မကွေးက CDM ဝင်ထားသည့် ရဲတပ်သား ၂ ဦး ဖမ်းဆီးခံရ

မကွေးက CDM ဝင်ထားသည့် ရဲတပ်သား ၂ ဦး ဖမ်းဆီးခံရ

ဇွန် ၂၈

စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝင်ထားတဲ့ မကွေးတိုင်းဒေသကြီးက ရဲတပ်သား နှစ်ဦးဟာ ဂန့်ဂေါ- ကလေးလမ်းမအနီးပတ်ဝန်းကျင်မှာ တိမ်းရှောင်နေရင်း ဇွန်လ ၂၆ ရက်က စစ်အုပ်စုတပ်တွေရဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူခရိုင်၊ ပေါက်မြို့မရဲစခန်းက လ- ၂၇၉၆၁၁ ရဲတပ်သား ဇော်မိုးနိုင်နဲ့ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းက လ- ၂၆၆၅၁၈ ရဲတပ်သားနိုင်နိုင်တိုး(ခ) ရန်နိုင်တိုးတို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက CDM ပြုလုပ်တိမ်းရှောင်နေခဲ့ပြီး မနေ့က ဇွန်လ ၂၆ ရက်မှာ ဖမ်းဆီးခံလိုက်ရတာပါ။

“ရွာကို ခဏအပြန် လမ်းမှာ အဖမ်းခံရတာ။ ရိုက်နှက်ပြီး ဖမ်းဆီးသွားတာ” လို့ ဒေသခံက ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတပ်တွေရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ရဲ နှစ်ဦးထဲက ရဲတပ်သားနိုင်နိုင်တိုး(ခ) ရန်နိုင်တိုးရဲ့ မိခင်ကတော့ သားဖြစ်သူနဲ့ အဆက်အသွယ်ပြတ်တောက်နေခဲ့ပြီး အခုလို ဖမ်းဆီးခံလိုက်ရတဲ့ သတင်းကို ကြားရတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly