နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၆ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၆ ဇွန် ၂၀၂၁)
ပုံ - ဇွန်လ ၂၆ ရက် ၊ ရန်ကုန်မြို့ရှိ လူငယ်များ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းဆန္ဒပြလှုပ်ရှားမှု မြင်ကွင်း(Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• ကျောက်တန်းမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက အနောက်ပိုင်းရပ်ကွက်ရုံးတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အုပ်ချုပ်ရေးရုံးသို့ ပစ်ခတ်ခဲ့သဖြင့် စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး သန်းဇော်ဆိုသူ သေဆုံးခဲ့ကာ ရာအိမ်မှူးတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

• ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် အရှေ့ဒဂုံနှင့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် စစ်အာဏာရှင်စနစ် ကျဆုံးရေးကြွေးကြော်၍ ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ရာ သပိတ်အပြီးတွင် စစ်အုပ်စုလက်နက်ကိုင်များ ရောက်ရှိလာကာ အနည်းဆုံး လူငယ်နှစ်ဦးခန့် ဖမ်းဆီးခံခဲ့ရသည်။ 

• NLD အစိုးရလက်ထက်က ပြန်လည်သိမ်းယူထားသည့် သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းနှင့် သရက်တောလမ်းထောင့်ရှိ Music Zone အား စစ်အုပ်စုက မူလအတိုင်း ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားလိုက်ပြီဖြစ်ကာ အဆိုပါမြေငှားရမ်းခဲ့မှုတွင် စစ် တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက ကျပ်သိန်း ၂၀၀၀ ကျော် အကျိုးအမြတ် ရယူထားခဲ့ဖူးသည်။ 

• စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြောက်ကျားသပိတ်များ မကြာခဏ ပြုလုပ်လေ့ရှိသည့် တာမွေမြို့နယ်၊ ယုဇနပလာဇာ မုခ်ဦးလေးဘက်တွင် စောင့်ကြည့်ရေး CCTV ကင်မရာအသစ်များအား စစ်အုပ်စုဘက်က ထပ်မံတပ်ဆင်လျက်ရှိသည်။ 

• ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင် A1 လမ်းတွင် ယနေ့ နေ့လယ် ၂ နာရီခွဲကျော်ခန့်က လူငယ်သုံးဦးအား စစ်အုပ်စုလက်နက်ကိုင်များဘက်က ဆိုင်ကယ်ဖြင့် လိုက်လံပစ်ခတ်ရာ အနီးရှိ အငှားယာဉ်တစ်စီး နောက်မှန်ပျက်စီးခဲ့ကာ လူငယ်သုံးဦးမှာမူ လွတ်မြောက်သွားသည်ဟု သိရပြီး မည်သည့်အတွက်ကြောင့် ပစ်ခတ်သည်ကိုမူ မသိရသေးပေ။ 

• ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် အငှားယာဉ်များအား City Taxi မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းကို ရပ်ဆိုင်းထားရာမှ ဇူလိုင်လ ၁ ရက်မှစ၍ စာရွက်စာတမ်း ယူလာရုံဖြင့် လုပ်ဆောင်ပေးမည်ဟု စစ်အုပ်စုက ပြန်လည်ဖွဲ့စည်းထားသည့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအဖွဲ့ - YRTC က ကြေညာထားသည်။

မန္တလေးတိုင်းဒေသကြီး

• အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံလက်မှတ်ရေးထိုးခဲ့သဖြင့် ထောင်ဒဏ် ၂ နှစ်ကျခံခဲ့ရဖူးကာ ဗိုလ်မှူးဟောင်းကျော်စွာ ဝင်းအား ဇွန်လ ၂၂ ရက်က ၎င်းနေထိုင်ရာ ပြင်ဦးလွင်မြို့ နေအိမ်တွင် စစ်အုပ်စုလက်နက်ကိုင်များက လာရောက်ဖမ်းဆီး သွားကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုရန် ပြင်ဆင်လျက်ရှိသည်ဟုသိရသည်။

• ပြည်ကြီးတံခွန်မြို့နယ်၊ ရတနာပုံမြို့သစ် (စ) ရပ်ကွက်၊ ၁၂၄ လမ်း (၅၇ နှင့် ၅၈ လမ်းကြား) တွင် ယနေ့နံနက်ပိုင်း ၈နာရီခန့်က စစ်အုပ်စုသတင်းပေးဟု သတ်မှတ်ခံရသူ ဦးညိုအေးမှာ ဓားဖြင့် ထိုးခံရသည့်အတွက် ဆေးရုံများသို့ ပို့ဆောင်ခဲ့သော် လည်း လက်မခံသည့်အတွက် နန်းတွင်း စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားသည်။ ဓားထိုးမှု ဖြစ်ပွားသည့် နေရာအနီးတွင် စစ်အုပ်စုလက်နက်ကိုင်များက ကားနှင့် ဆိုင်ကယ်များအား စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• မန္တလာတက္ကသိုလ် ကျောင်းသား/သူများကလည်း ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေးသတ်ခံရခြင်း ၄၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် "မကျေတဲ့အကြွေး ဆပ်ရန် ချီတက်ခဲ့ပြီ" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင် ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• အောင်မြေသာ ပညာရေးကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မန်းအခြေစိုက် တကသသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်း ဗကသသပိတ်စစ်ကြောင်းနှင့် အခြေခံပညာအထွေထွေသပိတ်ကော်မတီတို့ ပူးပေါင်းသပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းက မန္တလေးမြို့လယ်ခေါင် သိပ္ပံလမ်းမကြီးပေါ်ထိတက်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒ ပြခဲ့ကြသည်။ 

• မန်းလေးပြင်ရပ် သံဃာတော်များ ပါဝင်သည့် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကလည်း နေ့စဉ်မပျက် လမ်းများပေါ်ချီတက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန္တလေးမြို့ရှိ အာကာမင်းလက်ဖက်ရည်ဆိုင်တစ်ခုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များအား အမျိုးသမီးများပါ ပါဝင်သည့် အထူးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးသည်ဟူသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိကာ အဆိုပါသတင်းအား ကြားသိရခြင်း မရှိကြောင်း အာကာမင်းလက်ဖက်ရည်ဆိုင်တစ်ခုတွင် သွားရောက်စားသုံးလေ့ရှိသူ မန္တလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီတွင် အတည်ပြု ပြောဆိုသည်။ အဆိုပါဗီဒီယိုဖိုင်တွင် လက်နက်ကိုင်အမျိုးသမီး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသံများပါ ပါဝင်ကာ ရုပ်ရှင်ရိုက်ကူးရာတွင် အသုံးပြုသည့် ကင်မရာအမျိုးအစား ကိုင်ဆောင် ကာ လိုက်လံမှတ်တမ်းတင်နေသူတစ်ဦးကိုလည်း တွေ့ရှိသည်။ 

• မန္တလေး မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာတွင် ယနေ့ညနေ ၄ နာရီ ၁၅ မိနစ်ကျော်က စစ်အုပ်စုလက်နက်ကိုင်များက ရဲ၊ စစ်ကားနှင့် အချုပ်ကား ၁၀ စီးကျော်ဖြင့် အိမ်ရာအား ပိတ်ဆို့စီးနင်း၍ ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ မမ-၂၈ နေ လူငယ်ငါးဦး ဖမ်းဆီးခံလိုက်ရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော် အဆိုပါဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်းက အာဏာမင်း လက်ဖက်ရည်ဆိုင်တွင် PDF များအား ဝင်ရောက်ဖမ်းဆီးသည့်ပုံစံ ရုပ်သံရိုက်ကူးမှု၏ နောက်ဆက်တွဲဆက်လက်ရိုက်ကူးမှု ပြုလုပ်နေခြင်းသာ ဖြစ်ကြောင်း အဆိုပါအိမ်ရာဝင်းအတွင်း နေထိုင်သူက အတည်ပြု ပြောဆိုသည်။ အဆိုပါ တန်ဖိုးနည်း အိမ်ရာမှာ ဆန္ဒပြမှုများ အားကောင်းခဲ့စဉ်က သပိတ်တွင် ပါဝင်သူများခိုလှုံနေသည့်အတွက် စစ်အုပ်စုဘက်က အင်အားသုံး ဝင်ရောက်စီးနင်းခဲ့ဖူးသည့် နေရာလည်းဖြစ်သည်။ 

• မန္တလေးမြို့ ကျုံးအရှေ့ဘက် ကျုံးထောင့်နှင့် နန်းရှေ့မီးပွိုင့်တို့တွင် စစ်အုပ်စုလက်အောက်ခံ ယာဉ်ထိန်းရဲများက အရပ်ဝတ် များကိုပါ သုံးကာ ဆိုင်ကယ်စီးနင်းသူများအား တားဆီးစစ်ဆေးကာ လိုင်စင်များ စစ်ဆေး၍ ဒဏ်ကြေးရိုက်မှုများ ပြုလုပ် လျက်ရှိသည်ဟု မန်းမြို့ခံတစ်ဦးက ဆိုသည်။ သို့သော် ကျုံးအခြားဘက်များတွင်မူ လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့များအား ပုံမှန်အတိုင်းသာ လုံခြုံရေးချထားကာ တားဆီးစစ်ဆးမှုများ မပြုလုပ်ကြောင်းလည်း သိရသည်။ 

• မန်းကိုယ်စားပြု အထူးပြောက်ကျားတပ်ဖွဲ့ - MSTF နှင့် မကွေး၊ ကျောက်ဆည်၊ စစ်ကိုင်၊ မကွေးတိုင်း PDF အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF တို့ ပူးပေါင်းကာ မဟာမိတ်ဖွဲ့စည်း၍ မြို့နယ် သို့မဟုတ် တိုင်းတစ်ခုခုတွင် စစ်အုပ်စုနှင့် တိုက်ပွဲဖြစ်ပွားပါက ကျန်တိုင်းနှင့် မြို့နယ်များတွင်လည်း တစ်ပြိုင်နက်တည်း ဝိုင်းဝန်းတိုက်ခိုက်ကြရန် သဘောတူထားကြ ပြီ ဖြစ်သည်။ 

• မြင်းခြံ နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် မြို့ခံပြည်သူများကလည်း ချင်းကျောင်းသားခေါင်းဆောင် ဆလိုင်းတင် မောင်ဦး ကြိုးပေးသတ်ခံရမှု ၄၅ နှစ်ပြည့် အထိမ်းအမှတ်နှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် "ငြိမ်းချမ်းရေးအတွက တိုက်ပွဲရှိရမယ်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ လူစည်ကားရာစျေးများ၌ ဆန္ဒထုတ်ဖော်ခဲ့သည်။

• မိုးကုတ်မြို့နေ လူငယ်များကလည်း "အကြောက်တရားကို တွန်းလှန်ကြ" ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီး

• ပေါင်းတည်တွင် စစ်အုပ်စုလက်အောက်ခံ သစ်တောဦးစီးဌာနက ကျွန်းအပါအဝင် အခြားသစ်မာနှင့် သစ်ပင်မျိုးများအား ဒေသခံများအား အခမဲ့ဖြန့်ဝေကာ စည်းရုံးလျက်ရှိသည်။ 

• ပဲခူးတိုင်းအတွင်းရှိ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် အလုပ်လုပ်ကိုင်နေသည့် ပြင်ပဆရာဝန်များအား ပဲခူးပြည်သူ့ဆေးရုံ တွင် ကုသပေးရန်အတွက် စစ်အုပ်စုက ဖိအားပေးလျက်ရှိသည်ဟု သိရသည်။

ဧရာဝတီတိုင်းဒေသကြီး 

• ကြံ့ခင်းမြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်မှုဖြင့် ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခံထားရသည့် ရဲဝန်ထမ်းညီအစ်ကိုနှစ်ဦး၏ ဖခင်ဖြစ်သူ ဦးသန့်စင်အား စစ်အုပ်စုဘက်က ဖမ်းဝရမ်းထုတ်ထားသည်။

• မြောင်းမြမြို့တွင် သက်တမ်း ၁၀ နှစ်ကျော်ရှိပြီဖြစ်သည့် ကရုဏာရှင်လူငယ်များအသင်းရုံးခန်းအား စစ်အုပ်စုလက်နက်ကိုင် များက ယနေ့နံနက်ပိုင်းတွင် ပြတင်းပေါက်တံခါးများဖျက်ဆီး၍ ဝင်ရောက်စီးနင်းပြီးနောက် အများလှူဒါန်းထားသည့် အသင်းပိုင်ပစ္စည်း များအား ဖျက်ဆီးသွားခဲ့သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ဒီပဲယင်းမြို့နယ်၊ မြင်းတန့်ရွာနေ စစ်အုပ်စုဒလန်ဟု သတင်းထွက်နေသူ ဦးနွယ်မင်းမှာ ယမန်နေ့ ညနေပိုင်းက အမည်မသိသူတစ်ဦးက နေအိမ်ပေါ်သို့ တက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သသည့်အတွက် သေဆုံးသွားပြီဖြစ်ကာ ဇနီးဖြစ်သူမှာလည်း ဓားဖြင့်ခုတ်ခံရသည့်အတွက် လက်တွင် ထိခိုက်သွားခဲ့သည်။ ညောင်လှစံပြကျေးရွာတွင်လည်း စစ်အုပ်စုသတင်းပေးဟု သတ်မှတ်ခံရသူ သဇင်မိုးကုန်မာဆိုင်ပိုင်ရှင် ဦးနုတင်ဆိုသူကိုလည်း အမည်မသိသူနှစ်ဦးက စျေးဝယ်ဟန်ဆောင်ကာ ဆိုင် တွင်းဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်သည့်အတွက် ရင်ဘက်တွင် ဒဏ်ရာရကာ သေဆုံးသွားခဲ့သည်။ 

• ကလေးမြို့တွင်လည်း ဒေသခံများက ကိုဗစ်ကူးစက်မှုများကြောင့် အသွားအလာကန့်သတ်မှုများ ရှိသည့်ကြားကပင် အာရုဏ်ဦးသပိတ် ပြုလုပ်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။

• ကလေးမြို့၊ နတ်ချောင်းရွာအနီးတွင် ယနေ့ နေ့လယ် ၁ နာရီခွဲခန့်က ဂန့်ဂေါဘက်က တက်လာသည့် စစ်ကားအစီး ၆၀ ကျော်မှာ ကလေးမြို့ဘက်သို့ ဦးတည်ထွက်ခွာသွားသည်ဟု သိရသည်။ 

• မုံရွာမြို့ Fancy 2 စားသောက်ဆိုင်အနီး ကန်သာယာဘောင်ပေါ်တွင် ယမန်နေ့ည ၈ နာရီခွဲအချိန်ခန့်က လူငယ်နှစ်ဦး စီးနင်းလာသည့်ဆိုင်ကယ်အား စစ်အုပ်စုလက်နက်ကိုင်များက ပစ်ခတ်သဖြင့် တစ်ဦးမှာ ပေါင်တွင် ကျည်ထိမှန်ခဲ့ကာ ကျန်တစ်ဦးမှာ နောက်ကျောတွင် ကျည်ထိမှန်၍ သေဆုံးခဲ့သည်။ 

• မုံရွာတွင် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ရင်း ကြိုးပေးသတ်ခံရသည့် ဆလိုင်းတင်မောင်ဦး ကွယ်လွန်ခြင်း ၄၅ နှစ်ပြည့်နှင့်အထိမ်းအမှတ်အဖြစ် ၎င်းပြောဆိုခဲ့သည့် "မင်းတို့ စစ်ဖိနပ်အောက် ငါ ဘယ်တော့မှ ဒူးမထောက်နိုင်ဘူး" သည့် စကားအား အဝတ်စပေါ်တွင် ရေးသားလွှင့်ထူကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဘုတလင်မြို့နယ် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း ကျေးရွာများတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း "မင်းတို့စစ်ဖိနပ်အောက် မှာ ဘယ်တော့မှ ဒူးမထောက်ဘူး" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 
• ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းကလည်း ကျေးရွာများအတွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးဟု ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။ 

• ပုလဲမြို့ရှိ NLD ပါတီရုံးအား စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်ဖျက်ဆီးခဲ့သည်။ 

• ဂန့်ဂေါဘက်မှ ဆင်းလာသည့် ကား ၁၁ စီးပါ စစ်ယာဉ်တန်းမှာ နေ့လယ် ၂ နာရီကျော်ခန့်က ပုလဲမြို့အဝင် ကုက္ကိုလ်ကုန်း ရွာအနီး ကွမ်းယာဆိုင်တွင် သေနတ်များ ပစ်ဖောက်ပြီးနောက် ဆိုင်ရှိ ဆိုင်ကယ်တစ်စီးအား ယူဆောင်သွားကာ မုံရွာဘက်သို့ ဆက်လက်ထွက်သွားသည်ဟု သိရသည်။ 

• စစ်ကိုင်းအခြေစိုက် ဇေယျာတိုင်းမ်သတင်းထောက် ကိုဒီမြတ်ငြိမ်းအား ယနေ့နနက်ပိုင်းက ၎င်း၏ နေအိမ်တွင် အရပ်ဝတ် လက်နက်ကိုင်များက ကားသုံးစီးဖြင့် လာရောက်ကာ ဖမ်းဆီးသွားကာ ၎င်းအသုံးပြုသည့် ဖုန်း၊ လက်ပ်တော့ အပါအဝင် ၎င်း၏ အမျိုးသမီးကိုင်ဆောင်သည့် ဖုန်းနှင့် ဆိုင်ကယ်တို့ကိုပါ သိမ်းဆည်းသွားသည်။ ထို့ပြင် ၎င်းနေထိုင်သည့် ရပ်ကွက်အ တွင်းရှိ သတင်းဌာနမှ အခြားသတင်းထောက်တစ်ဦးကိုလည်း ဝင်ရောက်ဖမ်းဆီးရာ မတွေ့သဖြင့် မိသားစသုဝင်တစ်ဦးကို ဓားစာခံဖမ်းဆီးသွားသည်။ 

• တန့်ဆည်မြို့နယ်နေ လူငယ်များကလည်း မြို့အနီးရှိ ကျေးရွာများအထိ သွားရောက်၍ ဒေသခံများနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

မကွေးတိုင်းဒေသကြီး

• တောင်တွင်းကြီးမြို့နယ်၊ အုန်းတော် ၁ ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ နှစ်အရွယ် ကိုမျိုးမင်းဦးဆိုသူအား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ည ၈ နာရီခန့်က ဖမ်းဆီးသွားပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ဖမ်းဆီးခံခဲ့ရဖူးကာ ပြန်လည်လွတ်မြောက်လာပြီးနောက် ထပ်မံဖမ်းဆီးခံရခြင်း ဖြစ်သည်။ 

• ပွင့်ဖြူမြို့နယ်၊ လက်ပံနွယ်ကျေးရွာ ကိုမောင်စိုးဆိုသူအား စစ်အုပ်စုလက်နက်ကိုင်များက လက်နက်ရှိသည်ဟု သတင်းပေး တိုင်ကြားသည့်အတွက် ယနေ့ နံနက် ၁ နာရီခန့်က ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။ ထို့ပြင် လက်ပံနွယ်ကျေးရွာ၊ နံကပ်အပိုင်းတွင် နေထိုင်သူ ကိုကျော်နိုင်ဦးဆိုသူ နေအိမ်ကိုလည်း ဝိုင်းဝန်းစီးနင်းရှာဖွေခဲ့ကာ ၎င်းမှာ နေအိမ်တွင် မရှိသည့်အတွက် လွတ်မြောက်သွားခဲ့သည်။ စစ်အုပ်စုဘက်က သတင်းပေးဒလန်များအား အသုံးပြုကာ ပွင့်ဖြူမြို့နယ်အတွင်း နေ့စဉ်ဆိုသလို လိုက်လံဖမ်းဆီးလျက်ရှိသည်။ 

တနင်္သာရီတိုင်းဒေသကြီး

• သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာနေ လူငယ်များကလည်း "မင်းတို့ စစ်ဖိနပ်အောက် ငါတို့ ဘယ်တော့မှ ဒူးမထောက်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ထားဝယ်တောင်ပိုင်းသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက မြို့တွင်းသို့ ဆိုင်ကယ်များဖြင့် လှည့်လည်၍ စစ်အာ ဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း စစ်အုပ်စုလက်ချက်ဖြင့် ကြိုးပေးကွပ်မျက်ခံခဲ့ရသည့် ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၅ နှစ်ပြည့် အောက်မေ့ဂုဏ်ပြုပွဲ ပြုလုပ်ကာ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ထားဝယ်ပင်မသပိတ်စစ်ကြောင်းနှင့် ကျောင်းသားလူငယ်သပိတ်စစ်ကြောင်းတို ပူးပေါင်းကာ ယနေ့နေ့လယ်ပိုင်းက စစ်အုပ်က ကြိုးပေးသတ်ဖြတ်ခဲ့သည့် ချင်းတိုင်းရင်းသားကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ဓာတ်ပုံများကိုင် ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ထားဝယ် အရှေ့တောနယ်ဒေသံ လူငယ်များကလည်း "စစ်ဖိနပ်အောက် ဒူးမထောက်" ဟု ရေးသားထားသည့် ဆိုင်းဘုတ် ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• လောင်းလုံမြို့နယ်၊ မြခါးပတ်ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက ပြုလုပ်သည့် သပိတ်ပြုလုပ်မှုအား စစ်အုပ်စုဘက်က သေနတ်ဖြင့် ပစ်ဖောက်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည့်အပြင် ည ၇ နာရီဝန်းကျင်တွင်လည်း ရွာထိပ်မှနေ၍ ထပ်မံပစ် ခနတ်မှုများ ပြုလုပ်ခဲ့သည်။ 

• လောင်းလုံမြို့နယ် မောင်းမကန်၊ ညင်းမော်၊ သင်းကျွန်းနှင့် ကဒက်ငယ်ဆိပ်ကျေးရွာများတွင်လည်း သပိတ်စစ်ကြောင်းများကိုယ်စီထွက်ကာ NUG အစိုးရ ထောက်ခံကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။ 

• လောင်းလုံမြို့နယ်တွင်းရှိ ကြက်ယက်တွင်း၊ ပြင်ချောင်း၊ မိန်းမချောနှင့် နတ်စဉ်ရှောင်ကျေးရွာတို့ကလည်း စုပေါင်းသပိတ် ပြုလုပ်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ကချင်ပြည်နယ်

• မိုးညှင်းမြို့နယ်၊ အုတ်ကျင်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၆၀ နှစ်အရွယ် အင်ဂျင်နီယာ ဦးစံလွင်နှင့် အသက် ၂၀ အရွယ် သားဖြစ်သူ ကိုလင်းလက်အောင်တို့အား စစ်အုပ်စုသတင်းပေးများက ဖောက်ခွဲရေးပစ္စည်းသယ်ဆောင်သည်ဟုဆို ကာ လိမ်လည်တိုင်ကြားသဖြင့် ယမန်နေ့ည သန်းခေါင်ကျော်အချိန်က စစ်အုပ်စုလက်နက်ကိုင်များက အင်အား ၂၀ ခန့်ဖြင့် လာရောက်ဖမ်းဆီးသွားသည်။ 

• ချီဖွေတွင် Non CDM သမားများ သတင်းပေးမှုကြောင့် ဖမ်းဆီးခံရသူ ဆရာမ လွမ်းညွယ်အား ချုပ်ရက်ရမာန် နှစ်ပတ်ယူထားကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုရန် စစ်အုပ်စုဘက်က ပြင်ဆင်လျက်ရှိသည်။ 

• ကချင်လွတ်မြောက်ရေးတပ်မတော် - KIA တပ်ရင်း ၄၅ ထိန်းချုပ်ရာ လီဒိုလမ်းမနှင့် ရေကြောင်းများတွင် ရေယာဉ်နှင့် ကုန်းကြောင်းသုံး ယာဉ်များအားလုံးအနေဖြင့် စစ်အုပ်စုအတွက် လက်နက်၊ ရိက္ခာနှင့် စစ်သားများ သယ်ယူပို့ဆောင်ပေးခြင်းများ မပြုလုပ်ရန်၊ ပြည်သူပိုင်အဆောက်အဦနှင့် ဘာသာရေးအဆောက်အဦများတွင် စစ်အုပ်စုအား နားခိုခွင့်ပေးခြင်း၊ ညအိပ်ခိုင်းခြင်း၊ စခန်းချနေထိုင်ခြင်း မပြုခိုင်းရန်၊ ည ၇ နာရီမှ နံနက် ၅ နာရီအထိ ခရီးသွားလာခြင်းမပြုကြရန် သတိပေး ထုတ်ပြန်ထားသည်။ 

• ကသာမြို့မှ ရွှေကူမြို့ဘက်သို့ မြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုလက်နက်ကိုင်များပါ သင်္ဘောတစ်စီးမှာ ယနေ့နေ့လယ် ၁ နာရီခန့်က မိုးတားကျေးရွာအနီး တိုက်ကုန်းကျေးရွာရှေ့တွင် ပစ်ခတ်ခံရသည့်အတွက် မီးလောင်ပျက်စီး ခဲ့ကာ ဆင်ဂုန်တိုင်ကျေးရွာအနီးတွင် ဆိုက်ကပ်ထားသည်ဟု သိရသည်။ တိုက်ခိုက်ခံရမှုအပြီးတွင် အဆိုပါစစ်သင်္ဘောပေါ်မှ အနီးပတ်ဝန်းကျင်များသို့ ရမ်းသမ်းပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့သည်။ 

ကယားပြည်နယ်

• ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ မီးရထားလမ်းအနီးတွင် ယမန်နေ့ညပိုင်း ၇ နာရီခွဲခန့်က မည်သည့်အဖွဲ့က ထောင်ထားမှန်းမသိသည့် မိုင်းနင်းမိကာ ခြေထောက်၌ ဒဏ်ရာရရှိခဲ့သည်။ 

• ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDF က အပစ်ရပ်ထားသည့် လွိုင်ကော်တွင် ယမန်နေ့ညပိုင်း ၉ နာရီခန့်က ဧက ၅၀၀ ရပ်ကွက်နှင့် နမ့်ဘော်ဝမ်ဘက်တွင် စစ်အုပ်စုဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၁၅ မိနစ်ခန့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အတွက် ဒေသခံနေအိမ်အချို့ ပျက်စီးခဲ့သည်။ ယနေ့နံနက်ပိုင်းတွင်လည်း အင်အား ၇၀ ခန့်ဖြင့် စစ်အုပ် စုလက်နက်ကိုင်များက အဆိုပါပစ်ခတ်မှုဖြစ်ခဲ့သည့် နေရာများတွင် ခြေလျင်ကင်းလှည့်မှုများ ပြုလုပ်လျက်ရှိသည်။ 

ကရင်ပြည်နယ်

• မြဝတီခရိုင်တွင် အာဏာသိမ်းပြီးချိန်မှစ၍ မြို့တွင်းရပ်ကွက်နှင့် ကျေးရွာများရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ငါးဦးအထိ ပစ်ခတ်လုပ်ကြံခံခဲ့ရသည်။ လုပ်ကြံခံရသူများမှာ သတင်းပေးဒလန်ဟု သတ်မှတ်ခံထားရသည့် ဝှေ့ရှမ်း၊ မဲ့ပလဲ့၊ ဇရပ်ဖြူကုန်နှင့် အင်ကြင်းမြိုင်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ဖြစ်ပြီး မြဝတီမြို့၊ အမှတ် (၂) ရပ်ကွက် မြို့ပတ် (၂) လမ်းနေ ရာအိမ်မှူး ဦးသန်းဌေးတို့ ဖြစ်သည်။

• ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင်လည်း ဒေသခံများက "အရေးတော်ပုံ အောင်ကို အောင်ရမည်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကရင်အလံများ လွှင့်ထူ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ချင်းပြည်နယ်

• မင်းတပ်မြို့တွင် ဒေသခံ Chinland Defense Force နှင့် စစ်အုပ်စုအကြား တိုက်ပွဲဖြစ်ခဲ့သည့် ယှက်ရွာအနီးတွင် ဇွန်လ ၂၃ ရက်က စစ်အုပ်စုဘက်က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲရာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး လက်တစ် ဖက်ပြတ်ကာ ခြေထောက်နှင့် ခါးအောက်ပိုင်းတို့တွင် ဒဏ်ရာရကာ သေဆုံးသွားခဲ့သည်။ 

• ဖလမ်းမြို့နယ်၊ ဝေဘူလမြို့တွင် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ ကလေးမြို့၊ လက်ပံချောင်းကျေးရွာနေ ဆလိုင်းထွန်းထွန်းအား တူဖြစ်သူ ဆလိုင်းထန်ထန်က ဇွန်လ ၁၆ ရက်က သွားပြန်ကြိုကာ ကလေးမြို့သို့ ပြန်လာစဉ် ဝေဘူလမြို့နှင့် နတ်ချောင်းရွာကြားတွင် စစ်အုပ်စုလက်နက်ကိုင်များက ဖမ်းဆီးထားရာ ယခုအချိန်အထိ မိသားစုနှင့်အဆက်အသွယ်မရ ဘဲ ပျောက်ဆုံးလျက်ရှိသည်။ 

• ဖလမ်းမြိုနေ လူငယ်များကလည်း ချင်းတိုင်းရင်းသားကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေးသတ်ခံရသည့် ၄၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၎င်းပုံပါ ဗီနိုင်းများကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြ သည်။ 

• မတူပီမြို့တွင် စစ်တပ်ဘက်က မင်းတပ်-မတူပီလမ်းအား ပိတ်ဆို့ထားသည့်အတွက် ဟားခါး-မတူပီလမ်းမှ ဆန်များ တင်ပို့နေရရာ မတူပီအခြေစိုက် ခလရ ၄၁၀ နှင့် စစ်အခြေချ ဗျူဟာတပ်တို့က ဆန်တင်ပို့မှုများကို ကန့်သတ်ပိတ်ဆို့ထားသည့်အ တွက် ဆန်တင်ပို့၍ မရဘဲ ဖြစ်နေကြောင်း သိရသည်။ 

မွန်ပြည်နယ်

• သထုံမြို့နယ်တွင် စစ်အုပ်စုခန့် နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်လုပ်ကြံခံရပြီးနောက် နောင်ကုလားကျေးရွာ အုပ်ချုပ်ရေးမှူး ခွန်ပန်းအောင်နှင့် ဝင်းပကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံရီတို့က ရာထူးမှ နုတ်ထွက်လိုက်ကြပြီ ဖြစ်သည်။

• ရေးမြို့နယ်တွင် စစ်အုပ်စုအား တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်သွားရန်အတွက် Feature For Defense Force’s – FYDF ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• ပေါင်မြို့နေ လူငယ်များကလည်း "စစ်ဖိနပ်အောက် ဒူးမထောက်" ဟု ရေးသားထားသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• မော်လမြိုင်မြို့နေ လူငယ်များကလည်း အနက်ရောင်အိင်္ကျီများ ဆင်တူဝတ်ဆင်ကာ "စစ်ဖိနပ်အောက် ဒူးမထောက်" ဟု ရေးသားထားသည့် စာရွက်များကိုင်ဆောင်၍ Black Shirt ကမ်ပိန်း ပြုလုပ်ခဲ့သည်။ 

ရှမ်းပြည်နယ်

• သီပေါမြို့၊ မြန်မာရပ်ကွက်တွင် ဇွန်လ ၂၃ ရက် ညပိုင်းက စစ်အုပ်စုက ပစ်ခတ်သဖြင့် သေဆုံးခဲ့သည့် ကိုအောင်မင်းသူ၏ နာရေးအိမ်တွင် ယမန်နေ့ညပိုင်း ၆ နာရီခွဲကျော်က အသက် ၄၃ နှစ်အရွယ် မဇာဇာမျိုးအောင်ဆိုသူမှာ သေနတ်ဖြင့် ပစ်ခတ် ခံရသည့်အတွက် နောက်စေ့တွင် ဒဏ်ရာရကာ သေဆုံးခဲ့ပြီး သူမ၏ ဖခင်ဖြစ်သူမှ စစ်တပ်မှ အငြိမ်းစားယူထားသူဖြစ်ပြီး သူမကိုယ်တိုင် ဒလန်ဖြစ်ကြောင်း ပြောဆိုမှုများရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ 

• သီပေါမြို့နယ်နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာသားများအား ရောင်စုံစက္ကူနှင့် စာအိတ် များပေါ်တွင် ရေးသားကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• ကျောက်မဲမြို့နယ်၊ နောင်ပိန်းစျေးတွင် ယနေ့နံနက်ပိုင်း ၇ နာရီခွဲခန့်က ကျောက်မဲ၊ နမ့်ဝရွာနေ အသက် ၄၈ နှစ်အရွယ် စိုင်းယုံဆိုသူအား ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးသွားခဲ့သည်။ 

• မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော် (၆) လမ်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် အမျိုးသားအလောင်းတစ်လောင်းအား လမ်းဘေးရေမြောင်း၌ တွေ့ရှိခဲ့ကာ မည်သူဖြစ်ကြောင်းကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

• မူဆယ်မြို့တွင်လည်း စာရွက်များပေါ်တွင် "အခုချိန်ထိ အာဏာရူးတွေ ထည့်တဲ့ဂျင်းတွေကို ယုံနေတုန်းလား" အပါအဝင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာများ ရေးသားကာ အိမ်တွင်းသပိတ်ပြုလုပ်ခဲ့သည်။ 

• လားရှိုး အခြေခံပညာကျောင်းသားများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲဝင်ရင်း ကြိုးပေးကွပ်မျက်ခံရ သည့် ချင်းတိုင်းရင်းသားကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၅ နှစ်ပြည့်နေ့အဖြစ် အနက်ရောင် အိင်္ကျီများ ဆင်တူဝတ်ဆင်ကာ ၎င်းနောက်ဆုံးပြောခဲ့သည့် "စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်" စကားအား စာရွက်များပေါ်တွင် ရေးသား၍ Black Shirt ကမ်ပိန်း ပြုလုပ်ခဲ့သည်။ 

• ရှမ်းပြည်နယ်၊ သမဝါယမဦးစီးဌာနတွင် စစ်အုပ်စုလက်အောက် အလုပ်မလိုသည့်အတွက် CDM ပြုလုပ်နေသည့် ဦးစီးမှူး ၂၀ ဦး အပါအဝင် စုစုပေါင်း ဝန်ထမ်း ၅၉ အား စစ်အုပ်စုက တာဝန်မှ ရပ်ဆိုင်းပစ်လိုက်သည်။ 

ရခိုင်ပြည်နယ်

• တောင်ကုတ်-မာန်အောင်ပြေးဆွဲနေသည့် ရေကြောင်းလိုင်းများတွင် ကိုဗစ်ကာကွယ်ရေးအတွက် PPE ဝတ်စုံဝတ်ဆင်မှသာ စီးနင်းခွင့်ပြုရန် ညွှန်ကြားထားသည်။ 

• ဂျပန်ရောက်ရခိုင်လူငယ်များဖြင့် ဖွဲ့စည်းထားသည့် ရခိုင်လူငယ်များအစည်းအရုံး (ဂျပန်) ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးကျော်သန်းလှိုင်အား ဇွန်လ ၂၄ ရက်က ဂျပန်စံတော်ချိန် နံနက် ၆ နာရီလေယာဉ်ဖြင့် ရန်ကုန်သို့ ပြန်လာရာ လေဆိပ်တွင် ဖမ်းဆီး ခံထားရသည်ဟု သိရသည်။ 

နေပြည်တော်

• စစ်အုပ်စုအား အပြည်ပြည်ဆိုင်ရာတရားရုံး - ICC တွင် တရားစွဲဆိုနိုင်ရန်အတွက် သက်သေခံအီးမေးလ်ပေါင်း လေးသိန်း ကျော် ရရှိထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ယမန်နေ့ ညနေပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ထည့်သွင်းပြောဆိုထားသည်။ 
ဇွန် ၂၆ သုံးသပ်ချက်

• ရန်ကုန်တွင် စစ်အာဏာရှင်စနစ်ရေး လူထုပြောက်ကျားသပိတ်များ ဆက်ရှိနေဆဲ ဖြစ်ကာ လူငယ်အချို့ ဖမ်းဆီးခံခဲ့ရသည်။ စစ်အုပ်စုဘက်က လူငယ်များအား လိုက်လံပစ်ခတ်မှုများလည်း ရှိခဲ့ပြီး စစ်အုပ်စု ဒုခေါင်းဆောင် ရန်ကုန်ရောက်နေကာ ကမ္ဘာအေးဘုရားသို့ သွားရောက်မည်ဟု သတင်းများထွက်ပြီးနောက် ကမာရွတ်၊ အင်းယားလမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းများတွင် လုံခြုံရေးအင်အား အများအပြားချထားကာ ကင်းပုန်းချ လုံခြုံရေးယူထားမှုများလည်း ရှိခဲ့သည်။ 

• မန္တလေးတွင် လူထုသပိတ်စစ်ကြောင်းများမှာ မြို့လယ် သိပ္ပံလမ်းပေါ်အထိတက်၍ ဆန္ဒပြမှုများအထိ ရှိခဲ့ကာ ဒလန်ရှင်း လင်းမှုဖြစ်စဉ်များလည်း ရှိခဲ့သည်။ စစ်အုပ်စုဘက်က ကင်းလှည့်မှုများကို အင်အားအနည်းငယ်ဖြင့်သာ ဆက်လက်ပြုလုပ်နေပြီး PDF နှင့် ဆန္ဒပြသူများအား အထူးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးသည့် ရုပ်သံရိုက်ကူးမျုများကိုလည်း စစ်အုပ်စု ဘက်က ပြုလုပ်ခဲ့သည်။ အိမ်စီးကားများထက် ဆိုင်ကယ်ဖမ်းဆီးမှုများကို ပိုမိုလုပ်ကိုင်လာနေပြီး ယင်းမှတစ်ဆင့် ဆိုင်ကယ် ကို အဓိကထားသုံးနေကြသည့် သပိတ်များအား ပိုမိုဖိအားပေးရန် လုပ်ဆောင်လာလျက်ရှိသည်။

• ကျန် တိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးများနှင့် ကျေးရွာများတွင် လူထုသပိတ်များ ဆက်လက်အားကောင်းနေဆဲ ဖြစ်ကာ ကယားပြည်နယ် လွိုင်ကော်တွင်မူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အပစ်ရပ်ထားသည့်ကြားကပင် စစ်အုပ်စုဘက်က လူနေရပ်ကွက်များအတွင်းသို့ ပစ်ခတ်မှုများ ဆက်လုပ်နေဆဲ ဖြစ်သည်။ 

• စစ်အုပ်စုဘက်တွင် တိုင်းရင်းသားလက်နက်ကိုင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များကြောင့် အထိအခိုက်များနေမှု ကို တန်ပြန်ဝါဒဖြန့် စည်းရုံးရန်အတွက် ဇာတ်ကွင်ဆင်ထားသည့် ရုပ်သံမှတ်တမ်း ရိုက်ကူးမှုများ လုပ်ဆောင်လျက်ရှိသည်။ ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့သည့် လက်နက်မရောင်းရေးကန့်သတ်ချက်ကြောင့် ဖိအားအချို့ရှိနေကာ နိုင်ငံတွင်းတွင်လည်း တိုက်ပွဲများကြောင့် တပ်အရွေ့အပြောင်းလုပ်မှုများ ပိုမိုများပြားလာနေသည်။ ထို့ပြင် စီးပွားရေးပြန်လည်ကောင်းမွန်ရန်အ တွက်ဆိုကာ အထူးစီးပွားရေးဇုန်များ ပြန်လည်လည်ပတ်နိုင်စေရန် အားစိုက်လုပ်ဆောင်မှုများ ရှိနေကာ ရပ်ဆိုင်းထားသည့် လိုင်စင်/မှတ်ပုံတင်ပြုလုပ်မှုများကိုလည်း ပြန်လည်ဖွင့်လှစ်ပေးလျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly