စစ်တပ်သည် အတိုက်အခံများ၏ တည်နေရာကို သိရှိနိုင်ရန် ဖမ်းဆီးထားသူများကို နှိပ်စက်နေဟု ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ပြော

စစ်တပ်သည် အတိုက်အခံများ၏ တည်နေရာကို သိရှိနိုင်ရန် ဖမ်းဆီးထားသူများကို နှိပ်စက်နေဟု ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ပြော

ဇွန် ၂၇

မြန်မာအာဏာသိမ်းစစ်တပ်သည် အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သော လူပုဂ္ဂိုလ်များ၊ တက်ကြွလှုပ်ရှားသူခေါင်းဆောင်များ၏ တည်နေရာနှင့်ပတ်သက်ပြီး ထိန်းသိမ်းခံထားရသူများထံကနေ သတင်းအချက်အလက် နှိုက်ယူရန်အတွက် ညှင်းပန်းနှိပ်စက်သည့်နည်း အသုံးပြုနေကြောင်း မကြာ‌သေးခင်က ရန်ကုန်အကျဉ်းထောင်တစ်ခုမှ လွတ်မြောက်ခဲ့သည့် အမေရိကန်နိုင်ငံသားခံယူထားသူ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင်က စီအင်န်အင်န်ကို ပြောဆိုခဲ့သည်။

အသက် ၄၄ နှစ်ရှိ ကိုနေသန်မောင်သည် မြန်မာနိုင်ငံတွင် သုံးလကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဇွန်လ ၁၅ ရက်တွင် အမေရိကန်သို့ ပြန်ပို့ခံခဲ့ရသည်။

၎င်းသည် ရန်ကုန်မြို့ရှိ စစ်တပ် လျှို့ဝှက် စစ်ကြောရေးစခန်းတစ်ခုတွင် နှစ်ပတ်ကြာ ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း ၎င်းက ပြောခဲ့သည်။

အဆိုပါ စစ်ကြောရေး စခန်းနေရာတွင် ရှိနေခဲ့သည့် အချိန်သည် ၎င်းအတွက် “ငရဲ” တမျှဖြစ်ခဲ့ကြောင်း ကိုနေသန်မောင်က ဇွန်လ ၂၃ ရက်တွင် စီအင်န်အင်န်ကို ပြောခဲ့သည်။ ထို့ပြင် စစ်သားများက ၎င်းအား သတ်ပစ်လိမ့်မည်ဟု ထင်မြင်ပြီး ၎င်းအနေဖြင့် ထိုနေရာမှာပင် သေဆုံးရန်ပင် ပြင်ဆင်ထားခဲ့ကြောင်း ၎င်းက ပြောသည်။

၎င်းသည် မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရသည့် လူပေါင်း ၆,၂၀၀ ကျော်အနက် တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။

အွန်လိုင်းသတင်းဆိုဒ် ကမာရွတ်မီဒီယာ၏ ပူးတွဲတည်ထောင်သူနှင့် အယ်ဒီတာချုပ် ကိုနေသန်မောင်နှင့်အတူ တွဲဖက်တည်ထောင်သူနှင့် သတင်းထုတ်လုပ်သူ ကိုဟန်သာငြိမ်း တို့သည် မတ်လ ၉ ရက်က ၎င်းတို့ ရုံးကို စစ်တပ်လက်အောက်ခံတပ်ဖွဲ့၀င်များ စီးနင်းမှုအတွင်း ဖမ်းဆီးခံခဲ့ရသည်။

၎င်းတို့ကို စစ်ကြောရေးစင်တာတစ်ခုဆီ ခေါ်သွားပြီးနောက် ၎င်းတို့နှစ်ဦးအား ရိုက်နှက်ခဲ့ပြီး နှစ်ရက်ကြာ ရေမပေးသလို သုံးရက်ကြာ အစားအသောက်မပေးဘဲ ထားခဲ့သည်ဟု ၎င်းက ပြောသည်။ ၎င်းတို့ အဆိုပါနေရာတွင်ရှိနေ့စဉ်နှစ်ပတ်နီးပါးလောက် လက်ထိပ်ခတ်၊ မျက်စိကို အ၀တ်ဖြင့် ပိတ်စည်းနှောင်ခံထားခဲ့ရသည်ဟုလည်း ၎င်းကပြောသည်။

“ကျွန်တော်တို့ကို မျက်စိ အ၀တ်စည်း၊ လက်ထိပ်ခတ်ပြီးတော့ သူတို့ စပြီး မေးခွန်းတွေ မေးခဲ့တယ်၊ ကျွန်တော်တို့ရဲ့ မျက်နှာ၊ လက်တွေနဲ့ ပခုံးတွေကို သူတို့ ကန်ကျောက်ခဲ့တယ်၊ အဖြေတစ်ခုဖြေတိုင်း သူတို့ ကျွန်တော်တို့ကို ရိုက်ခဲ့တယ်၊ ကျွန်တော်တို့ ဘာဖြေဖြေ၊ မှန်မှန်မှားမှား သူတို့ ရိုက်နှက်ခဲ့တယ်၊ သုံးရက်လောက် မရပ်မနားပါပဲ” ဟု ၎င်းက စီအင်န်အင်န်ကို ပြောခဲ့သည်။

ယင်းကဲ့သို့ နှိပ်စက်ညှင်းပန်းမှုကို ရှစ်ရက်ကြာ လုပ်ခဲ့သည်ဟု ကိုနေသန်မောင်က ပြောသည်။

သို့သော် ၎င်းသည် အမေရိကန်နိုင်ငံသားတစ်ဦး ဖြစ်ကြောင်းကို စစ်သားများက သိရှိသွားချိန် ရိုက်နှက်မှု မလုပ်တော့ဟု ဆိုသည်။

“အဲဒီအချိန်မှာ ကျွန်တော့်ကို ရိုက်နှက်တာတွေ မလုပ်တော့ပါဘူး၊ ပြီးတော့ အမေရိကန်အစိုးရက ကျွန်တော့်ကို ဘာလို့ ပို့တာလဲနဲ့ ဘာလို့ ငွေကြေးတွေ ထောက်ပံ့နေသလဲ ဆိုပြီး မေးခွန်းတွေ မေးပါတော့တယ်၊ စီအိုင်အေအတွက် ကျွန်တော် အလုပ်လုပ်ပေးနေသလား ဆိုပြီး အဲဒီလို ကြောင်တောင်တောင် မေးခွန်းတွေလည်း မေးခဲ့ပါတယ်၊ ကျွန်တော်က ‘မဟုတ်ဘူး၊ ကျွန်တော်က ဂျာနယ်လစ်တစ်ယောက်ပါ၊ ဘယ်သူကမှ ကျွန်တော့်ကို ပိုက်ဆံမပေးခဲ့ဘူး’ လို့ ပြန်ဖြေခဲ့တယ်” ဟု ကိုနေသန်မောင်က ပြောခဲ့သည်။

၁၅ ရက် ကြာပြီးနောက် ၎င်းကို အင်းစိန်အကျဉ်းထောင်၏ ကပ်လျက် ထိန်းသိမ်းရေးစင်တာတစ်ခုကို ပြောင်းရွှေ့ပို့ဆောင်ခဲ့သည်ဟု ၎င်းက ပြောသည်။

ကိုနေသန်မောင်သည် နိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်သော သတင်းမီဒီယာအပေါ် ဖိနှိပ်မှု တစိတ်တဒေသအဖြစ် ဖမ်းဆီးခံရသည့် ဂျာနယ်လစ် ၈၈ ဦးအနက် တစ်ဦးအပါအ၀င်ဖြစ်ခဲ့သည်။ မီဒီယာသမားအများအပြားမှာ ပြည်ပသို့ ထွက်ခွာခဲ့ကြရခြင်း သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာ ဧရိယာများသို့ ထွက်ခွာခဲ့ကြရခြင်းတို့ ရှိခဲ့ကြောင်း စီအင်န်အင်န်က ပြောသည်။

အာဏာသိမ်းစစ်အုပ်စုသည် ပြစ်ဒဏ်ခတ်မခံရဘဲ ပြည်သူများအပေါ် ဥပဒေမဲ့ ပြုကျင့်ဖိနှိပ်မှုများ ဆက်ရှိနေစဉ်နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လက်ပိုက်ကြည့်မနေသင့်ဟု ကိုနေသန်မောင်က ပြောခဲ့ပြီး စစ်တပ်အပေါ် အရေးယူဆောင်ရွက်သွားရန် တောင်းဆိုသွားခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်အုပ်စုလက်ချက်ဖြင့် လူပေါင်း ၈၈၁ ဦး သေဆုံးခဲ့သလို လူပေါင်း ၅,၁၀၀ ခန့် ထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အဖွဲ့၏ ထုတ်ဖော်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required