လက်နက်ကိုင်ပြည်ခိုင်ဖြိုးပါတီဝင်များကြောင့် ရီးဒွေးရွာသားများအခက်ကြုံ

လက်နက်ကိုင်ပြည်ခိုင်ဖြိုးပါတီဝင်များကြောင့် ရီးဒွေးရွာသားများအခက်ကြုံ
ဓာတ်ပုံ - စစ်ကောင်စီတပ်က လိုက်လံမီးရှို့ဖျက်ဆီးခဲ့သည့် ရဲဒွေးရွာသားအချို့ ပုန်းရှောင်ရာနေရာမြင်ကွင်း။

ဇွန် ၂၈

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွင်းသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များ မကြေညာဘဲဝင်ရောက်လာခဲ့မှုက ကန့်ဘလူမြို့နယ်တွင်းရှိ ရီးဒွေးကျေးရွာတွင်တော့ ရွာသားများနေရပ်စွန့်ခွာထွက်ပြေးရမှုဖြစ်ပေါ်လာနေသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၊ ရီးဒွေးကျေးရွာတွင် စစ်ကောင်စီက အုပ်ချုပ်ရေးမှူးအသစ်အဖြစ် အသက် ၆၀ အရွယ် ဦးသန်းလှိုင်ကိုခန့်အပ်ခဲ့ပြီးနောက် မေလတတိယပတ်မှစတင်၍ ကြံ့ခိုင်ရေးပါတီဝင် ၂၅ ဦးခန့်ကို တူမီးသေနတ်များ တရားဝင်ပေးကိုင်စေခဲ့သည်။ 

“စစ်သားတွေက သူတို့ကို သေနတ်တွေပေးထားခဲ့တာဗျ၊ မှတ်ပုံတင်နံပါတ်တွေဘာတွေနဲ့ တရားဝင်ကိုင်ခိုင်းတာဆိုပြီး, တူမီးသေနတ်တွေလို့တော့ထင်တယ်၊ ဒီကောင်တွေက နေ့ရောည‌ရော ဒါကြီးတွေထမ်းပြီးရွာထဲလျှောက်နေကြတာ၊ သူတို့အမြင်မကြည်တဲ့သူဆို ရိုက်နှက်ဖမ်းဆီးပြီး စစ်တပ်လက်ထဲအပ်တယ်ဗျ၊ ရွာထဲမနေရဲအောင် အိမ်တွေကို ရိုက်ဖျက်တယ်၊ မီးရှို့တယ်၊ သေနတ်တွေပစ်ဖောက်တာတွေလုပ်တယ်”ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောပြသည်။ 

အကြမ်းဖက်စစ်တပ်နှင့်မဟာမိတ်ရယူထားသည့် ပြည်ခိုင်ဖြိုးပါတီဝင်တို့၏လက်စွမ်းပြချက်က အိမ်ခြေ ၃၀၄ အိမ်ရှိသည့် ရီးဒွေးကျေးရွာနေ လူငယ်လူရွယ်အများစုမှာ နီးစပ်ရာကိုအလျဉ်းသင့်သလို တိမ်းရှောင်ပြေးကြရတော့သည်။  

အာဏာမသိမ်းခင်ကာလကန့်ဘလူမြို့နဲ့ ဆယ်မိုင်အကွာ ရီးဒွေးကျေးရွာတွင် အဆိုပါတူမီးလက်နက်မျိုးကိုင်ဆောင်ခြင်း လုံးဝမရှိခဲ့ကြောင်း သိရသည်။ 

ပဋိပက္ခအစပိုင်း ရီးဒွေးကျေးရွာ ရွာစာသင်ကျောင်းတောင်ဘက်ရှိ ဦးညိုဝင်းအိမ် မီးရှို့ခံရမှု ပထမဆုံးဖြစ်ပေါ်ခဲ့ပြီး လက်သည်မပေါ်သောအမှုအတွက် မည်သည့်အကြောင်းကြောင့်မီးရှို့ခံရသည်ကိုမူ မသိရဟု ဒေသခံများကပြောသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းလှိုင်က ထိုမီးလောင်မှုကို တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်းမျိုးမရှိသလို ရဲစခန်းကို အကြေင်းကြားခဲ့ခြင်းမျိုးလဲမရှိခဲ့ဟု ရွာသားများက ပြောသည်။

ရီးဒွေးကျေးရွာ၏ရွေးကောက်ခံ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်ရွှေကို စစ်ကောင်စီတပ်သားတွေက ဖြုတ်ချပြီး ၂၀၁၅ ခုနှစ်ရှေ့ပိုင်းမှာ အုပ်ချုပ်ရေးမှူးဖြစ်ဘူးသူ ဦးသန်းလှိုင်ကို အုပ်ချုပ်ရေးမှူးအသစ်အဖြစ်ခန့်အပ်ခဲ့သည်။  

ဦးသန်းလှိုင်သည် စစ်တပ်ကို ရွာသို့ခေါ်လာပြီးနောက်ပိုင်း တစ်လကျော်ကာလအတွင်း ကျေးရွာသားအမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး ငါးဦးအား ဖမ်းဆီးခံခဲ့ရသည်။

အဖမ်းဆီးခံရသူများမှာ ပထမဆုံးအကြိမ်တွင် အသက် ၅၀ ဝန်းကျင် ဦးဖိုးတုတ်၊ အသက် ၃၀ကျော်အရွယ် ကိုကျော်စွာလင်း ၊ ဒုတိယအကြိမ်တွင် ၃၀ ဝန်းကျင် ကိုထွန်း ၊ အသက် ၃၀ ကျော် အရွယ်ကိုမျိုးဦး၊ကိုအောင်လွင် နှင့် ကိုကျော်တင့်တို့ဖြစ်သည်။  ကိုမျိုးဦးနှင့် ကိုအောင်လွင်တို့ ကွမ်းခြံကအပြန် သေနတ်ကိုင်ပြည်ခိုင်ဖြိုးပါတီဝင်တွေက ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။  

အမျိုးသမီးငါး ဦးနှင့် အသက်မပြည့်သေးသူ လူငယ်နှစ်ဦးကို နောက်ပိုင်းတွင်ပြန်လွတ်ပေးခဲ့သည်။ 

စစ်ကောင်စီက အုပ်ချုပ်ရေးမှူးခန့်အပ်ပြီးနောက်ပိုင်းတွင် ယခုလိုဖြစ်စဉ်များဖြစ်ပွားခဲ့တာကြောင့် ဦးသန်းလှိုင်၏ ညွှန်ကြားချက်နှင့် လက်အောက်ခံ လက်နက်ကိုင် ကြံ့ခိုင်ရေးပါတီဝင်များက ဆောင်ရွက်နေတာဟု ရွာသားများကယုံကြည်နေကြသည်။ 

သို့သော် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးလက်မှတ်ဖြင့် ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်သော သဝဏ်လွှာတစ်ခုတွင် “ ပြည်သူတွေ လက်တလောကြုံတွေ့နေရတဲ့ ပုံစံမျိုးစုံနဲ့အကြမ်းဖက်မှုတွေကို မိမိတို့ပါတီက လက်မခံပါ။ တရားမဝင်အသင်းအဖွဲ့တွေ၊ တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လဲ ပတ်သတ်တာမျိုး အလျဉ်းမရှိပါ”  ဟု ပါရှိသည်။

ရီးဒွေး ပြည်သူများတိမ်းရှောင်နေရသည့် နေရာ ၁၄ ခုကိုလည်း မနေ့က ဇွန်လ ၂၇ ရက်တွင် စစ်ကောင်စီတပ်က လိုက်လံမီးရှို့ဖျက်ဆီးခဲ့သည်။ 

“ကျွန်တော်တို့ဗျာ နီးစပ်ရာ တဲလေးတွေထိုးပြီး နေကြရတာ၊  မနေ့ကဆိုရင်ဗျာ ကျွန်တော်တို့ အဲ့ဒီတဲလေးတွေဆီကို စစ်ကားသုံးစီးနဲ့ အုပ်ချုပ်ရေးမှူးက လမ်းပြပြီး လာသောင်းကျန်းကြတာဗျာ ၊တဲလေးတွေလဲမီးရှို့ကြတယ်၊ ဆန်တွေ၊ဆီတွေ၊ စားသောက်စရာတွေနဲ့ဆိုင်ကယ်တွေပါယူသွားကြတယ်” ဟု မိသားစုဝင်ရှစ်ဦးရှိသူ ရွာသားတစ်ဦးကပြောသည်။ 

ထွက်ပြေးတိမ်းရှောင်ရသူများတွင် ကိုယ်ဝန်အရင့်အမာနှင့်အမျိုးသမီးများပါဝင်သလို၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များလဲ ပါဝင်သည်။ ထွက်ပြေးနေရသည်မှာ တစ်လကျော်ကာလရှိပြီဖြစ်သောကြောင့် အစားအသောက်နှင့် ဆေးဝါးများ၊ မိုးရာသီကာလဖြစ်သည့်အတွက် နေစရာနေရာအတွက် အခက်အခဲဖြစ်လာတော့သည်။   

“စစ်ကိုင်းတိုင်းအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများကို မှတ်တမ်းပြုလုပ်နေပြီး အဆိုပါ နေရပ်စွန့်ခွါနေရသူတွေကို ထောက်ပံ့ပေးဖို့ အဆင်သင့်ဖြစ်နေပြီးဖြစ်ကြောင်း” အမျိုးသားညီညွတ်ရေးအစိုးရ ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒေါက်တာဝင်းမြတ်အေးက မဇ္ဈိမကို ပြောသည်။ 

“လူသားချင်းစာနာမှုမရှိတဲ့ အကြမ်းဖက်စစ်ကောင်စီမပြုတ်မကျမချင်း ၊မြန်မာနိုင်ငံကလူတွေဟာ နေ့တိုင်းဒုက္ခသည်တွေလိုဖြစ်နေကြရတယ်” ဟု သူကမှတ်ချက်ပြုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required