တရုတ်၏ အကြီးမားဆုံး ကုန်ထုတ်လုပ်မှုဒေသဖြစ်သော ကွမ်တုံတွင် လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပေါ်

တရုတ်၏ အကြီးမားဆုံး ကုန်ထုတ်လုပ်မှုဒေသဖြစ်သော ကွမ်တုံတွင် လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပေါ်

တရုတ်၏ အကြီးမားဆုံး ကုန်ထုတ်လုပ်မှုအချက်အချာဒေသဖြစ်သော တောင်ပိုင်းပြည်နယ် ကွမ်တုံတွင် မိုးနည်းပါးခြင်း၊ ကျောက်မီးသွေးဈေးနှုန်းများမြင့်တက်လာခြင်းနှင့် ကုန်းတွင်းပိုင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများနှင့် ကြုံတွေ့နေရသဖြင့် တိုင်းပြည်၏ စီးပွားရေးတိုးတက်မှုနှုန်း ၁၀ရာခိုင်နှုန်းကျော်ရရှိရန် မရေမရာဖြစ်နေသည်။

ယင်းကဲ့သို့ ဖြစ်ပွားသည့် အကျိုးဆက်များကို စက်ရုံများနှင့် ကုမ္ပဏီများခံစားနေရပြီး ဒေသခံ အာဏာပိုင်များက လျှပ်စစ်ဓာတ်အား ပြတ်တောက်မည့် အသိပေးချက်ထုတ်ပြန်ပြီးနောက် သတ္တုပစ္စည်းအစိတ်အပိုင်းရောင်းချသည့် ဂျပန်ပိုင်ရှင်တစ်ဦးက လုပ်ငန်းခွင်အစီအစဉ်များကို ပြန်လည်စီစဉ်ရန် ပြင်ဆင်ခဲ့ရသည်ဟု Nikkei Asia က ဖော်ပြခဲ့သည်။

လျှပ်စစ်ဓာတ်အား မည်မျှ အထိ ပြတ်တောက်မည်ဆိုသည်ကိုလည်း မသိရှိရသေးပေ။ ဟွန်ဒါကား ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူတစ်ဦး က ယခုအချိန်အထိ ထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှု မရှိသေးကြောင်း ပြောကြားခဲ့သည်။

လျှပ်စစ်ပြတ်တောက်မှုများ အချိန်ကြာမြင့်လာပါက အခြားနိုင်ငံများသို့ ကုန်ပစ္စည်းများ တင်ပို့ရေးအတွက် ကြီးမားသည့် သက်ရောက်မှုရှိစေမည်ဖြစ်သည်။

"တစ်ပတ်ကို လျှပ်စစ်ဓာတ်အား နှစ်ကြိမ် ပြတ်တောက်တာက ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုကို မထိခိုက်သေးပါဘူး " ဟု ဟွန်ဒါအမှုဆောင်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးစီမံကိန်း ရေးဆွဲရေးအဖွဲ့ဖြစ်သော အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇွန်လ ၁၇ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကွမ်တုံနှင့် အခြားတောင်ပိုင်းပြည်နယ်များသည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ရင်ဆိုင်နေရကြောင်း အတည်ပြု ပြောကြား ခဲ့သည်။ 

သတ်မှတ်ထားသော လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကာလအတွင်း ကုမ္ပဏီများသည် လုံခြုံရေးကိစ္စရပ်များ ကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းများအတွက်သာ လျှပ်စစ်ဓာတ်အားကို အသုံးပြုနိုင်သည်။

Nikkei Asia ၏ အဆိုအရ ကန့်သတ်ချက်ထက် ကျော်လွန်ပြီး သုံးစွဲမိပါက နာရီပေါင်းများစွာ ကန့်သတ်ချက် ပြစ်ဒဏ်ကို ထပ်တိုးချမှတ်ခံရနိုင်သည်။

ကွမ်တုံပြည်နယ်တွင် တရုတ်လူဦးရေ၏ ၈ ရာခိုင်နှုန်း နေထိုင်ပြီး တရုတ်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီများဖြစ်သည့် Huawei Technologies၊ လျှပ်စစ်ကားထုတ်လုပ်သူ BYD၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများထုတ်လုပ်သည့် Mideaနှင့် Tencent Holdings တို့ အခြေစိုက်ရာ ပြည်နယ်လည်း ဖြစ်သည်။

အာဏာပိုင်များက လျှပ်စစ်ဓာတ်အားပြတ်လပ်မှုကို မိုးခေါင်မှုနှင့် နွေရာသီလျှပ်စစ်လိုအပ်ချက် မြင့်မားမှု ကြောင့်ဟု ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly