အီးယူနှင့် အိန္ဒိယတို့ အေဒင်ပင်လယ်ကွေ့တွင် ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်

အီးယူနှင့် အိန္ဒိယတို့ အေဒင်ပင်လယ်ကွေ့တွင် ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်

ဥရောပသမဂ္ဂအဖွဲ့နှင့် အိန္ဒိယနိုင်ငံတို့သည် ဒေသတွင်း ပင်လယ်ပြင် ဓားပြတိုက်မှု ကာကွယ်ရေးကို အဆင်သင့် ဖြစ်စေရန် အေဒင်ပင်လယ်ကွေ့တွင် ပူးတွဲစစ်ရေး လေ့ကျင့်မှုတစ်ခုကို ဇွန် ၁၈ နှင့် ၁၉ ရက်နေ့တို့တွင် ပြုလုပ်ခဲ့သည်။

စစ်ရေး လေ့ကျင့်မှုတွင် အိနိ္ဒယနိုင်ငံမှ INS Trikand ဖရီးဂိတ်စစ်သင်္ဘော၊ အီတလီ၊ စပိန်၊ ပြင်သစ်တို့မှ ဖရီးဂိတ်စစ်သင်္ဘောများနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်တင် ကြည်းတပ်၊ရေတပ် နှစ်မျိုးသုံး စစ်ရေယာဉ်များ ပါဝင်ခဲ့သည်။

စစ်ရေး လေ့ကျင့်မှုတွင် သင်္ဘောတစ်စင်းမှ တစ်စင်းသို့ ရဟတ်ယာဉ်အတက်အဆင်း၊ ပင်လယ်ပြင် ပေါင်းစပ်ဗျူဟာ ဖော်ထုတ်ခြင်း၊ ကျည်အစစ်ပစ်ခတ်ခြင်း၊ ညအချိန် ကင်းလှည့်ခြင်းနှင့် ယခင်က

ပင်လယ်ပြင်ဓားပြတိုက်မှုများ ဖြစ်ပွားခဲ့သည့် ဆိုမာလီ ကမ်းလွန်ပင်လယ်ပြင်တွင် ရေတပ်ကင်းလှည့်ခြင်းတို့ ပါဝင်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အီးယူနှင့် အိန္ဒိယတို့သည် အင်ဒို-ပစိဖိတ်ဒေသတွင် လွတ်လပ်ပွင့်လင်း၍ အားလုံးပါဝင်ပြီး စည်းကမ်းအခြေခံသော တည်ငြိမ်မှု ရရှိစေရန် ဆောင်ရွက်မည်ဟု ဆုံးဖြတ်ထားသလို နယ်မြေနှင့် အချုပ်အခြာအာဏာ လေးစားမှု၊ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ ပွင့်လင်းမြင်သာမှု၊ ရေကြောင်းနှင့် ဝေဟင်လွတ်လပ်စွာ သွားလာခွင့်၊ တရားဝင် ကူးသန်းရောင်းဝယ်မှုအတွက် အနှောက်အယှက် ကင်းရှင်းရေးနှင့် အငြင်းပွားမှုများအပေါ် ငြိမ်းချမ်းစွာ ဖြေရှင်းရေးတို့ ပါဝင်သည်။

“ကုလသမဂ္ဂ၏ ပင်လယ်ပြင်ဥပဒေဆိုင်ရာ သဘောတူစာချုပ် (UNCLOS) အပါအဝင် နို်ငငံတကာ ဥပဒေများ အရေးကြီးမှုကို ထပ်မံ အတည်ပြုခဲ့ပါတယ်” ဟု လည်း ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

အီးယူနှင့် အိနိ္ဒယနိုင်ငံတို့အကြား ပင်လယ်ပြင်လုံခြုံမှုဆိုင်ရာဆွေးနွေးမှုတစ်ရပ်ကို ယခုနှစ် ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့ပြီး ဆက်လက်ဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမို လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။

အိန္ဒိယရေတပ်၏ ဒေသတွင်း တာဝန်တွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ အထူးသင်္ဘောများကို EU NAVFOR Somalia – Operation Atalanta နှင့်အတူ ပူးတွဲ စောင့်ရှောက်ပေးရန်လည်း ပါဝင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly