တရုတ်ကုမ္ပဏီ Huawei ၏ 5G ကွန်ရက်ပစ္စည်းများအပေါ် ပိတ်ပင်ချက် ဆွီဒင်တရားရုံးက အတည်ပြုထိန်းသိမ်း

တရုတ်ကုမ္ပဏီ Huawei ၏ 5G ကွန်ရက်ပစ္စည်းများအပေါ် ပိတ်ပင်ချက် ဆွီဒင်တရားရုံးက အတည်ပြုထိန်းသိမ်း

ဆွီဒင်နိုင်ငံတွင် တရုတ်တယ်လီကွန်းကုမ္ပဏီ Huawei Technologies ၏ 5G အင်တာနက်ကွန်ရက် နည်းပညာတပ်ဆင်ပစ္စည်းများ ရောင်းချမှုအပေါ် ပိတ်ပင်ချက်တစ်ရပ်ကို ယခုအခါ ဆွီဒင်တရားရုံးတစ်ခုက အတည်ပြုထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ဆွီဒင်နိုင်ငံ၏ စည်းမျဥ်းထိန်းသိမ်းရေးအဖွဲ့အစည်းဖြစ်သည့် ဆက်သွယ်ရေးနှင့် တယ်လီကွန်းအာဏာပိုင်အဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလက Huawei နှင့် အခြားတရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် ZTE တို့ကို နိုင်ငံတွင် အင်တာနက်ကွန်ရက်ဆိုင်ရာ ပတ်သက်လုပ်ကိုင်ခွင့်နှင့်ပတ်သက်ပြီး ပိတ်ပင်တားမြစ်ထားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ အကြံပြုချက်အပေါ် မူတည်ပြီး လုံခြုံရေး စိုးရိမ်ပူပန်မှုများအရ ယင်းကဲ့သို့ ပိတ်ပင်ရခြင်းဖြစ်သည်ဟု ဆွီဒင်အာဏာပိုင်အဖွဲ့က ပြောသည်။ Huawei သည် ပြီးခဲ့သည့် ဒီဇင်ဘာလက ယင်း၏ ကနဦး အယူခံ၀င်မှုတစ်ခုတွင်လည်း အရေးနိမ့်ထားခဲ့သည်။

“ဆွီဒင်ရဲ့ လုံခြုံရေးဟာ အထူးအရေးကြီးပါတယ်၊ ဆွီဒင်နိုင်ငံအပေါ် ခြိမ်းခြောက်မှုနဲ့ ဆွီဒင်ရဲ့ လုံခြုံရေးပိုင်းနဲ့ ပတ်သက်လို့ကတော့ လုံခြုံရေးရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတို့ကသာလျင် အခြေအနေအပေါ် အလုံးစုံသိရှိမှု ရှိထားတယ်ဆိုတာကို တရားရုံးက ထည့်သွင်းစဥ်းစားခဲ့ပါတယ်” ဟု တရားရုံးက ဇွန်လ ၂၂ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။

တရားရုံး အဆုံးအဖြတ်နှင့်ပတ်သက်ပြီး ကုမ္ပဏီဘက်က “စိတ်ပျက်မိသည်” ဟု Huawei ၏ ကိုယ်စားလှယ်တစ်ဦးက ပြောသွားသည်။ သို့သော် ယင်းသည် “မိမိတို့ ကိစ္စအတွက် အပြီးသတ် ဆုံးဖြတ်ချက်မဟုတ်” ဟုလည်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ရဲ့ တရား၀င် အခွင့်အရေးတွေနဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် နောက်ထပ် ဘယ်လိုမျိုး ဥပဒေဆိုင်ရာ ကုစားမှုတွေ လုပ်ဆောင်သွားနိုင်မလဲ ဆိုတာကို လေ့လာကြည့်ရှုဖို့အတွက် လက်ရှိအချိန်မှာ တရားရုံး ဆုံးဖြတ်ချက်နဲ့ အကြောင်းပြချက်တို့အပေါ် ကျွန်တော်တို့ သုံးသပ်ကြည့်ရှုနေပါတယ်၊ လုံခြုံရေး စိုးရိမ်ပူပန်မှု မှန်သမျှကို လျော့ပါးစေမယ့် လက်တွေ့ကျတဲ့ ဖြေရှင်းချက်နည်းလမ်းတွေ ဖော်ထုတ်နိုင်အောင် သက်ဆိုင်ရာ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ အပြုသဘောဆောင် ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ဖို့ တံခါးပွင့်နေဆဲဖြစ်ပါတယ်” ဟု Huawei ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဆွီဒင်စည်းမျဥ်းထိန်းသိမ်းရေးအဖွဲ့အစည်းအနေဖြင့် Huawei တပ်ဆင်ပစ္စည်းများတွင် နည်းပညာဆိုင်ရာ လုံခြုံရေးပြဿနာများ ရှိနေသည်ဆိုပြီး ထုတ်ဖော်ရန် သက်သေအထောက်အထား သို့မဟုတ် အချက်အလက် တစုံတရာ ပြသနိုင်ခြင်း မရှိခဲ့ဟုလည်း ယင်းက ဖြည့်စွက်ပြောခဲ့သည်။

ပိတ်ပင်ချက်များနှင့် ကြုံတွေ့ထားခဲ့ရပြီးနောက် ယခု တရားရုံးဆုံးဖြတ်ချက်သည်လည်း Huawei ၏ ဥရောပဆိုင်ရာ အစီအစဥ်များအတွက် ထပ်မံ ပေါ်ပေါက်လာသော ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။

ယခုလအစောပိုင်းကလည်း ရိုမေးနီးယားနိုင်ငံကလည်း လုံခြုံရေး အန္တရာယ်ကို ရည်ညွှန်းဖော်ပြရင်း အဆိုပါ တရုတ်ကုမ္ပဏီကို ယင်းနိုင်ငံ၏ 5G ကွန်ရက် ဖြန့်ကျက်မှုတွင် ပါ၀င်ခြင်း မပြုရန် တားမြစ်ပိတ်ပင်ခဲ့သည်။

ယမန်နှစ်ကလည်း ဗြိတိန်နိုင်ငံကလည်း ၂၀၂၁ စက်တင်ဘာလမှစ၍ Huawei 5G တပ်ဆင်ပစ္စည်းများ တပ်ဆင်ခြင်းအပေါ် ပိတ်ပင်ချက် ထုတ်ခဲ့သလို Huawei ကို ၂၀၂၇ မတိုင်မီ ယင်း၏ 5G ကွန်ရက်ကနေ အဆင့်ဆင့် ရုပ်သိမ်းသွားရန် ညွှန်ကြားထားခဲ့သည်။ ယင်းမတိုင်မီက Huawei အပေါ် ပိတ်ပင်ရေးနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံက ဦးဆောင်လုပ်ဆောင်ထားခဲ့သည်။

တစ်ချိန်တည်းမှာလည်း ပြင်သစ်နှင့် ဂျာမနီ အပါအ၀င် အခြားသော ဥရောပနိုင်ငံများသည်လည်း Huawei အပေါ် ပိတ်ပင်ချက် ချမှတ်ရန် စဥ်းစားနေခဲ့ကြသည်။ ယမန်နှစ် ဇူလိုင်လက အီးယူသည် ဆိုက်ဘာလုံခြုံရေးအန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းပေးသွင်းသူများကို အသုံးပြုမှု ရပ်ဆိုင်းရန် အဖွဲ့၀င်နိုင်ငံများကို တိုက်တွန်းခဲ့သေးပြီး ယင်းကလည်း တရုတ်ကုမ္ပဏီများကို ရည်ရွယ်ပစ်မှတ်ထားသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရသည်။

Huawei ပိတ်ပင်ချက်ကို အတည်ပြုထိန်းသိမ်းသည့် စတော့ဟုမ်းတရားရုံး၏ ဆုံးဖြတ်ချက်ကြောင့် Huawei ၏ ပြိုင်ဘက်တစ်ခုဖြစ်သလို ဖောက်သည်တစ်ဦးလည်း ဖြစ်သည့် ဆွီဒင်လုပ်ငန်းကြီး Ericsson အနေဖြင့် တရုတ်တွင် လက်တုံ့ပြန်မှုကို ရင်ဆိုင်သွားရနိုင်သည်ဆိုသည့် ကောလာဟလတစ်ရပ်ကိုလည်း ထွက်ပေါ်စေခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly