မြောင်းမြမြို့ ကရုဏာရှင်လူငယ်များအသင်းရုံးခန်းကို စစ်ကောင်စီက ဝင်ရောက်ဖျက်ဆီး

မြောင်းမြမြို့ ကရုဏာရှင်လူငယ်များအသင်းရုံးခန်းကို စစ်ကောင်စီက ဝင်ရောက်ဖျက်ဆီး

ဇွန် ၂၆

ဧရာဝတီတိုင်း မြောင်းမြမြို့က ကရုဏာရှင်လူငယ်များအသင်းရုံးခန်းကို စစ်ကောင်စီလက်အောက်ခံတွေက ဇွန်လ ၂၆ရက်နေ့ နံနက်အစောပိုင်းမှာ အသင်းရုံးခန်း ပြတင်းပေါက်ကို ခိုးဝင်ဝင်ရောက်ပြီး ရုံးခန်းအတွင်း မွှေနှောက်ရှာဖွေကာ အများပြည်သူတွေလှူဒါန်းထားတဲ့ ပစ္စည်းတွေကို ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

“ရုံးခန်းက ဘုန်းကြီးကျောင်းဝန်းအတွင်းမှာ အရှေ့မှာက သံတံခါးနဲ့ မှန်တံခါးရှိတယ် ဘုန်းကြီးကျောင်းထဲကိုခိုးဝင်ပြီးတော့ ဘေးက ပြတင်းပေါက်ကို ရအောင်ဖွင့်ပြီး ခိုးဝင်သွားတာ၊ ပစ္စည်းတွေကို မွှေနှောက်ရှာပြီး ဖျက်ဆီးသွားတယ်၊ အသင်းက သူတို့ကြောင့်ပဲ ရပ်နားထားရတာ သုံးလနီးပါးရှိပြီ ဒီအသင်းက တရားဝင်မှတ်ပုံတင်ထားတဲ့ အသင်းတစ်ခုပါ ဘာလို့အခုလိုလုပ်လဲဆိုတာ မသိဘူး”လို့ အသင်းဝင်တစ်ဦးကပြောပါတယ်။

ကရုဏာရှင်လူငယ်များအသင်းရဲ့ စတင်တည်ထောင်သူလည်းဖြစ်ပြီး မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်က သူ့ရဲ့ Facebook စာမျက်နှာမှာ “ကျွန်တော် ၅ နှစ်လောက် ကျောချအိပ်ခဲ့တဲ့ နေရာ၊ မြောင်းမြမြို့ ကရုဏာရှင်လူငယ်များအသင်း ရုံးခန်းကို ဝင်ရောက် မွှေနှောက်ဖျက်ဆီး သွားပါတယ်။ ပြတင်းပေါက်ကို ဖျက်ပြီး တော့ ခိုးကြောင့်ခိုးဝှက် ဝင်လုပ်သွားတာပါ။ တယောအိတ်ကိုလဲ သေနတ်အိတ်တွေ့ပြီဆိုပြီး ဝမ်းသာသွားလေရော့လား။ ဘာမှ မတွေ့တော့ တယောကို ချိုးသွားတယ်။ရှေ့လဆို ကျွန်တော် အသင်းကို စတင်တည်ထောင်ခဲ့ တာ ၁၁ နှစ်ပြည့်ပြီ။ စစ်အာဏာရူးတွေဟာ မြို့ရဲ့ နှလုံးသားကို တစစီ ဆွဲဆုတ်သွားတာပဲ။ မှတ်တမ်းမှတ်ရာအဖြစ်ကျန်ပါစေ။ ကျွန်တော်တို့ပြည်သူတိုင်း ဟာနေ့စဉ် ဒီလို နာကျည်းမုန်းတီးစက်ဆုပ်စရာတွေ အပြည့်နဲ့ ကျော်ဖြတ်နေ နေရတယ်။ ကျန်းမာအောင်နေကြစို့။ အလုပ်ပိုလုပ်ကြစို့။ ညီညွတ်ကြစို့။ စစ်အာဏာရှင်စနစ်ကျဆုံးစေရမည်။ အရေးတော်ပုံအောင်ရမည်”လို့ ဦးဝေလင်းအောင်က ရေးသားထားပါတယ်။

ကရုဏာရှင်လူငယ်များအသင်းဟာ မြောင်းမြမြို့မှာ သွေလှူဒါန်းခြင်း၊ လူနာတင်ကားကူညီခြင်း၊ ဆေးရုံရှိ လူနာများကို မနက်ည ဆန်ပြုတ်လှူဒါန်းခြင်းနဲ့ ကိုဗစ်ကာလ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတို့မှာ ဦးဆောင်၍ Facility Quarantine များဖွင့်လှစ်ကာ အခမဲ့ကူညီစောင့်ရှောက်ခြင်းတွေကို လုပ်ဆောင်ပေးခဲ့တဲ့ အသင်းဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly