ဆလိုင်းတင်မောင်ဦးလို ရဲရင့်ပြတ်သားတဲ့စိတ်အမြဲရှိရမယ်လို့ ညီညွတ်သောအခြေခံပညာကျောင်းသားများကွန်ရက် - UBESN ထုတ်ပြန်

ဆလိုင်းတင်မောင်ဦးလို ရဲရင့်ပြတ်သားတဲ့စိတ်အမြဲရှိရမယ်လို့ ညီညွတ်သောအခြေခံပညာကျောင်းသားများကွန်ရက် - UBESN ထုတ်ပြန်

ဇွန် ၂၆

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးလို ရဲရင့်ပြတ်သားတဲ့စိတ်အမြဲရှိရမယ်လို့ ညီညွတ်သောအခြေခံပညာ ကျောင်းသားများကွန်ရက် - UBESN က သက်ဆိုင်ရာကျောင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။ 

သူရဲဝင့်စွာ ဟစ်ကြွေးခဲ့တဲ့ ကျောင်းသားတစ်ယောက်ရဲ့ နိုင်ငံရေးခံယူချက်၊ ရပ်တည်ချက်ဟာ သမိုင်းတွင်စကားရပ်အဖြစ် ထင်စွဲ ကျန်ရစ်နေတုန်းဖြစ်တယ်လို့လဲ ဆိုပါတယ်။

“ခန္ဓာကိုယ်ကို သတ်လိုကသတ်နိုင်သည်။ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကို ဘယ်သောအခါမှ သတ်နိုင်မည် မဟုတ်၊ စစ်ဖိနပ်အောက်မှာ ဘယ်သောအခါမှ ဒူးထောက်မည် မဟုတ်ဘူး” ဆိုပြီး ဆလိုင်းတင်မောင်ဦးက ကြိုးစင်ထက်မှာ ဟစ်ကြွေးခဲ့တာပါ။

ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို စစ်အာဏာရှင်က ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ မတရားသဖြင့် ကြိုးပေးသတ်ဖြတ်ခဲ့တာ ဒီနေ့ဆိုရင် ၄၅ နှစ်တိုင်ခဲ့ပါပြီ။ 

အခုကာလဟာ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ကာလဖြစ်လို့ ဒူးထောက်အညံ့ခံဘက်ကူးမယ့် ဖောက်ပြန်တဲ့လုပ်ရပ်ဟူသမျှကို ဘယ်တော့မှမလုပ်မိစေဖို့နဲ့ အညံ့တဲ့သူတွေကိုလည်း ဆန့်ကျင်ချေမှုန်းရမှာဖြစ်တယ်လည်း ညီညွတ်သောအခြေခံပညာကျောင်းသားများကွန်ရက် - UBESN ကဆိုပါတယ်။

ကျောင်းသားအဖွဲ့အစည်းနဲ့ ကျောင်းသားရဲဘော်တွေဟာ အဓမ္မနဲ့ ဓမ္မနဲ့ယှဉ်လာတိုင်း ဓမ္မဘက်ကနေအမြဲရပ်တည်ခဲ့ကြောင်းနဲ့ အဖိနှိပ်ခံပြည်သူတွေအတွက်အရပ်တည်ရင်း လူ့အခွင့်အရေးနဲ့ ဖိနှိပ်မှုမရှိသော တန်းတူညီမျှသော လူ့ဘောင်အဖွဲ့အစည်းဆီကို ဦးတည်လျှောက်လှမ်းမည်ဟုလည်း ထုတ်ပြန်ချက်မှာရေးသားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly