ကုလလူ့အခွင့်အရေးအကြီးအကဲ၏ ဟောင်ကောင်နှင့် ရှင်ကျန်းဆိုင်ရာ မှတ်ချက်ကို တရုတ် ကန့်ကွက်

ကုလလူ့အခွင့်အရေးအကြီးအကဲ၏ ဟောင်ကောင်နှင့် ရှင်ကျန်းဆိုင်ရာ မှတ်ချက်ကို တရုတ် ကန့်ကွက်

ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီအကြီးအကဲက ဟောင်ကောင်၊ ရှင်ကျန်းတို့နှင့် ပတ်သက်သည့် ဇွန်လ ၂၁ရက်က ပြောကြားခဲ့သည့် သဘောထားမှတ်ချက်ကို ကုလသမဂ္ဂဆိုင်ရာ တရုတ်အဖွဲ့က ကန့်ကွက်လိုက်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေး အကြီးအကဲ မစ်ချယ် ဘာချီလက်၏ မှတ်ချက်များသည် မှားယွင်းပြီး အချက် အလက်မခိုင်လုံကြောင်းနှင့် ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်ကြောင်း တရုတ်အစိုးရ၏ ပြောကြားချက်ကို တရုတ်၏ ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်မစ်ရှင်၏ ပြောရေးဆိုခွင့်ရှိသူ လျှိုယွီယန်က " ဒီမှတ်ချက်တွေဟာ မမှန်ကန်ကြောင်း လုံးဝကန့်ကွက်ပါတယ်" ဟု ဆိုခဲ့သည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် အမျိုးသားလုံခြုံရေးကိုကာကွယ်စောင့်ရှောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဥပဒေကိုပြဌာန်းရန်နှင့် အကောင်အထည်ဖော်ရေးသည် တရုတ်၏ အချုပ်အခြာ အာဏာပိုင် အခွင့်အရေးဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်း ပြောကြားခဲ့သည်။

အမျိုးသားလုံခြုံရေးဥပဒေကြောင့် ဟောင်ကောင်အရပ်ဘက်နှင့် ဒီမိုကရေစီနယ်ပယ်တွင် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို အနီးကပ်စောင့်ကြည့်နေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး အကြီးအကဲ မစ်ချယ် ဘာချီလက်က ဇွန်လ ၂၁ရက်က ပြောကြားပြီးနောက် ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

၄၇ ကြိမ်မြောက်လူ့အခွင့်အရေးကောင်စီ၏ အစည်းအဝေး၌ မစ်ချယ် ဘာချီလက်က “ ကျွန်မတို့က (ဟောင်ကောင်ရဲ့ အမျိုးသားလုံခြုံရေးဥပဒေ)ရဲ့ အရပ်ဘက်၊ ဒီမိုကရေစီနယ်ပယ်နဲ့ လွတ်လပ်သောသတင်းမီဒီယာတွေအပေါ် ကျရောက်လာမယ့် ကြောက်စရာ သက်ရောက်မှုတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်” ဟု ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်မှစ၍ အမျိုးသားလုံခြုံရေးဥပဒေဖြင့် လူ ၁၀၇ ဦးကို ဖမ်းဆီးခံခဲ့ရပြီး ၅၇ ဦးသည် တရားစွဲဆိုခံထားရကာ ပထမဆုံး တရားစွဲဆိုမှုကို ယခုသတင်းပတ်အတွင်း စစ်ဆေးမည်ဖြစ်ကြောင်း လူ့အခွင့်အရေးအကြီးအကဲက ပြောကြားသည်။

ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ အဓိပ္ပာယ်ရှိသည့်သွားရောက်မှုဖြစ်နိုင်ရေးအတွက် ကုလသမဂ္ဂက တရုတ်နှင့် ဆွေးနွေးနေကြောင်းလည်း သူမက ထပ်မံပြောကြားခဲ့သည်။

“ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ထိထိရောက်ရောက် သွားရောက်နိုင်ရေးအတွက် ကျွန်မက တရုတ်နဲ့ ဆက်လက်ဆွေးနွေးနေပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ သတင်းတွေထွက်နေတော့ ဒီနှစ်အတွင်း သွားရဖို့ မျှော်လင့်ပါတယ်”

ဇွန်လအစောပိုင်းက ဟောင်ကောင်ဒီမိုကရေစီလှုပ်ရှားမှု ဒုတိယနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ကမ္ဘာအနှံ့အပြားရှိ မြို့ကြီးများစွာတွင် ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly