စစ်ကောင်စီအနေဖြင့် နိုင်ငံတကာစာမျက်နှာအတွက် နိုင်/ကျဉ်းများ ပြန်လွှတ်ပေးဖို့ပြင်ခြင်းဖြစ်နိုင်ကြောင်း နိုင်ကျဉ်းအဖွဲ့ ဦးဆောင်ကော်မတီဝင်ပြော

စစ်ကောင်စီအနေဖြင့် နိုင်ငံတကာစာမျက်နှာအတွက် နိုင်/ကျဉ်းများ ပြန်လွှတ်ပေးဖို့ပြင်ခြင်းဖြစ်နိုင်ကြောင်း နိုင်ကျဉ်းအဖွဲ့ ဦးဆောင်ကော်မတီဝင်ပြော
ဓာတ်ပုံ- နိုင်ငံရေးအကျဥ်သားဟောင်းများအဖွဲ့ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်

ဇွန် ၂၅

စစ်ကောင်စီက ကုလသမဂ္ဂနှင့် နိုင်ငံတကာမျက်နှာစာတွင် အစိုးရတစ်ရပ်အဖြင့် တရားဝင်ရပ်တည်နိုင်ရေး အတွက် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများကို  ပြန်လွှတ်ပေးရန်ပြင်ဆင်ခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က မဇ္ဈိမ ကိုပြောသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို မကြာမီပြန်လည်လွှတ်ပေးမည်ဆိုသည့် သတင်းကို အတွင်းသတင်းများအရ လွန်ခဲ့သော သုံးလေးရက်က သိရှိထားသော်လည်း ပြန်လည်လွှတ်မြောက်လာမှသာ လက်ခံယုံကြည်နိုင်မည်ဖြစ်ကြောင်း ဆိုသည်။

“ ပြည်တွင်း၊ ဒေသတွင်း မှာတင်မဟုတ်ဘဲ ကုလသမဂ္ဂနဲ့နိုင်ငံတကာ မျက်နှာစာ အသီးသီးမှာ သူတို့ လွှတ်ပေးလိုတယ်ဆိုတာကို ပြချင်တာဘဲ။ နိုင်ငံရေးဆန္ဒနဲ့ လွှတ်တာမဟုတ်ဘဲ နိုင်ငံရေးရည်ရွှယ်ချက်နဲ့ လွှတ်တာ။ အဓိက ကတော့ သူတို့အစိုးရ ဖြစ်တယ်ဆိုတာကို နိုင်ငံတကာမျက်နှာစာမှာ တရားဝင်ရေးပေါ့ဗျာ။”  ဟု သုံးသပ်ပြောကြားသည်။

မည်သည့် အကျဉ်းစခန်းများရှိ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ဦးလွတ်မြောက်မည်၊ မည်သို့သော ပုဒ်မ အမျိုးအစားများကို လွှတ်ပေးမည်ဆိုသည်ကို ၎င်းတို့အနေဖြင့် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဆိုသည်။

“ အသံနဲ့တော့ လက်မခံဘူး။ ထောင်နဲ့ ချီရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မနက်ဖြန်လွှတ်မယ်ဆိုရင်လည်း ဘယ်လိုကြေညာချက်မျိုးနဲ့ လွှတ်ပေးမလဲပေါ့ဗျာ။ ဘယ်နှစ်ယောက် လွှတ်ပေးမလဲပေါ့ဗျာ။ အဲ့ဒီအထဲမှာ ဘယ်လို အမှုတွေ ပုဒ်မမျိုးတွေ ပါမလဲပေါ့ဗျာ။ ကျွန်တော်တို့က လက်တွေ့ကျကျ လွှတ်ပေးလိုက်မှသာ သူတို့ လွှတ်ပေးတယ်လို့ ယုံကြည်တယ်။” ဟုဆို သည်။

ထို့အပြင် ၎င်းက “နိုင်ငံရေးဆန္ဒရှိခဲ့မယ်ဆိုရင် အာဏာသိမ်းတဲ့ ဖြစ်စဉ်တောင် ရှိလာမှာမဟုတ်ဘူး စစ်တပ်က သူ့နေရာ သူနေရမှာလေ။ သူတို့ က ICJ နဲ့ ပတ်သက်လို့ လည်း ခုခံ ဖြေရှင်းဖို့ အဖွဲ့တွေဖွဲ့ပေါ့။ ဒီဘက်မှာလည်းနိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတယ်ပေါ့ဗျာ ဒါတွေက သူတို့ နိုင်ငံရေးစံတစ်ခု လိုချင်တာပေါ့။ သူတို့ကို နိုင်ငံတကာက ထောက်ခံလာအောင် ကြိုးပမ်း အားထုတ်နေတာလို့ ရှုမြင်သုံးသပ်တယ်။ ” ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required