အာဖဂန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ရခြင်းအပေါ် ပါကစ္စတန်က အိုက်စစ်တို့အပေါ် အပြစ်ပုံချ

အာဖဂန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ရခြင်းအပေါ် ပါကစ္စတန်က အိုက်စစ်တို့အပေါ် အပြစ်ပုံချ

အာဖဂန်နစ္စတန်နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာခြင်းအပေါ် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှာဟာမာမွန်ကူရီရှီက အိုက်စစ် (ISIS) တို့အပေါ် အပြစ်ပုံချလိုက်ပြီး တာလီဘန်အဖွဲ့အား ကာကွယ်ပြောဆိုလိုက်သည်။

တာလီဘန်အဖွဲ့က အာဖဂန်လုံခြုံရေးတပ်ဖွဲ့များနှင့်အရပ်သားတို့အား တိုက်ခိုက်လျှက်သော်လည်း ပါကစ္စတန်အစိုးရက အဆိုပါအကြမ်းဖက်အဖွဲ့ကို ထောက်ခံမှုများ ပိုမိုလုပ်ဆောင်လာပြီး တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အဆိုပါအဖွဲ့ကို အပြစ်တင်နေခြင်းသည် ပုံကြီးချဲ့ခြင်းသာ ဖြစ်ကြောင်း ပြောဆိုထားသည်။

ပါကစ္စတန်အစိုးရသည် တာလီဘန်များအား အကူအညီများပေးနေကြောင်း၊ မိမိတို့အကျိုးစီးပွားအတွက် အသုံးချနေကြောင်း စွပ်စွဲမှုများ ရှိနေသည်။

နိုင်ငံခြားရေးဝန်ကြီး ရှာဟာမာမွန်ကူရီရှီကအစ္စလာမာဘတ်ရှိ ၎င်း၏ ရုံးခန်း၌ ပြီးခဲ့သည့်သီတင်းပတ်အတွင်းက Tolo News နှင့် သီးသန့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် “တာလီဘန်တို့ကြောင့် အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြန်ပြီး မြင့်တက်လာတယ်လို့ သတ်မှတ်မယ်ဆိုရင် ဒါဟာ ချဲ့ကားပြောဆိုရာ ရောက်ပါတယ်။ ဘာကြောင့်ဒီလိုပြောရတာလဲ ဆိုတော့ အဲဒီနေရာမှာအဖျက်လုပ်ငန်းတွေ လုပ်နေတဲ့ အခြားအဖွဲ့တွေရော မရှိတော့ဘူလား” ဟု ပြောကြားခဲ့သည်။

အိုက်စစ်အဖွဲ့၏ အခြားအမည်တစ်ခုဖြစ်သည့် ဒေရှား (Daesh) ကို ရည်ညွှန်းကား “တိုက်ခိုက်မှုတွေကို လုပ်လေ့လုပ်ထရှိတဲ့ ဒေရှားလို အဖွဲ့တွေလည်း အာဖဂန်မှာ ရှိတယ်။ ဘယ်သူတွေက ဩဇာအာဏာကို တည်ဆောက်နေသလဲ၊ကိုယ့်မျက်စိက မျက်ချေးကို ဘယ်သူတွေက မမြင်တာလဲ၊ အာဏာကို ဘယ်သူက ဆုပ်ကိုင်ထားချင်တာလဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပါကစ္စတန်တွင် တာလီဘန်များကို ခိုလှုံခွင့်ပေးထားခြင်း မရှိကြောင်း ကူရီရှီက ငြင်းဆိုကာ အဆိုပါအဖွဲ့၏ ခေါင်းဆောင်အများစုသည် အာဖဂန်နစ္စတန်တွင်သာရှိကြောင်း ပြောကြားသည်။

တာလီဘန်များကို ပါကစ္စတန်က ငွေကြေးထောက်ပံ့ထားခြင်း ရှိ၊မရှိ မေးမြန်းရာတွင် ကူရီရှီက “ဒီကိစ္စကို ပြောနေကြတာ နှစ်တွေကြာနေပြီ။ခင်ဗျားတို့ အိုဟောင်းနေတဲ့ ဘောင်ကျဉ်းကျဉ်းလေးမှာ ရောက်နေကြတယ်။

ကျေးဇူးပြုပြီး ဒီဘောင်ကျဉ်းကျဉ်းလေးထဲက ထွက်လိုက်ပါ။ ဒီမှာ ခဏနားထောင်၊ ကျုပ်ကို ယုံလိုက်၊ ခင်ဗျားတို့ ဒီဘောင်ကျဉ်းကျဉ်းလေးထဲမှာပဲ ဆက်နေမယ်ဆိုရင် ဘယ်ကိုမှ ခရီးဆန့်လို့ရမှာမဟုတ်ဘူး။ ခင်ဗျားတို့ကို ပြင်ပခရီးသွားလာစေချင်တယ်။ ကျုပ်တို့က ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်” ဟု ပြောကြားသည်။

တာလီဘန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ဒိုဟာမြို့သည် အသင့်တော်ဆုံးနေရာဖြစ်ကြောင်း၊ သို့သော် နှစ်ဖက်စလုံးက စိတ်ဆန္ဒမရှိလျှင် ဆွေးနွေးမှု မဖြစ်နိုင်ကြောင်း ကူရီရှိက ပြောသည်။

ငြိမ်းချမ်းရေးကို စစ်တိုက်ယူရမည်ဆိုသည့် အမြင်ကို လက်မခံတော့သောကြောင့် ကမ္ဘာကြီး၏ ချဉ်းကပ်မှုသည်လည်း ပြောင်းလဲသွားပြီဟု ၎င်းက ထည့်သွင်းပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly