နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၅ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၅ ဇွန် ၂၀၂၁)
ပုံ - ဇွန်လ ၂၅ ရက် ၊ ရန်ကုန်မြို့ရှိ ပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု မြင်ကွင်း(Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• စစ်အုပ်စုအာ ဆန့်ကျင်နေသည့် မဟာမိတ်ပြောက်ကျားများနှင့် ပူးပေါင်း၍ မတ်လ ၂၇ ရက်မှ ဇွန်လ ၁၈ ရက်အထိ ပြောက် ကျားတိုက်ခိုက်မှုပေါင်း ၃၀ ကျော် ပြုလုပ်ခဲ့ရာ အနည်းဆုံး စစ်အုပ်စုလက်အောက်ခံ ၂၂ ဦး သေဆုံးကာ ၂၅ ဦးကျော် ဒဏ်ရာ ရခဲ့သည်ဟု ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ - ဖ.ဆ.လ.တ က ထုတ်ပြန်ထားသည်။ ဖောက်ခွဲတိုက်ခိုက်မှုများတွင် ဇွန်လ ၁၈ ရက်က တာမွေမြို့နယ်၊ သီတာလမ်းမှတ်တိုင်၌ စစ်ကားဖောက်ခွဲတိုက်ခိုက်ခံရမှုအပါအဝင် ရန်ကင်းမြို့နယ် ပြည်ထဲရေးဝန်ကြီးရုံးနှင့် ထွေအုပ်ရုံး ပေါက်ခွဲမှုများပါ ပါဝင်သည်။ 

• လှိုင်သာယာမြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ အ.ထ.က (၁၀) ကျောင်းတွင် ယမန်နေ့ည ၈ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကျောင်းအဝင်ဝအနီးရှိ ခေါင်မိုးတစ်ခု ပွင့်ထွက်ပျက်စီးသွားကြောင်း သိရသည်။ 

• ဗဟန်းမြို့နယ်တွင် စမ်းချောင်းနှင့် ကြည့်မြင်တိုင်လူငယ်သပိတ်စစ်ကြောင်းနှင့် ကျောင်းသားစစ်ကြောင်းတို့မှ လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• လှိုင်မြို့နယ်ရှိ စစ်အုပ်စုလက်အောက်ခံ လဝကရုံးအနီး အမှိုက်ပုံးတွင် ယနေ့နံနက်ပိုင်း ၇ နာရီ ၄၅ မိနစ်နှင့် ၈ နာရီ ၁၈ မိနစ် တို့တွင် နှစ်ကြိမ်ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ပထမအကြိမ် ပေါက်ကွဲမှုအပြီးတွင် စစ်အုပ်စုလက်နက်ကိုင်များက လှိုင် အေးရိပ်မွန် (၃) လမ်းထိပ်တွင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ထပ်မံပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ 

• စစ်အုပ်စုက လုံခြုံရေးတင်းကြပ်ထားသည့် လှိုင်မြို့နယ်နေ လူငယ်များကလည်း "အသံမတိတ် အလံမလိပ် လှိုင်သပိတ်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် - မန္တလေး ဒုပါမောက္ခချုပ်ဖြစ်သူ တေးသံရှင် ဓိရာမိုရ် (ခ) ဦးမောင်မောင် ဇော်ထက်မှာ တရားဝင်နုတ်ထွက်စာတင်ပြီးနောက် ရာထူးမှ ထွက်လိုက်ပြီ ဖြစ်သည်။ 

• ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် စစ်အုပ်စုအာဏာသိမ်းပြီးနောက် ဝန်ထမ်းများ CDM ပြုလုပ်သည့်အတွက် ဝန်ဆောင်မှု မပေးနိုင်ဘဲ ဖြစ်နေရာမှ ယနေ့မှစ၍ ၂၄ နာရီ လူနာလက်ခံကုသပေးသွားမည်ဟု စစ်အုပ်စုလက်အောက်ခံ ကျန်းမာရေးဌာန က ပြောဆိုထားသည်။ 

• စမ်းချောင်းမြို့နယ်၊ မဟာမြိုင်မှတ်တိုင်အနီး ပြည်လမ်းပေါ်ရှိ လူကူးကုန်းကျော်တံတားတွင် ယနေ့ညနေ ၄ ခန့်က လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ်များက တံတားဖြတ်ကူးသူများအား စစ်ဆေးမှုများပြုလုပ်နေကာ ဟံသာဝတီ ကားမှတ်တိုင်အနီးတွင် ရဲကားတစ်စီးဖြင့် လုံခြုံရေးယူထားခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး

• မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၅ လမ်းနှင့် ၅၉ လမ်း (A) အနီးတွင် စစ်အုပ်စုသတင်းပေးနှင့် ကြံ့ခိုင်ရေးပါတီဝင်ဖြစ်သူ ကျော်ကျော်မင်းဆိုသူအား ၎င်း၏ နေအိမ်ရှေ့တွင် နံနက် ၅ နာရီကျော်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် လက်နှင့် တင်ပါးတို့တွင် ဒဏ်ရာရရှိခဲ့ကာ နံနက် ၇ နာရီကျော်ခန့်တွင် စစ်အုပ်စုလက်နက်ကိုင်များက အခင်းဖြစ်ပွားရာနေရာအနီး တွင် အင်အားအလုံးအရင်းသုံး၍ ပိတ်ဆိုစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• အောင်ပင်လယ်သပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက မြို့ပေါ်လမ်းမကြီးများအထိ တက်၍ လူအင်အား အများအပြားဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း နေ့စဉ်မပျက် လမ်းမများပေါ်ချီတက်၍ စစ်အာဏရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မန္တလာတက္ကသိုလ် ကျောင်းသား/သူ သပိတ်စစ်ကြောင်းကလည်း "ရဲဘော်တို့လာ စုရုံးလေ အဆုံးစစ်ပွဲ နွှဲမယ်လေ" ဟု ရေး သားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြတော်လှန်ခဲ့သည်။ 

• မန်းလေးပြင်ရပ် သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်းကလည်း နေ့စဉ်မပျက် လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ချမ်းမြသာစည် သပိတ်စစ်ကြောင်းကလည်း စစ်အုပ်စုလုံခြုံရေးများ ကင်းလှည့်နေသည့်ကြားကပင် လမ်းများပေါ်တက်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်းမြို့ အမာခံသပိတ်စစ်ကြောင်းကြီးဖြစ်သည့် တပ်ပေါင်းစုသပိတ်စစ်ကြောင်းမှာ ယနေ့ ညနေပိုင်းက စုရပ်ပြုလုပ်ထားသည့် ၃၈ လမ်း (၈၃ နှင့် ၈၄ လမ်းကြား) တွင် သပိတ်မစတင်မီမှာပင် စစ်အုပ်စုလက်နက်ကိုင်များက လာရောက်ဖြိုခွဲခဲ့သည့်အတွက် သပိတ်စစ်ကြောင်းတွင် ပါဝင်သူ ကျောင်းသူ ငါးဦးခန့် ဖမ်းဆီးခံခဲ့ရသည်။ 

• မန္တလေးတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် စစ်အုပ်စုဘက်က အိမ်စီးကားများပြောင်း၍ ကင်းလှည့်မှုများရှိနေ ကာ အချို့ရပ်ကွက်များတွင် လမ်းကျွမ်းကျင်သည့် အရပ်ဝတ်များကို အသုံးပြု၍ ဆိုင်ကယ်များဖြင့် ကင်းလှည့်မှုများကိုပါ လုပ်ဆောင်လာနေကြောင်း နန်းရှေ့ရပ်ကွက်နေ ပြည်သူတစ်ဦးက အတည်ပြုပြောဆိုသည်။ ထို့ပြင် ရပ်ကွက်ရုံးများ၌လည်း စစ်အုပ်စုလက်အောက်ခံ ဝန်ထမ်းများက ပုံစံအမျိုးမျိုး ပြောင်းလဲဝတ်ဆင်၍ ဝင်ထွက်မှုများ လုပ်ဆောင်နေကြောင်းလည်း ၎င်းက ဆိုသည်။ 

• မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ ရွာဟောင်းကုန်းတောင်ဘက် ဧရာဝတီမြစ်ကမ်းတွင် အလုပ်လုပ်ကိုင်သည့် ရေလုပ်သားနှစ်ဦးအား စစ်အုပ်စုလက်နက်ကိုင်နှင့် အရပ်ဝတ်များက ယနေ့နံနက် ၁ နာရီခန့်တွင် ရိုက်နှက်ဖမ်းဆီးကာ တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းစီ တောင်းယူမှု ဖြစ်ပွားခဲ့သည်။ အဆိုပါရေလုပ်သားနှစ်ဦးမှာ လှေပေါ်တွင်ပင် ညအိပ်လုပ်ကိုင်လေ့ ရှိသူနှစ်ဦးဖြစ်ကာ တစ်ဦးလျှင် ငွေကျပ် ငါးသိန်းစီဖြင့် ပြန်လည်ရွေးယူခဲ့ရသည်ဟု သိရသည်။ 

• မြင်းခြံမြို့နယ်တွင် CDM ပြုလုပ်နေသည့် မီးရထားဝန်ထမ်းတစ်ဦးအား ယမန်နေ့ညပိုင်းက ဖုန်းနှင့်အတူ ဖမ်းဆီးသည့်အတွက် အဆိုပါဖုန်းနံပါတ်ဖြင့် ဆက်သွယ်လာပါက သတိထားကြရန် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထား သည်။ 

• မြင်းခြံမြို့ အမှတ် (၁၉) ရပ်ကွက်တွင် နေထိုင်သည့် ပျူစောထီးအဖွဲ့ဝင် ဒေါ်သီတာယုမွန်၏ နေအိမ်အား ယနေ့နံနက်ပိုင်းက မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု လုပ်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး ပေါက်ကွဲမှု ကြောင့် ထိခိုက်ဒဏ်ရာ မရရှိခဲ့ဟု သိရသည်။

• စစ်တက္ကသိုလ်အများအပြား ဖွင့်လှစ်ထားသည့် ပြင်ဦးလွင်မြို့တွင် ဒေသခံပြည်သူများကည စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီး

• ညောင်လေးပင်မြို့နယ်၊ မဒေါက်ဒေသ၊ ပြည်ကိုယ်တော်ရွာနေ စစ်အုပ်စုသတင်းပေး သန်းနွယ်အောင်ဆိုသူမှာ ထိုဖိုရွာအနီး လက်နက်ကိုင်တပ်ဖွဲ့ရှိသည်ဟုဆိုကာ ဇွန်လ ၂၁ ရက် ညနေပိုင်းက ၎င်းနှင့် အခြားသူနှစ်ဦးတို့က စစ်တပ်ကို ခေါ်လာခဲ့ရာ မတွေ့ရှိခဲ့သဖြင့် ၎င်းတို့သုံးဦးက ထပ်မံရှာဖွေရာ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးပြီးနောက် သန်းနွယ်ဦးဆိုသူအား ရှင်းလင်း သုတ်သင်ခဲ့ပြီး ကျန်နှစ်ဦးမှာမူ အတင်းအဓမ္မ ခေါ်ဆောင်၍ လိုက်ပါလာရခြင်းဖြစ်ခြင်းကြောင့် ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။ 

• သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့တွင် သဲကုန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF က လူမှုကွန်ရက်ပေါ်တွင် ရေးသားထား ချက်အား ပြန်လည်မျှဝေမှုဖြင့် အသက် ၂၀ အရွယ် ကိုကျော်တေဇာဦး၊ ကိုကောင်းထက်ကျော်နှင့် အမည်စိစစ်ဆဲ လူငယ်တစ်ဦးတို့ကို စစ်အုပ်စုက ဖမ်းဆီးထားကာ ပုတီးကုန်းရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးလျက်ရှိသည်။ 

• ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းနယ်မြေရဲစခန်းတွင် ရဲတပ်သား သီဟဇော်မှာ CDM ပြုလုပ်ကြောင်း ကြေညာကာ စစ်အုပ်စု လက်အောက်တွင် အလုပ်လုပ်ရန် ငြင်းဆန်ထားပြီး ဒုရဲအုပ် ရဲမျိုးနိုင်၊ ရဲမေ ခင်မြတ်မွန်နှင့် ရဲတပ်သား မျိုးလှိုင်ဝင်းတို့ မှာမူ ဆက်လက်အလုပ်မလုပ်ချင်တော့ဟု အကြောင်းပြကာ CDM ပြုလုပ် အလုပ်ထွက်သွားပြီ ဖြစ်သည်။ 

ဧရာဝတီတိုင်းဒေသကြီး 

• လုံခြုံရေးတင်းကြပ်ထားလေ့ရှိသည့် ပုသိမ်မြို့၊ ကုန်သည်လမ်းမကြီးပေါ်ရှိ ခရိုင်ရဲရုံးတွင် ယမန်နေ့ညနေ ၆ နာရီခန့်က ဆိုင်ကယ်စီးလာသူ လူနှစ်ဦးက လက်ပစ်ဗုံးပစ်သွင်းခဲ့ရာ ရဲဝန်းရုံးရှိရာ ခြံဝင်းအတွင်း ကျရောက်သော်လည်း မပေါက်ကွဲခဲ့ကြောင်း သိရသည်။ 

• လပွတ္တာမြို့နယ်၊ မြို့မရဲစခန်းတွင် ယမန်နေ့ ၉ နာရီခွဲခန့်က အချုပ်ခန်းဆူပူမှုဖြစ်သဖြင့် စစ်အုပ်စုဘက်က သေနတ်ပစ်ဖောက်ကာ ထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့သည်။ 

• ဟင်္သာတမြို့နယ်၊ ပတ္တမြားရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတါင် ယနေ့နံနက် အစောပိုင်းက မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတစ်လုံး တွေ့ရှိခဲ့သဖြင့် စစ်အုပ်စုလက်နက်ကိုင်များဘက်က လာရောက်ရှင်းလင်းသွားသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ကန့်ဘလူမြို့ အမှတ် (၃) ရပ်ကွက်နေ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက စွမ်းဆောင်ရည်ချီးမြှင့်ခံထားရသူ ဦးခင်မောင်ဦးမှာ ဇွန်လ ၁၇ ရက် ညပိုင်းက ၎င်း၏ နေအိမ်ရှေ့တွင် ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အတွက် ဒဏ်ရာရရှိခဲ့ကာ မန္တလေးမြို့တွင် ဆေးကုသမှု ခံယူလျက်ရှိသည်။ 

• စစ်ကိုင်းတိုင်း မဲဆန္ဒနယ် ၆ မှ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းနှင့် အရှင်ဂန္ဓမာ အပါအဝင် ကိုးဦးအား စစ်အုပ်စုလက်အောက်ခံ တရားရုံးက သဘာဝေဘေးစီမံဥပဒေဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ်နှစ်စီ မတရားအမိန့်ချမှတ်လိုက်သည်။ ကျန်ခုနစ်ဦးမှာ ကိုအောင်မြတ်မင်း၊ ဦးမြင့်ဆွေ၊ ကိုဇော်မြင့်ထွန်း၊ ဦးသီဟသူ၊ ဦးကျော်လင်းဦး၊ ဇော်ဇော် (ခ) မောင်ဇော်ဆိုသူနှင့် အမည်မသိရသေးသည့် အခြားတစ်ဦးတို့ ဖြစ်သည်။ 

• ဒီပဲယင်းမြို့နယ်၊ ကံပြားရပ်ကွက်တွင် စစ်အုပ်စုထောက်ခံသူဟု သတ်မှတ်ခံရသည့် ကိုယုနိုင်ဆိုသူ ပိုင်ဆိုင်သည့် အောင်သုခ ဆီဆိုင်တွင် ယမန်နေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူထိခိုက်မှုမရှိသော်လည်း ပရိဘောဂနှင့် စက်ပစ္စည်းအချို့ ပျက်စီးခဲ့သည်။ 

• ကလေးမြို့စက်မှုဇုန်အနီးတွင် ဖလမ်းမြို့နယ်၊ Zawngkong ရွာမှ ကလေးမြို့သို့ ဆိုင်ကယ်စီးလာသည့် အသက် ၁၉ နှစ်အရွယ် Mai Nuam Za Thiang မှ ယမန်နေ့ညပိုင်းက စစ်အုပ်စုက ပစ်ခတ်သဖြင့် ပေါင်တွင် သေနတ်ထိမှန်သွားပြီးနောက် စစ်အုပ်စုက ဖမ်းဆီးသွားရာ နံနက်ပိုင်းတွင်မူ သေဆုံးသွားခဲ့ကြောင်း ကလေးမြို့ခံတစ်ဦးက ယနေ့ ညနေပိုင်းတွင် အတည် ပြုပြောဆိုသည်။ ထို့ပြင် ကလေးမြို့ တောင်ဖီလာရပ်ကွက်၊ ဆုတောင်းဥယျာဉ်အနီး ယခင် အမှတ် ၁၃ ကျောင်းအနီး၌ အသက် ၂၄ နှစ်အရွယ် Salai Vum Za Lian မှာလည်း စစ်အုပ်စုက ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။ 

• ကလေးမြို့တွင် ယနေ့နံနက်ပိုင်းက "တနိုင်ငံလုံး အားတင်းထား" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မြို့ခံလူငယ်များက စစ်အာဏာရှင်စနစ် ဆန်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မင်းကင်းမြို့နယ်၊ သံပေါက်ရွာနှင့် စမြင်းကြီးကျေးရွာတို့တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF နှင့် စစ်အုပ်စုတို့ ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့ရာ PDF ဘက်က တစ်ဦးကျဆုံး၍ သုံးဦးဒဏ်ရာရခဲ့ကာ စစ်အုပ်စုဘက်က ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပြီး တိုက်ပွဲကြောင့် ဒေသခံ ၅၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။ 

• ဝက်လက်မြို့နယ်၊ ရွှေအိုးရကျေးရွာတွင် စစ်အုပ်စုက စစ်ကားသုံးစီးနှင့် စစ်သားများ၊ အရပ်ဝတ်လက်နက်ကိုင်များက ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ ရွာအတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် ဒေသခံများ ထွက်ပြေးနေစဉ် တန်ဖိုးရှိ ရွှေငွေပစ္စည်းများအပြင် ဆိုင်ကယ်နှင့် အဝတ်အစားများကိုပါ လုယက်သွားခဲ့သည်။ အဆိုပါရွာမှာ မန္တလေးသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါက်တာတေဇာဆန်း၏ ဇာတိဖြစ်ပြီး ဇွန်လ ၂၃ ရက်ကလည်း ရွာအတွင်း ဝင်ရောက်၍ နေအိမ် ၁၅ လုံးခန့်အား ဖျက်ဆီးကာ ဆိုင်ကယ် ၁၅ စီးနှင့် ဒီဇယ်ပေပါ ၁၄ လုံး အပါအဝင် တန်ဖိုးရှိပစ္စည်းများကိုလည်း လုယက်သည့်အပြင် ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။ 

• ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ကြားဒေသများဖြစ်သည့် ဘန့်ဘွေးကျေးရွာနှင့် အနီးတဝိုက်တွင် ယနေ့နံနက်ပိုင်းက စစ်အုပ် စုလက်နက်ကိုင်များက ဝင်ရောက်စီးနင်းခဲ့သည့်အတွက် ဒေသခံများ တိမ်းရှောင်နေရကာ ပြည်သူပိုင်နေအိမ်များရှိ တန်ဖိုး ရှိပစ္စည်းများအား လုယက်ယူဆောင်သွားသည်။

• ပုလဲမြို့နယ်၊ နဂါးမတောင်တွင် နံနက် ၉ နာရီဝန်းကျင်က စစ်အုပ်စုလက်နက်ကိုင်များ ပါဝင်သည့် စစ်ကားသုံးစီး မိုင်းဆွဲတိုက်ခိုက်ခံရကာ အကျအဆုံး များရှိခဲ့ကြောင်း ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

• ဘုတလင်မြို့နယ် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း ကျေးရွာများအတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• တန့်ဆည်မြို့ လူငယ်သပိတ်စစ်ကြောင်းကလည်း မြို့နယ်တွင်း ကျေးရွာများအထိ ဆိုင်ကယ်များဖြင့် လှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းကလည်း ကျေးရွာများအတွင်း လှည့်လည်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။ 

• မုံရွာမြို့နယ်တွင်းရှိ ကွမ်းခြံတစ်ခုတွင် ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များ ချိတ်ဆွဲကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ မုံရွာ-အမြင့်လမ်းဘေး ကျေးရွာနေ ပြည်သူများကလည်း ကျေးရွာများအတွင်း စီတန်းလှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့တွင် CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများက "အနာဂတ် ပညာရေး လှပဖို့ CDM မှာ ပါဝင်စို့" ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အွန်လိုင်းသပိတ်ပြုလုပ်ခဲ့သည်။ 

မကွေးတိုင်းဒေသကြီး

• ပွင့်ဖြူမြို့နယ်တွင်းရှိ ကျေးရွာများတွင် ယမန်နေ့ညပိုင်းနှင့် ယနေ့ နံနက်အစောပိုင်းက ဒေသခံသုံးဦးအား စစ်အုပ်စုလက် နက်ကိုင်များက ဖမ်းဆီးသွားသည်။ ယမန်နေ့ည ၁၀ နာရီခန့်က လက်နက်ပြုလုပ်သည်ဟု သတင်းပေးဒလန်များက လိမ်လည်တိုင်ကြားမှုဖြင့် ရှောက်တာကျေးရွာနေ အိုအေစစ်ထမင်းဆိုင်ပိုင်ရှင် ဦးစိုးရွှေနှင့် စက်တန်းရပ်ကွက် အဲဗားစမိုင်း လက်ဖက်ရည်ဆိုင်ပိင်ရှင် ဦးဟန်သိန်းတို့ကို ဖမ်းဆီးခဲ့ကာ နံနက် ၂ နာရီခန့်တွင် လက်ပံနွယ်အုပ်စု၊ ဖျောက်ဆိပ်ကုန်းကျေး ရွာမှ ကိုဇော်မိုးအောင်အား ဖမ်းဆီးခဲ့သည်။ 

• ပွင့်ဖြူမြို့နယ်၊ ဥယျာဉ်ကျစ်ကျေးရွာနေ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ကိုဇော်မင်းထက်နှင့် ဦးလေးဖြစ်သူ ဦးဖိုးကျော်တို့ အား စစ်အုပ်စုလက်နက်ကိုင်များက လက်နက်ပြုလုပ်သည်ဟုဆိုကာ ယနေ့နံနက် ၂ နာရီခန့်က လာရောက်ဖမ်းဆီးသွား သည်။ 

• မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် အရှေ့မြောက်ပိုင်းဇုန် ပြည်သူများ ပူးပေါင်းကာ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• တနင်္သာရီတိုင်းအတွင်းတွင် စစ်အုပ်စုက ဗဟိုဘဏ်ကတစ်ဆင့် ငွေထုတ်ယူခွင့် ကန့်သတ်ထားသည့်အတွက် တင်ဒါအောင် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဝန်ထမ်းလျှော့ချမှုများရှိကာ ဆောက်လုပ်ရေးလုပ်သား သောင်းနှင့်ချီ အလုပ်လက်မဲ့ ဖြစ်ပွားလျက်ရှိသည်။ ယခင်က စီးပွားရေးလုပ်ငန်းများအတွက် တစ်ပတ်လျှင် ကျပ် သိန်း ၂၀၀ ထုတ်ယူခွင့်ရခဲ့ရာမှ ယခုအခါ သိန်း ၅၀ သာ ထုတ်ယူခွင့် ပြုထားသည်။ 

တနင်္သာရီတိုင်းဒေသကြီး

• လောင်းလုံမြို့နယ်၊ အောက်ရေဖြူကျေးရွာတွင် ပညာရေးမိသားစုနှင့် ပြည်သူများ ပူးပေါင်းကာ အာရုဏ်ဦးသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ လောင်းလုံမြို့နယ် အခြေခံပညာကျောင်းသားသမဂ္ဂလူငယ်များကလည်း ပြောက်ကျားသပိတ် ပြုလုပ်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ လောင်းလုံမြိုနယ်၊ စစ်ပြဲနှင့် ညင်းမော်၊ မောင်းမကန်ကျေးရွာနေ ပြည်သူများကလည်း သပိတ်စစ်ကြောင်းများထွက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြ တော်လှန်ခဲ့သည်။ 

• လောင်းလုံမြို့နယ် ရေဖြူကျေးရွာရှိ Youth Development Institute – YDI လူငယ်စင်တာအား နံနက် ၈ နာရီခွဲခန့်တွင် စစ်အုပ်စုလက်နက်ကိုင်များက အင်အား ၃၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဒေသခံလူငယ်နှစ်ဦးအား ဖမ်းဆီးသွားကြောင်း သိရသည်။ စင်တာတွင် ကျန်းမာရေးနှင့်ပတ်သက်သည့် သင်တန်းပြုလုပ်နေစဉ် သတင်းရရှိသွားသည့်အတွက် ဝင်ရောက်စီးနင်းခြင်းဖြစ်ရာ သင်တန်းတက်သူလူငယ်များ ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ လမ်းသွားလမ်းလာပြည်သူနှစ်ဦး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းနှင့် နေ့လယ် ၁၂ နာရီကျော်အထိ စစ်အုပ်စုဘက်က တောနင်းရှာဖွေမှုများ ပြုလုပ်ကာ စင်တာတွင် ကျန်ရစ်ခဲ့သည့် ဆိုင်ကယ်အစီး ၃၀ ကျော်ကိုလည်း သိမ်းယူသွားသည်။ 

ကချင်ပြည်နယ်

• မြစ်ကြီးနား-ဝိုင်းမော် ဧရာဝတီမြစ်ကူးတံတားအနီးရှိ စစ်အုပ်စုစုပေါင်းဂိတ်အား ကချင်လွတ်မြောက်ရေးတပ်မတော် - KIA က တိုက်ခိုက်ပြီးနောက် စစ်အုပ်စုက မြစ်ကြီးနားမြို့ရှိ ဗက်လင်နှင့် ဇီးလွန်စစ်ရှောင်စခန်းတို့အား အင်အားအများအပြားဖြင့် ဝိုင်းကာ လူဦးရေနှင့် အမည်စာရင်းများ စစ်ဆေးသွားသည်။ 

• ရွှေကူမြို့နယ် ဆင်တပ်၊ ရေလဲနှင့် မိုးစစ်ကျေးရွာတို့တွင် ယမန်နေ့ည ၁၀ နာရီခန့်က သေနတ်ပစ်ဖောက်သံများ ကြားခဲ့ရပြီး မည်သည့်အဖွဲ့က ပစ်ခတ်သည်ကိုမူ မသိရသေးပေ။ 

• မြစ်ကြီးနား-တနိုင်း၊ မြစ်ကြီးနား-ပူတာအို၊ မြစ်ကြီးနား-ဖားကန့်၊ မြစ်ကြီးနား-စစ်ကိုင်းသို့ ခရီးသွားလာသည့် ပြည်သူများ၊ ကုန်တင်ကားများ၊ ဆီဘောက်စာကားများနှင့် အခြားသော စီးပွားရေးလုပ်ငန်းသုံး ကားများအနေဖြင့် ည ၇ နာရီမှ နံနက် ၅ နာရီအထိ သွားလာခြင်းမပြုကြရန်နှင့် စစ်အုပ်စု၏ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနှင့် စက်သုံးဆီ၊ တပ်ဖွဲ့ဝင်များအား တင်ဆောင်ပေးခြင်းနှင့် မလိုအပ်ဘဲ မိုးကာအုပ်၍ သွားလာခြင်းမပြုရန် ကချင်လွတ်မြောက်ရေးတပ်မတော် - KIA အမှတ် (၁၁) တပ်ရင်းက ယနေ့ နေ့စွဲဖြင့် ကြေညာထားသည်။ 

ကယားပြည်နယ်

• ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP ၏ အပတ်စဉ် ၇၀ မြောက် စစ်သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ 

• ကယန်းပြည်သစ် - KNLP.KNLA ထိန်းချုပ်ရာ ရှမ်းပြည်၊ ဖယ်ခုံမြို့နယ်၊ ခွီးတလုပ်ကျေးရွာတွင် တပ်စွဲထားသော အင်အား ၃၀၀ ခန့်ရှိ စစ်အုပ်စုအဖွဲ့ဝင်များမှာ စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ထွက်ခွာသွားပြီဖြစ်သည်။ စစ်ကြောင်းတစ်ခုမှာ ကဒူး။ ဝါရီခူ၊ ပီကင်း၊ လွယ်ယင်း၊ သုံးထပ်ကွေ့၊ မိုးဗြဲမှတစ်ဆင့် ပြည်မဘက်သို့ ဦးတည်မည်ဖြစ်ကာ ကျန်စစ်ကြောင်းမှာ ယပ်ခူ၊ ဆောင်ဒူမှတစ်ဆင့် မိုးဗြဲသို့ ဦးတည်ကာ ပြည်မသို့ တက်မည်ဖြစ်ကြောင်း သိရပြီး ဒေသခံများအနေဖြင့် နေအိမ်တွင်သာ နေ ထိုင်ကြရန်နှင့် မလိုအပ်သည့် ပစ်ခတ်မှုမျိုးမဖြစ်အောင် နေပေးကြရန် တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF က နှိုးဆော်ထားသည်။ စစ်အုပ်စုဘက်ကလည်း မလိုလားအပ်သည့် ပြဿနာများမဖြစ်စေရန် ပြည်သူများ ခြိမ်းခြောက်ခြင်း၊ ပစ္စည်းများ လုယက်ခြင်းတို့ ပြုလုပ်မည်မဟုတ်ဟု အာမခံထားသည်ဟုလည်း PKPF ၏ နှိုးဆော်ချက်တွင် ပါရှိသည်။ 

ကရင်ပြည်နယ်

• မြဝတီမြို့နယ်၊ လေးကေကော်မြို့သစ် အ.ထ.က ကျောင်းတွင် ကိုဗစ်ကူးစက်မှုများရှိသဖြင့် ယာယီပိတ်ထားလိုက်ရသည်။ 

• စစ်အုပ်စုက ဖွင့်လှစ်သည့် ကျောင်းများတွင် ကျောင်းတက်သူအနည်းငယ်သာ ရှိသော်လည်း ကရင်အမျိုးသားအစည်းအရုံး - KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန – KECD ထိန်းချုပ်မှုအောက်ရှိ ကရင်စာသင်ကျောင်း များတွင် ယခုစာသင်နှစ်၌ ကျောင်းသားဦးရေ ထောင်နှင့်ချီ တိုးလာလျက်ရှိသည်။ 

• ဘားအံမြို့နယ်၊ မဲလံကျေးရွာတွင် ဇွန်လ ၂၁ ရက်နောက်ပိုင်း တိုက်ပွဲများဖြစ်ပွားပြီးနောက် ကျေးရွာတွင်ရှိ တီးမောင်ထို့နှင့် နော်မဥတို့ ပိုင်ဆိုင်သည့် စျေးဆိုင်အတွင်းက တန်ဖိုး သိန်း ၃၀ ကျော်ခန့်ရှိ ပစ္စည်းများအား စစ်အုပ်စုလက်နက်ကိုင်များက ခိုးယူလုယက်သွားသည်ဟု KNU က ထုတ်ပြန်ထားသည်။ 

• စစ်အုပ်စုဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့်အတွက် တိမ်းရှောင်ရင်း ကွယ်လွန်သွားသည့် အဆိုတော် ရေမွန်၏ စျာပနခမ်းအနားကို လွတ်မြောက်နယ်မြေတစ်ခုတွင် ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူအများအပြား လိုက်လံပို့ဆောင်ခဲ့ကြသည်။ 

• KNU ထိန်းချုပ်ရာ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်အတွင်းရှိ တောင်ဒီး၊ ကျုံခဝန်၊ ထီးမံထိုနှင့် ဖားပြကျေးရွာများရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်များ မီးရှိုခံခဲ့ရပြီးနောက် Mytel နှင့် Ooredoo ဖုန်းလိုင်းများ ပြတ်တောက်ကုန်ကြောင်း သိရသည်။ 

ချင်းပြည်နယ်

• ထန်တလန်မြို့တွင်းရှိ ကားပိုင်ရှင်များအနေဖြင့် ယာဉ်နှင့် ပတ်သက်သည့် မြို့အဝင်အထွက်သတင်းများအား အကြောင်းကြားရန်နှင့် ည ၉ နာရီနောက်ပိုင်းတွင် ယာဉ်နှင့် ပြည်သူမှန်သမျှ မြို့တွင်းမြို့ပြင် ထွက်ခြင်း၊ သွားလာခြင်းများ မပြလုလုပ်ကြရန်၊ မြို့စွန်မြို့ဖျားများတွင် အုပ်စုဖွဲ့ အရက်သောက်ခြင်း၊ လမ်းပေါ်ထွက်အော်ဟစ်ခြင်းစသည်ဖြင့် ပြည်သူ များအား နှောင့်ယှက်ခြင်းမပြုကြရန် Chinland Defense Force – Thantlang က မေတ္တာရပ်ခံထားပြီး လိုက်နာမှုမရှိပါက အရေးယူမည်ဟု ထုတ်ပြန်ထားသည်။ 

• မင်းတပ်တွင် ဒေသခံ CDF တပ်များနှင့် စစ်အုပ်စုအကြား တိုက်ပွဲပြင်းထန်ခဲ့သည့် ယှက်ကျေးရွာနေ အသက် ၁၃ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသားတစ်ဦးမှာ ယမန်နေ့ ညနေပိုင်းက တောင်ယာခင်းသို့အသွားတွင် စစ်အုပ်စုထောင်ထားခဲ့သည့် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။

• မင်းတပ်တွင် CDF – မင်းတပ်နှင့် စစ်အုပ်စုအကြား မြို့မိမြို့ဖများ ညှိနှိုင်းမှုဖြင့် ပစ်ခတ်မှုများ ယာယီရပ်ဆိုင်းထားသည့်အ တွက် စစ်ရှောင်နေရသည့် ပြည်သူ နှစ်သောင်းကျော်အနက် ၈၀ ရာခိုင်နှုန်းခန့် နေရပ်ပြန်လာနေပြီဖြစ်ကြောင်း မြို့နယ်စစ် ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီက ထုတ်ဖော်ပြောဆိုထားသည်။ 

• ဟားခါးမြို့ စစ်အုပ်စုလက်အောက်ခံ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေမှာ ယမန်နေ့ညပိုင်း ၁၀ နာရီခွဲခန့်က ပြည်တော်သာရပ်ကွက်၊ မြို့ပတ်လမ်းအတိုင်း ကားမောင်းနှင်လာစဉ် ဘီးပေါက်၍ ကားတိမ်းမှောက်ရာမှ ဒဏ်ရာရကာ ယနေ့နံနက် ၁၀ နာရီခန့်တွင် ဟားခါးပြည်သူ့ဆေးရုံ၌ သေဆုံးသွားပြီ ဖြစ်သည်။ 

• ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားမှုကြောင့် ဘာသာရေးခေါင်းဆောင်များ ဦးဆောင်မှုဖြင့် အပြင်မထွက်ရ Lockdown ပြုလုပ်ထားသည့် ဖလမ်းမြို့တွင် မြို့အခြေစိုက် ခလရ-၂၆၈ တပ်မှ တပ်သားများနှင့် မြို့နယ်အားကစားရုံတွင် တပ်စွဲထားသည့် စစ်သားများတွင်လည်း ကူးစက်မှုများ ဖြစ်နေသည်ဟု သိရသည်။ 

မွန်ပြည်နယ်

• ရေးမြို့နယ်၊ ဟံဂံကျေးရွာအနီး ကျိုက်မင်းမလော့ဘက်သွားသည့် လမ်းတစ်နေရာတွင် ယမန်နေ့ညပိုင်း ၈ နာရီခန့်က အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသည့်အတွက် ဆေးရုံးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကာ မည်သည့်အဖွဲ့အစည်းက ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။ 

• သိမ်ဇရမ်မြို့နယ် ထွေအုပ်ရုံးနှင့် အရာရှိကြီးဝင်းအနီးတွင် ယနေ့နံနက် ၉ နာရီခန့်က လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ရာ မိမိတို့ ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ထွေအုပ်ရုံးတွင် ပြုလုပ်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်မည့် စစ်အုပ်စု လက်အောက်ခံ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအား သတိပေးသည့်အနေဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိမ်ဇရပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF က ထုတ်ပြန်ထားသည်။ ပေါက်ကွဲမှုအပြီးတွင် စစ်အုပ်စုဘက်က လမ်းသွားလမ်း လာအချို့ကို ဖမ်းဆီးခြင်းများ ပြုလုပ်ထားသည့်အတွက် အပြစ်မဲ့ပြည်သူများအား အမြန်ဆုံးလွှတ်ပေးရန်လည်း တောင်းဆို ထားသည်။ 

• ပေါင်မြို့နယ်နေ လူငယ်များကလည်း "အညံ့မခံ အရှုံးမပေး ပေါင်ရဲ့ တော်လှန်ရေး" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကိုင် ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ကျိုက်ထိုမြို့နေ လူငယ်များကလည်း "လက်နက်ကိုင် တော်လှန်ရေးမှတပါး အခြားမရှိဘူး" ဟု မြို့တွင်းလမ်းများပေါ်တက်ကြွေးကြော်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

ရှမ်းပြည်နယ်

• တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ကျောက်တလုံးလမ်းမပေါ်ရှိ မသက်ထမင်းဆိုင်တွင် ယမန်နေ့ ညနေပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက ထမင်းလာစားသည့် လူငယ် ၁၆ ဦးကို ဖမ်းဆီးသွားကာ မည်သည့်အတွက် ဖမ်းဆီးသည်ကိုမူ မသိရသေးပေ။ 

• တအာင်းတပ်မတော် - TNLA က ၎င်းတပ်ဖွဲ့များ လှုပ်ရှားသည့်နယ်မြေများတွင် စစ်တပ်နှင့် ပတ်သက်သည့် ထုတ်ကုန်များ ရောင်းဝယ်မှုမပြုလုပ်ရန်နှင့် ပစ္စည်းစာရင်းများ ဖြန့်ဝေကာ သတိပေးမှုများ ပြုလုပ်လျက်ရှိသည်။ 

ရခိုင်ပြည်နယ်

• ရသေ့တောင်မြို့နယ်၊ င/စံဘော်ကျေးရွာအနီးတွင် မပေါက်ကွဲသေးသည့် စစ်လက်ကျန် လက်နက်ကြီးကျည် အလုံး ၈၀ ခန့် တွေ့ရှိခဲ့သည်။ 

• ကိုဗစ် ကာကွယ်ဆေးထိုးထားသူများအပါအဝင် ရခိုင်ပြည်နယ်တစ်ဝန်းတွင် ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၉၀ ကျော်အထိ ရှိလာနေပြီဖြစ်ကာ ကျောင်းအချို့ကိုလည်း ယာယီပိတ်ထားလိုက်ရပြီ ဖြစ်သည်။ 

နေပြည်တော်

• အကြမ်းဖက်စစ်အုပ်စု၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးရသည့် အပြစ်မဲ့ပြည်သူ ၈၈၀ ဦးအထိရှိကာ မျက်ကွယ်သေဒဏ်ချမှတ်ခံရသူ ၄၀ ဦးအထိ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း - AAPP က ထုတ်ပြန်ထားသည်။ စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်မှုများကြောင့် သေဆုံးရသူမျာအတွင် အသက် ၁၈ နှစ်နှင့် ၁၈ နှစ်အောက် ကလေးငယ် ၇၂ ဦးအထိ ပါဝင်ပြီး ၁၁ ဦးမှာ ဦးခေါင်းတွင် ကျည်ထိမှန်၍ သေဆုံးခဲ့ရသူများ ဖြစ်သည်။ အဆိုပါ ၇၂ ဦးတွင် မန္တလေးမှ ၂၃ ဦးနှင့် ရန်ကုန်မှ ၂၀ ဦး ပါဝင်ကာ အငယ်ဆုံးအဖြစ် တစ်နှစ်ကျော် ကလေးအထိ ပါဝင်သည်။ 

• မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၂ သိန်း ၃ သောင်းရှိလာပြီဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ပြောဆိုထားသည်။ 

• စစ်အုပ်စုလက်အောက်ခံ ဗဟိုဘဏ်က စျေးပြိုင်စနစ်ဖြင့် ဒေါ်လာများ ထုတ်ရောင်းလျက်ရှိရာ ယမန်နေ့က ဒေါ်လာခြောက်သန်းနှင့် ယနေ့တွင် သုံးသန်း ထပ်မံရောင်းချခဲ့သည်။

• ယနေ့ ညနေပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ 

ဇွန် ၂၅ သုံးသပ်ချက်

• ရန်ကုန်တွင် လမ်းပေါ်တက် လူထုပြောက်ကျားသပိတ်များ ဆက်ရှိနေဆဲ ဖြစ်ကာ ပေါက်ကွဲမှုများလည်း ဆက်ရှိနေခဲ့သည်။ စစ်အုပ်စုဘက်က မြို့နယ်တိုင်းလိုလိုတွင် လုံခြုံရေးတင်းကြပ်ထားကာ အထူးသဖြင့် သပိတ်ရှိသည့် မြို့နယ်များနှင့် ပေါက် ကွဲမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည့် မြို့နယ်များတွင် ပိုမိုတင်းကြပ်ထားလျက်ရှိသည်။ 

• မန္တလေးတွင် လူထုသပိတ်များ ဆက်ရှိနေဆဲဖြစ်ကာ တပ်ပေါင်းစုသပိတ်မှာ သပိတ်မစတင်မီမှာပင် စစ်အုပ်စုဘက်က ဖြိုခွဲခဲ့သဖြင့် ငါးဦး ဖမ်းဆီးခံခဲ့ရသည်။ ပစ်ခတ်မှု၊ ပေါက်ကွဲမှုများ ငြိမ်သက်လျက်ရှိသော်လည်း စစ်အုပ်စုဘက်က အိမ်စီးကားများ ပြောင်း၍ ကင်းလှည့်ခြင်း၊ ရပ်ကွက်အလိုက် လမ်းကျွမ်းကျင်သူများအား သုံးကာ ဆိုင်ကယ်ဖြင့် ကင်းလှည့်ခြင်းများ ဆက် တိုက်လုပ်လာလျက်ရှိကာ စစ်အုပ်စုဒေါက်တိုက် အုပ်ချုပ်ရေးရုံးများတွင်လည်း ပုံစံမျိုးစုံပြောင်း၍ ဝင်ထွက်မှုများ ခပ်စိတ်စိတ်လုပ်လာလျက်ရှိသည်။ 

• စစ်ကိုင်း၊ ကနီဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ် - PDF နှင့် စစ်အုပ်စုအကြား တိုက်ခိုက်မှုများ ရက်ဆက်ဆိုသလို ဖြစ် နေကာ စစ်အုပ်စုဘက်က အင်အားသုံး၍ ရွာများအား ဝင်စီးခြင်း၊ ဒေသခံများအား ဖမ်းဆီးခြင်း၊ တန်ဖိုးရှိပစ္စည်းများ လုယက်ခြင်းတို့အား ဆက်လက်ပြုလုပ်လျက်ရှိသည်။ 

• စစ်အုပ်စုဘက်က လက်နက်ဝယ်ယူမှု ကန့်သတ်ရေး ကုလသမဂ္ဂဆုံးဖြတ်ချက်ကြောင့် ဖိအားဖြစ်နေပြီး စစ်အုပ်စုခေါင်းဆောင်ကိုယ်တိုင် အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူထားသည့် ရုရှားစစ်လက်နက်ရောင်းဝယ်ရေးကုမ္ပဏီ၏ ပြပွဲများသို့ပင် သွားရောက်လေ့လာမှုများ ပြုလုပ်နေရသည်။ စစ်အုပ်စုဘက်ကတွင် ပြည်တွင်းသုံးငွေ ကျပ်တည်းမှု မြင့်မြင့်မား မား ရှိနေသည်ဟု တွက်ဆနိုင်ကာ နှစ်ရက်ဆက်၍ ဒေါ်လာကိုးသန်းအထိ ဗဟိုဘဏ်မှတစ်ဆင့် ထုတ်ရောင်းနေရသည်။ ပြည်တွင်းဆန္ဒပြလှုပ်ရှားမှုများမှာ နိုင်ငံအနှံ့ အားကောင်းကောင်းဖြင့် ရှိနေခြင်းနှင့် လက်နက်ကိုင်တော်လှန်မှုများ ဆက် တိုက်ရှိလာနေသည့်အတွက် စစ်အုပ်စုဘက်တွင် လုံခြုံရေးနှင့် ပတ်သက်၍ အထူးစိုးရိမ်ချက်ရှိနေကာ တပ်ပြောင်းရွှေ့မှုများ ခပ်စိတ်စိတ် လုပ်လာလျက်ရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required