြုံရေးယူကာ လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ ၁၁ ရပ်ကွက်ရှိ သတင်းပေးဒလန် ဦးစိန်မိုးနှင့် သားဖြစ်သူ အောင်မိုးဟိန်း၊ ထင်ခန့်မိုးဟိန်းတို့အား မတ်လ ၁၅ ရက်က Hijet ကားတစ်စီးဖြင့် လူတစ်စုက ဓားများဖြင့် နေအိမ်အတွင်း ဝင်ရောက်၍ ခုတ်သတ်ခဲ့မှုဖြင့် ရပ်ကွက်နေ မိသားစု ၇ စုမှ အမျိုးသားခြောက်ဦးနှင့် အမျိုးသမီး နှစ်ဦးအား ဖမ်းဆီးကာ အခြားသူ ကိုးဦးကို ဖမ်းဝရမ်းထုတ်ထားပြီးနောက် စုစုပေါင်း ၁၇ ဦးအနက် ၁၆ ဦးကို စစ်အုပ်စုက သေဒဏ်ပေးလိုက်ကာ တစ်ဦးအား ထောင်ဒဏ် ၇ နှစ် ချမှတ်ထားသည်။ 

• သာကေတမြို့နယ် အ.ထ.က (၄) အခြေခံပညာကျောင်းသားများသမဂ္ဂက လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား အမြန်ဖမ်းဆီးရေး" ခေါင်းစဉ်ဖြင့် ပြည်သူများအား ပူးပေါင်းပါဝင်ပေးကြရန်နှင့် အဆုံးသတ်တိုက်ပွဲတွင် ပါဝင်ဆင်နွှဲပေးကြရန် လက်ကမ်းနှိုးဆော်စာများ လိုက်လံဖြန့်ဝေခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး

• မန်း မတ္တရာမြို့နယ်တွင်းရှိ ကျောက်ဆည်လေး၊ ပန်းသလဲတောင်၊ ရေကြည်၊ တောင်ခေါင်းစသည့် ကျေးရွာများအား ယမန်နေ့က စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်စီးနင်းကာ တောင်ခေါင်းဘုန်းတော်ကြီးကျောင်းမှ ကျောင်းဆရာတစ်ဦးအား ဖမ်းဆီးသွားသည်။ ထို့ပြင် နေ့လယ်ပိုင်းတွင်လည်း မတ္တရာအနောက်ပိုင်း တံငါသည်၊ အင်၊ သပြေချောင်၊ သပြေသာ၊ ကိန္နရာ၊ ချောင်းတော်ဝ၊ မြစ်ကမ်းစသည့် ကျေးရွာများအား စစ်ကားခြောက်စီးဖြင့် ထပ်မံဝင်ရောက်စီးနင်းကာ မြစ်ကမ်းကျေးရွာမှ ကျေးရွာသားတစ်ဦးအား ဖမ်းဆီးကာ စီးနင်းမှုပြုလုပ်စဉ်အတွင်း ဒေသခံများက အဖိုးတန်ပစ္စည်းနှင့် ငွေများကိုလည်း လုယက်သွားသည်။ 

• ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ) ရပ်ကွက် မန်လွယ်လမ်းနှင့် ရွှေမန်းလမ်းကြား၊ ၄၉ လမ်းတွင် နံနက် ၉ နာရီခန့်က စစ်အုပ်စုသတင်းပေးတစ်ဦးက မြေကွက်တစ်ခုအား အပိုင်စီး၍ အိမ်ဆောက်နေထိုင်သဖြင့် မြေပိုင်ရှင်နှင့် စကားများရာမှ စစ်အပ်စုလက်နက်ကိုင်များအား ဖုန်းဆက်ခေါ်ဆိုခဲ့ရာ စစ်အုပ်စုလက်နက်ကိုင်များက ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦး ရင်ဘက်ကျည်မှန်ထိမှန်၍ သေဆုံးခဲ့ကာ အမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ကျည်ဆံ ထိမှန်ခဲ့သူများမှာ မောင်နှမတော်စပ်သူဖြစ်ကာ ဆိုင်ကယ်စီးလာစဉ် ပစ်ခတ်ခံရခြင်း ဖြစ်သည်။ 

• မန္တလာတက္ကသိုလ် ကျောင်းသား/သူများ သပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက မြို့လယ် ၆၂ လမ်းမကြီးပေါ်အထိ တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်း လူငယ်များသပိတ်စစ်ကြောင်းလည်း မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မဟာအောင်မြေ လူထုသပိတ်စစ်ကြောင်းကလည်း စစ်အုပ်စုဘက်က ကင်းလှည့်မှုများ ရှိသည့်ကြားကပင် လမ်းများပေါ် တက်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မန်းလေးပြင်ရပ် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကလည်း နေ့စဉ်မပျက် ဝတ်ပြုဆုတောင်းကာ လမ်းများပေါ်တက်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• အောင်ပင်လယ် ပင်မသပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းက မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• မန္တလေးမြို့ နာမည်ကျော် စျေးချိုတစ်ဝိုက်တွင် စစ်အုပ်စုလက်နက်ကိုင်များက သဲအိတ်တင်ထားသည့် စစ်ကားများဖြင့် ကင်းလှည့်မှုများ ပြုလုပ်နေသည့်အပြင် ကျုံးတွင်းမှ ကျုံးပြင်သို့ အလုပ်လုပ်ကြရသည့် တပ်တွင်းမိသားစုများအတွက် ကြိုပို့ကားများကိုလည်း သံဇကာများ တပ်ထားလျက်ရှိကြောင်း မန်းမြို့ခံတစ်ဦးက ညနေ ၅ နာရီတွင် အတည်ပြု ပြောဆိုသည်။ 

• မတ္တရာမြို့နယ်နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။ 

• ပြင်ဦးလွင်ရှိ DSTA စက်ပစ်ကွင်းတွင် စစ်အုပ်စုဘက်က အရပ်သား၅၀ ခန်အား ဝင်ရောက်ခွင့်ပြုကာ သေနတ်ပစ်လေ့ကျင့် ခြင်းများ ပြုလုပ်ပေးနေကြောင်း သိရသည်။ 

• မိုးကုတ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်သူ ကိုစိုးဋ္ဌေးအား စစ်အုပ်စု လာရောက်ဖမ်းဆီးရာတွင် မမိခဲ့သည့်အတွက် ဇနီးဖြစ်သူနှင့် လေးနှစ်အရွယ် သမီးအား ဓားစာခံဖမ်းဆီးကာ မိုးကုတ်အချုပ်ထောင်တွင် ဖမ်းဆီးထားရာ နှစ်ပတ်ကျော်ကြာသည်အထိ ပြန်လည်မလွှတ်ပေးဘဲ ဆက်လက်ထိန်းသိမ်းထားသည်။ 

• မိုးကုတ်မြို့နေ လူငယ်များကလည်း "Fight for Fear” ဟု ရေးသားထားသည့်ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင် စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• မြင်းခြံမြို့နယ်၊ ကြည်ရွာတွင် ယနေ့နံနက်ပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက အင်အား ၅၀ ခန့်ဖြင့် ရွာအတွင်း စီးနင်းကာ ဒေသခံ ၂၀ ခန့်အား ဖမ်းဆီးကာ ရိုက်နှက်မှုများ ပြုလုပ်ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။ 

ပဲခူးတိုင်းဒေသကြီး

• သဲကုန်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF မရှိကြောင်းနှင့် လူမှုကွန်ရက်တွင် TPDF ဖွဲ့စည်းကြောင်း Thegon People Defense Force ပေ့ချ်က ထုတ်ပြန်ထားခြင်းမှာ စစ်အုပ်စုဘက်မှ ဒလန်သဘောမျိုး ပြုလုပ်၍ လူငယ်များအား ဖမ်း ဆီးနိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိကာ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

• ပဲခူးမြို့နယ်၊ ထုံကြီးကျေးရွာ အထက်တန်းကျောင်းတွင် ကိုဗစ် - ၁၉ ကူးစက်ရောဂါပိုးရှိနေသည့် ကျောင်းဆရာမနှစ်ဦးမှတစ်ဆင့် ကျောင်းသား ၃၅ ဦး ကူးစက်ခံခဲ့ရသည်။ 

ဧရာဝတီတိုင်းဒေသကြီး 

• ဘိုကလေးမြို့အဝင် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သည် သာပေါင်းစစ်ဆေးရေးဂိတ်တွင် ယမန်နေ့ညပိုင်း ၁၀ နာရီခန့်က အမည်မသိသူတချို့က မီးရှို့ခဲ့သဖြင့် ဂိတ်အဆောက်အအုံ တစ်ဝက်ခန့် မီးလောင်ပျက်စီးသွားသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မင်းကွန်းတောင်ရိုးလမ်းပိုင်းတွင် ဇွန်လ၂၆ ရက် ညနေပိုင်းက စစ်အုပ်စုကားသုံးစီးပါ ယာဉ်တန်းအား ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - HPDF နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ - KIA တို့က ပူးပေါင်းတိုက်ခိုက် ခဲ့ရာ စစ်အုပ်စုဘက်က ၁၄ ဦးထက်မနည်း သေဆုံးကာ ခုနစ်ဦးနှင့်အထက် ထိခိုက်ခဲ့ရာ ပူးပေါင်းတပ်ဖွဲ့က အထိအခိုက် မရှိခဲ့ကြောင်း HPDF ဘက်က သိရသည်။ 

• “ငါတို့ နိုင်မှာ" မှာ ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကလေးမြို့ခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ယနေ့နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ကလေးမြို့၊ ထောက်ကြန့်ရွာ၊ အမှတ် (၃) ရပ်ကွက်တွင် ကားဝပ်ရှော့လုပ်ငန်း လုပ်ဆောင်သူ ဦးထွန်းဝေအား စစ်အုပ်စုလက်နက်ကိုင်များက အင်အား ၄၀ ခန့်ဖြင့် ဝင်ရောက်ဖမ်းဆီးရာ မတွေ့သဖြင့် ဇနီးဖြစ်သူ ဒေါ်အေးအေးမြင့်နှင့် သမီးဖြစ် သူ မနှင်းအိအိစံတို့အား ဓားစာခံအဖြစ် ဖမ်းဆီးသွားသည်။ 

• ကလေးမြို့အဝင်အနီးရှိ ထိုမာကျေးရွာအဝင်တွင်လည်း စစ်အုပ်စုလက်နက်ကိုင်များက ယနေ့နံနက်ပိုင်းက ဆိုင်ကယ်စီးလာ သူများအား တားဆီးကာ ဆိုက်ကယ်တူးဘောက်စ်များအပြင် လက်ကိုင်ဖုန်းများကိုပါ စစ်ဆေးလျက်ရှိသည်။ 

• ကလေးမြို့တွင် ယနေ့နေ့လယ်ပိုင်းက မြို့လယ် ဗိုလ်ချုပ်လမ်းပေါ်ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်အနောက်ဘက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ပေါက်ကွဲမှုအရှိန် ကြောင့် အနီးရှိ နေအိမ်များပင် တုန်သွားခဲ့သည်ဟု သိရသည်။ ထို့ပြင် ညနေ ၃ နာရီခန့်တွင် လည်း စစ်အုပ်စုလက်နက်ကိုင်များ လုံခြုံရေးယူထားသည့် ထွေအုပ်စုပေါင်းရုံးအနီးတွင်လည်း ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ သည်။ 

• ဘုတလင်မြို့နယ်နေ သံဃာနှင့် ပြည်သူများကလည်း မြို့နယ်တွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• စစ်ကိုင်းတိုင်းတွင် စစ်အုပ်စုလက်အောက်ခံ တရားရုံးများက နိုင်ငံရေးပါတီဝင်များ၊ CDM ပြည်သူများ၊ ရဟန်းသံဃာ၊ ကျောင်းသားနှင့် သတင်းမီဒီယာသမားများအား နိုင်ငံသားများ၏ မူလရပိုင်ခွင့်အား မျက်ကွယ်ပြုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ်များအား မတရားချမှတ်နေသည့်အတွက် ယင်းအတွက် တာဝန်ခံရမည်ဖြစ်ကာ လိုအပ်သည့်အဖွဲ့အစည်းများ နှင့် ချိတ်ဆက်၍ အရေးယူဆောင်ရွက်မည်ဟု စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ - CRSH က ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ 

• မုံရွာမြို့နယ် မုံရွာ-အမြင့်လမ်းခွဲတွင် ယနေ့နံနက် ၇ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားရာ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်တစ်ဦး မျက်နှာထိမှန်ကာ ပြည်သူတစ်ဦးလည်း လက်မောင်းနှင့် ဝဲဘက်ပေါင်၊ ဝမ်းဗိုက်တို့တွင် မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ ဝင်မှာမူ သေဆုံးသွားသည် သိရသည်။

• မုံရွာမြို့နယ်၊ မုံရွာတောင်ဇက်ဆိပ်အနီး ချင်းတွင်းမြစ်အတွင်း ယနေ့နံနက်ပိုင်း ၉ နာရီခွဲခန့်က လက်ပြန်ကြိုးတုပ်ထားသည့် အနေအထားဖြင့် အမျိုးသားအလောင်းတစ်ခုအား တွေ့ရှိခဲ့ရသည်။ ယခုတစ်ပတ်အတွင်း မုံရွာမြို့၊ ချင်းတွင်းမြစ်တွင် ရုပ်အ လောင်းသုံးလောင်းအထိ ဆယ်ယူရရှိထားသည်။ 

• တန့်ဆည်မြို့နယ်၊ ချောင်းဆုံ (တ) ရွာတွင် စစ်အုပ်စုသတင်းပေးဟု သတ်မှတ်ခံရသူ ဦးကျော်ဆွေဦးမှာ ယနေ့နံနက် ၉ နာရီခန့်က ၎င်း၏ နေအိမ်ရှေ့တွင် ဆိုင်ကယ်စီးလာသူ လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးသွားသည်။ 

• မင်းကင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် လုံခြုံရေးယူထားသည့် စစ်အုပ်စုတပ်ဖွဲ့ဝင် နှစ်ဦးစီမှ ယနေ့နံနက်ပိုင်းတွင် မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးက လက်နက်များ လုယူနိုင်ခဲ့ကာ လုံခြုံသည့်နေရာသို့ ရောက်နေပြီဖြစ်ကြောင်း သိရသည်။ 

• ရွှေဘိုမြို့နယ်၊ ပြည်တော်သာ (၄) လမ်းထိပ်ရှိ စစ်အုပ်စုကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီရုံးရှေ့၌ နံနက် ၇ နာရီခွဲကျော်အချိန်ခန့်က ဆိုင်ကယ်စီးလာသူနှစ်ဦးက ဗုံးပစ်ချခဲ့ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်ကယ်ရီဆွဲသူတစ်ဦး သေဆုံးခဲ့ကာ တစ်ဦး ဒဏ်ရာရရှိခဲ့ သည်။ 

• ကန့်ဘလူမြို့နယ်၊ ရဲဒွေးကျေးရွာတွင် စစ်အုပ်စုက အသက် ၆၀ အရွယ် ဦးသန်းလှိုင်ဆိုသူအား အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ပြီးနောက် စစ်အုပ်စုကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီဝင် ၂၅ ဦးခန့်အား တူမီးသေနတ်များ တရားဝင်ပေးကိုင်ကာ ရမ်းကားမှုများ ပြုလုပ်နေသည့်အတွက် ရွာခံလူငယ်များ တိမ်းရှောင်နေကြရသည်။ 

• ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ခြမ်း ကျေးရွာတစ်ရွာတွင်လည်း ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့် ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

မကွေးတိုင်းဒေသကြီး

• ရေစကြိုမြို့နယ်၊ ခင်မွန် (ခွေးမြုပ်) ရွာတွင် စစ်အုပ်စုသတင်းပေးများက လက်နက်ရှိသည်ဟုဆိုကာ တိုင်ကြားမှုဖြင့် ကိုမင်းကို ဆိုသူအား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးသွားကာ ၎င်းမှာ ရန်ကုန်မြို့တွင် အလှဓာတ်ပုံရိုက်ကူးသူ တစ်ဦးဖြစ်သည်။ 
• ရေစကြိုမြို့နယ်၊ အောင်ပန်းရွာတွင် စစ်အုပ်စုသတင်းပေးနှင့် ပျူစောထီးအဖွဲ့ဝင်ဟု ဒေသခံများက သတ်မှတ်ထားသည့် ဦးညွန့်တင်ဆိုသူမှာ ယမန်နေ့ ၈ နာရီခန့်က သေနတ်သံ ငါးချက်ခန့် ထွက်ပေါ်လာပြီးနောက် သေဆုံးလျက်အနေအထားဖြင့် တွေ့ရှိခဲ့ကြောင်း ၎င်းမှာ အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း မလိုက်နာသည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။ 

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်၊ ရေးလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ရုံးခန်းတစ်ခန်း မီးလောင်ပျက်စီးခဲ့ပြီး ယနေ့တွင် အုပ်ချုပ်ရေးမှူးရုံးဖွင့်ပွဲ ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ 

• ထားဝယ်မြို့နေ လူငယ်များကလည်း စစ်အုပ်စုလက်ချက်ဖြင့် သေဆုံးခဲ့ရသည့် ပြည်သူများအတွက် ဝမ်းနည်းဂုဏ်ပြုသည့် အနေဖြင့် အနက်ရောင်အိင်္ကျီများ ဆင်တူဝနတ်ဆင်ကာ ယနေညနေပိုင်းက မီးတုတ်မျာ ကိုင်ဆောင်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• လောင်းလုံမြို့နယ် ညင်းမော်ကျေးရွာတွင် ဒေသခံများက အနီရောင်ခမောက်များ ဝတ်ဆင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ကဒက်ငယ်၊ ရေဖြူ စသည့် ကျေးရွာများတွင်လည်း သပိတ်စစ်ကြောင်းများ ကိုယ်စီထွက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသနေ ပြည်သူများကလည်း "စစ်အာဏရှင်စနစ် မုချကျဆုံးရမည်" ဟု ရေးသားထားသည့် ဆိုင်း ဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့သည်။ 

• သရက်ချောင်းမြို့နယ်၊ သင်းကျွန်းရွာနေ ပြည်သူများကလည်း "ငါတို့ ငြိမ်သက်မှာ မဟုတ်" ဟု ရေးသားထားသည့် ဆိုင်း ဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ကချင်ပြည်နယ်

• ဗန်းမော်မြို့နယ်၊ ပေါက်ကုန်းရပ်၊ ရွက်လှလမ်းတွင် ဖွင့်ထားသည့် AW စားသောက်ဆိုင်တွင် ဇွန်လ ၂၅ ရက် ည ၁၀ နာရီခန့် က စစ်အုပ်စုလက်နက်ကိုင်များက အင်အားအများအပြားဖြင့် စီးနင်းပြီးနောက် ဖမ်းဆီးသွားသည့် လူငယ် ၁၀ ဦးကျော်အား ခံဝန်ဖြင့် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ 

• ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် မတ်လ ၃၁ ရက်က ဆုတောင်းပွဲပြုလုပ်ရာတွင် ဦးဆောင်ခဲ့သည့် ခရစ်ယာန်ဓမ္မဆရာငါးဦးအနက် ကချင်နှစ်ခြင်း၊ ရဝမ်နှစ်ခြင်းနှင့် ခရစ်ယာန်အသင်းတော်တို့မှ သုံးဦးအား ကချင်လွတ်မြောက်ရေးတပ်မတော် - KIA နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ ပူတာအိုမြို့နယ် စစ်အုပ်စုခန့် ရပ်ရွာလူကြီး မရစ်ယောရှုက တရားလိုပြုလုပ်၍ တရားစွဲထားကာ ယနေ့နံနက်ပိုင်းတွင် တရားရင်ဆိုင်ရန်အတွက် နောင်မွန်းမှ ပူတာအိုသို့ ခေါ်ဆောင်သွားသည်။ 

• ပူတာအိုမြို့နယ်တွင်းရှိ CDM ပြုလုပ်နေသူများ၊ စစ်အာဏာရှင်တော်လှန်ရေး လုပ်ဆောင်သူများအား ဖိအားပေးနေသူများ အနေဖြင့် လုပ်ရပ်များ ရပ်တန့်ရန်၊ ဥပဒေမဲ့လုပ်ရပ်များ မပြုလုပ်ရန်၊ အဖွဲ့အစည်းတစ်ခုအား အားကိုး၍ တိုင်တန်းခြင်းမပြုရန်နှင့် မိသားစုများ ခေါ်ကာ မြို့မှာထွက်ခွာကြဟု ပူတာအိုခရိုင် ဒလန်ရှင်းလင်းရေးအဖွဲ့က ကျည်ဆံနှင့်အတူ သတိပေး စာများ ပြုလုပ်ခဲ့သည်။ 

• ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုနေ ပြည်သူများကလည်း စစ်အုပ်စုက လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် ကျေးရွာ တွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဝိုင်းမော်မြို့ရှိ ပညာရေးသမဝါယမအသင်းလီမိတက်နှင့် ပညာရေး GEC ငွေစုငွေချေးအသင်းမှာ ပညာရေးမိသားစုများ၏ အခက်အခဲများအား ဖြေရှင်းရန် ဖွဲ့စည်းထားသည့် လွတ်လပ်သည့်အဖွဲ့အစည်းဖြစ်ကာ အသင်းတွင် ချေးငွေဆပ်ရန် ကျန်သည့် ဆရာ/ဆရာမများအား အယူခံ ခြောက်လကျော်လွန်ပြီး နောက်ခြောက်လတွင်သာ ပေးချေခွင့်ပြုရန်၊ ချေးငွေယူထားခြင်း မရှိသည့် CDM ဆရာ/ဆရာမများ၏ စုဆောင်းငွေများအား ခြွင်းချက်မရှိ ထုတ်ပေးရန်၊ ချေးငွေယူထားသော CDM ဆရာ/ဆရာမများအား အာမခံပေးထားသည့် ဆရာ/ဆရာမများအား ဖိအားပေးခြင်းမပြုလုပ်ရန်နှင့် အမြတ်ငွေများ ထုတ်ပေးရန် ဝိုင်းမော်မြို့ CDM ဆရာ/ဆရာမများကော်မတီက တောင်းဆိုထားသည်။ 

ကယားပြည်နယ်

• ဖရူဆိုမြို့နယ်တွင် စစ်အုပ်စုအား ဆန့်ကျင်ကာ CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်း ၅၂၆ ဦးအား စစ်အုပ်စုက အလုပ်မှ ထုတ်ပယ်လိုက်သည်။ 

• ရှမ်း-ကယားနယ်စပ် မိုးဗြဲကျေးရွာအုပ်စုတွင် ကျေးရွာနေ ပြည်သူလူထုများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လုံခြုရေးပိုင်းဆိုင်ရာနှင့် လူမှုရေးပိုင်ဆိုင်ရာကိစ္စရပ်များ ပြန်လည်ထူထောင်ရန်အတွက် "မိုးဗြဲကျေးရွာအုပ်စု တည်ငြိမ်အေးချမ်းရေး အကျိုးတော်ဆောင်ကော်မတီ" ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

ကရင်ပြည်နယ်

• ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ကျောက်ဘီလူးရွာ (၂) ရပ်ကွက်ရှိ စစ်တပ်ပိုင် Mytel ဆက်သွယ္ရေးတာဝါတိုင် တစ်ခုအား ယမန်နေ့ည ၈ နာရီကျော်အချိန်က ဖောက်ခွဲခံရကာ မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။ 

• မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် လုံခြုံရေးတင်းကြပ်ထားသည့် ခရိုင်ထွေအုပ်ရုံးအနီး၌ ယမန်နေ့ညပိုင်း ၇ နာရီခန့်မှ ည ၁၂ နာရီခန့်အချိန်အထိ ပေါက်ကွဲမှုလေးကြိမ် ဖြစ်ပွားခဲ့ကာ အသွားအလာကန့်သတ်ထားချိန်ဖြစ်၍ ထိခိုက်မှု ရှိ၊ မရှိကိုမူ မသိရသေးပေ။ 

• ကရင်အမျိုးသားအစည်းအရုံး - KNU ၏ ညောင်လေးပင်ခရိုင်၊ ဘလောခိုကျေးရွာအုပ်စု၊ သက်ခေါထာကျေးရွာတွင် ဇွန်လ ၂၃ ရက်က စစ်အုပ်စု၏ တပ်မ ၄၄ လက်အောက်ခံ ခမရ ၅၄၉ မှ ဒုဗိုလ်မှူးကြီး သောင်းစိုးနှင့် ခမရ ၄၀၂ မှ တပ်သားအင်းအား ၇၀ ကျော်ဖြင့် ဒေသခံ ၁၃ ဦးအား အတင်းအဓမ္မလုပ်အားပေးခိုင်းစေရန် ပေါ်တာဆွဲမှု ပြုလုပ်ခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။ ပေါ်တာဆွဲခံရသူ ၁၃ ဦးအနက် သုံးဦးမှာ ဖမ်းဆီးခံရစဉ်ကတည်းက လမ်းတွင်ပင် ထွက်ပြေးလွတ်မြောက်ခဲ့ ပြီး ကျန် ၁၀ ဦးကိုမူ ဇွန်လ ၂၇ ရက်က KNU သထုံခရိုင်နှင့် ညောင်လေးပင်ခရိုင်အကြား ဘောပေါ်ထောကျေးရွာတွင် ပြန် လွှတ်ပေးခဲ့သည်ဟု သိရသည်။ 

• ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နေ ပြည်သူများကလည်း မိုးရွာသွန်းနေသည့်ကြားကပင် ကရင်အလံများ လွှင့်ထူ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ချင်းပြည်နယ်

• မြန်မာ-အိန္ဒိယနယ်စပ်၊ အိန္ဒိယဘက်အခြမ်း မီဇိုရမ်ပြည်နယ်တွင် ယခုသီတင်းပတ်အတွင်း ထပ်မံဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၇၀၀ ကျော်အထိရှိကာ မြန်မာနိုင်ငံသား ခိုလှုံသူပေါင်း ၁၀၀၀၀ ကျော်အထိ ရှိလာနေပြီဟု အိန္ဒိယမီဒီယာများက ရေးသားထားသည်။ 

• စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မင်းတပ်မြို့တွင် စျေးဝယ်လိုသူများနှင့် ပစ္စည်းသိမ်းဆည်းလိုသည့် ဆိုင်ခန်းပိုင်ရှင်များအတွက် ဇွန်လ ၂၉ ရက်တွင် မင်းတပ်မြို့မစျေးကို တစ်ရက်တာ ဖွင့်ပေးမည် ဖြစ်သည်။ 

• ဖလမ်းမြို့နယ်၊ ဝေဘူလမြို့အနီး ပါမွန်ချောင်းကျေးရွာ စာသင်ကျောင်းတွင် စစ်အုပ်စုလက်နက်ကိုင်များက ယနေ့နံနက်ပိုင်း ဝင်ရောက်တပ်စွဲထားသည့်အတွက် ဒေသခံမျး တိမ်းရှောင်နေကြရသည်။ အဆိုပါ တပ်ဖွဲ့မှာ ယမန်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ နတ်ချောင်းကျေးရွာတွင် ညအိပ်ရပ်နားသွားသည့် စစ်ကြောင်းလည်း ဖြစ်သည်။ 

မွန်ပြည်နယ်

• ရေးမြို့နယ်၊ နှင်းစုံကျေးရွာရှိ စစ်အုပ်စခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးမြင့်အား ယမန်နေ့ညပိုင်းက လူတစ်စုက လာရောက် ဖမ်းဆီးသွားကာ ယနေ့နံနက်ပိုင်းတွင် ရေး-မော်လမြိုင်ကားလမ်းဘေး နှင်းစုံရွာအထွက်တွင် ဦးခေါင်းသေနတ်ဒစ်ရာဖြင့် သေဆုံးလျက် တွေ့ရှိခဲ့သည်။ 

• မော်လမြိုင်မြို့နေ ပြည်သူများကလည်း "အပြစ်မဲ့သေဆုံးပြည်သူတွေအတွက် တရားမျှတမှုဖော်ဆောင်ကြ"၊ "အာဏာရှင် စနစ် အမြစ်ဖြုတ်ရေး" ဟု ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ဘီးလင်းမြို့နယ်၊ ရွှေလောင်အင်းကျေးရွာအုပ်စု၊ ဏကြီးကျေးရွာတွင် စစ်အုပ်စုလက်အောက်ခံ ခမရ-၅၄၉၊ ခမရ-၄၀၂ နှင့် အမှတ် ၁၀၁၁ နယ်ခြားစောင့်တပ် - BFG တို့က ယနေ့နံနက်ပိုင်းက လမ်းများပိတ်ဆို့ကာ ဒေသခံများပိုင် ကား ခြောက်စီးခန့်နှင့် ဆိုင်ကယ် အစီး ၆၀ ခန့်အား အကြောင်းပြချက်မပေးဘဲ သိမ်းဆည်းသွားသည်။ 

ရှမ်းပြည်နယ်

• ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်းမြို့တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်အုပ်စုလက်အောက်ခံ မြေစာရင်းဦးစီးရုံးမှ မြို့နယ်ဦးစီးအရာရှိတစ်ဦးမှာ မြေစာရင်းရုံးရှေ့၌ အခြားသူတစ်ဦးနှင့် စကားရပ်ပြောနေစဉ် ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကျည်ဆံလေးချက် ထိမှန်ကာ မိုင်းကိုင်ဆေးရုံတွင် ကုသနေရသည်။ 

• ရှမ်းတောင်ပိုင်း၊ ကလောမြို့နယ်၊ ရေယားဂိတ်တွင် စစ်အုပ်စုကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက တည်ထောင်ထား သည့် တောင်တန်းလူငယ်လူမှုရေးအသင်းကားတွင် ဇွန်လ ၂၄ ရက် ညနေပိုင်းက တစ်ကီလိုအလေးချိန်ရှိ ဘိန်းဖြူ ၁၀ ထုပ် ဖမ်းဆီးရမိခဲ့သော်လည်း အဆိုပါသတင်းအား ဖုံးကွယ်ထားရန်အတွက် ပြည်နယ်နစကက ရဲစခန်းသို့ ညွှန်ကြားထားကြောင်း သိရသည်။ 

• လားရှိုးတွင် ကိုဗစ်ကူးစက်မှု မြင့်တက်နေကာ Stay at Home ကြေညာခံထားရသည့်အတွက် ကျောင်းအားလုံးအား ယနေ့မှစ၍ ယာယီပိတ်ထားလိုက်ပြီဖြစ်ကာ စစ်အုပ်စုလက်အောက်ခံ ရုံးများတွင်လည်း တစ်ဝက်တက်၊ တစ်ဝက် နှစ်ပတ်နားစနစ်ဖြင့် လည်ပတ်မည် ဖြစ်သည်။ 

• နမ့်ခမ်းမြို့တွင် ယနေ့ နေ့လယ်ပိုင်းက ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ - SSPP/SSA အလိုမရှိကြောင်း ဒေသခံများက အင်အား ၁၀၀၀ ခန့်ဖြင့် ဆန္ဒပြနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ နမ့်ခမ်းမြို့နယ်၊ မန်ဆွမ်းကျေးရွာမှ ရှမ်းလူငယ်အဖွဲ့အစည်းမှ အသက် ၅၀ အရွယ် စိုင်းစံခမ်းအိုက်အား SSPP/SSA က မေလ ၃၁ ရက် ဖမ်းသွားပြီးနောက် ဇွန်လ ၂၆ ရက်တွင် သွေးတိုးရောဂါဖြင့် သေဆုံးသွားပြီဟု အကြောင်းကြားလာခဲ့ပြီးနောက် ၎င်း၏ ရုပ်အလောင်းပြန်ရရန်ကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြမှုများ ဆက် တိုက်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ 

• သီပေါမြို့နေ လူငယ်များကလည်း "ပြည်သူမုန်းရင် ဖြေဆေးမရှိဘူး"၊ "တိုင်းပြည်အပေါ်မှာ စစ်အာဏာရှင်တွေရဲ့ကျေးဇူး မူးလို့တောင် ရှူစရာမရှိဘူး" ဟု ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အိမ် တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

ရခိုင်ပြည်နယ်

• စစ်တွေမြို့တွင် သမီးဖြစ်သူအား ကျောင်းသွားပို့သည့် ရခိုင်မျိုးချစ်ပါတီ - APP ဥက္ကဋ္ဌဟောင်း ဦးဇော်ဝင်းထွန်းအား လက် နက်ကိုင်ဆောင်ထားသူ ခြောက်ဦးခန့်က အိုးတန်းရပ်ကွက်ရှိ အိုးတန်းမူလတန်းကျောင်းရှေ့တွင် ယနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးသွားသည်။ 

နေပြည်တော်

• မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးသစ်ကူးစက်မှုမှာ တစ်ရပ်အတွင်း ၇၈၃ ဦးအထိ ရှိကာ စစ်အုပ်စုရုံးထိုင်နေသည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၁၀၉ ဦးဖြင့် အများဆုံး ဖြစ်သည်။ 

ဇွန် ၂၈ သုံးသပ်ချက်

• ရန်ကုန်တွင် လူထုပြောက်ကျားသပိတ်များ ရှိနေဆဲ ဖြစ်ကာ စစ်အုပ်စုဘက်က အဆင်ခြင်မဲ့ ပစ်ခတ်မှုများကြောင့် ပြည်သူ သေဆုံးမှုများလည်း ရှိနေဆဲ ဖြစ်သည်။ ထို့ပြင် ပေါက်ကွဲမှုများ ဖြစ်ပွားတတ်သည့် မြို့နယ်များတွင်လည်း လုံခြုံရေးကင်းများ၊ ကင်းပုန်းများ ချထားလျက်ရှိကာ လုံခြုံရေးတင်းကြပ်ထားဆဲ ဖြစ်သည်။ 

• မန္တလေးတွင် လမ်းပေါ်တက် လူထုသပိတ်ကြီးများ ရှိနေဆဲ ဖြစ်ကာ စစ်အုပ်စုဘက်က ပစ်ခတ်မှုအချို့လည်း ပြုလုပ်ခဲ့သည့် အတွက် အပြစ်မဲ့ပြည်သူ သေဆုံးမှုများ ရှိခဲ့သည်။ ပစ်ခတ်တိုက်ခိုက်မှုများအပြီးတွင် စစ်အုပ်စုဘက်က လုံခြုံရေးယာဉ်တန်းသာက စစ်အုပ်စုလက်အောက်ခံ ဝန်ထမ်းမိသားစုများ၏ ရုံးအကြိုအပို့ကားများကိုပါ သံဇကာများတပ်၍ လုံခြုံရေးအဆင့် တိုးမြှင့်ပေးထားသည်။ 

• စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များနှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား ပစ်ခတ်မှုများ ခပ်စိတ်စိတ် ဖြစ်ပေါ်နေကာ စစ်အုပ်စုဘက် အထိအခိုက်များလျက်ရှိသည်။ စစ်အုပ်စုဘက်က ၎င်းတို့အား ထောက်ခံသည့် ကြံ့ခိုင်ရေးပါတီဝင်များအား လက်နက်ကိုင်ဆောင်ခိုင်းထားမှုများလည်း ရှိနေခဲ့သည်။ 

• ကျန် တိုင်းနှင့် ပြည်နယ်များတွင် လူထုသပိတ်များ အားကောင်းနေဆဲ ဖြစ်ကာ ကိုဗစ်ကူးစက်မှု မြင့်မားသည့် ဒေသများတွင် မူ သပိတ်များရှိသော်လည်း လူအင်အား နည်းလာလျက်ရှိသည်။ 

• စစ်အုပ်စုဘက်တွင် ပြည်တွင်းစီးပွားရေးယန္တရားများ လည်ပတ်ရန်အတွက် အားထုတ်နေချိန်တွင် ကိုဗစ်ကူးစက်မှုများ မြင့် မားလာသည့်အတွက် ဖိအားများလျက်ရှိသည်။ စစ်အုပ်စုက အဆင်ခြင်မဲ့စွာ ဖွင့်ခဲ့သည့် ကျောင်းများတွင် ကိုဗစ်ကူးစက်မှု များ ပိုမိုများပြားလာကာ မြို့အလိုက် ကျောင်းပိတ်ရမှုများပင် ရှိလာနေသည်။ ပြည်တွင်း၌လည်း ဆန္ဒပြလှုပ်ရှားမှုများနှင့် လက်နက်ကိုင်ခုခံတော်လှန်မှုများ ဆက်တိုက်ရှိနေဆဲ ဖြစ်သည့်အတွက် သတင်းပေးဒလန်များ အကူအညီဖြင့် လိုက်လံဖမ်း ဆီးမှုများကိုလည်း ဆက်တိုက်ပြုလုပ်လာလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly