မြင်းခြံက ပျူစောထီးအဖွဲ့ဝင် နေအိမ်ကို Zero ပျောက်ကျားတပ်ဖွဲ့က လက်လုပ်ဗုံး ပစ်ခတ်

မြင်းခြံက ပျူစောထီးအဖွဲ့ဝင် နေအိမ်ကို Zero ပျောက်ကျားတပ်ဖွဲ့က လက်လုပ်ဗုံး ပစ်ခတ်

ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၁၉) ရက်ကွက်မှာ နေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင် ဒေါ်သီတာယုမွန်ရဲ့ နေအိမ်အတွင်းကို ဒီကနေ့ (ဇွန်လ ၂၅ ရက်) မနက်ပိုင်းက လက်လုပ်ဗုံးနဲ့ ပစ်ခတ်ခွဲခဲ့တယ်လို့ Zero ပျောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

“ပျူစောထီးအဖွဲ့ဝင်ဖြစ်သည့် လက်နက်ကိုင်ဆောင်ထားသူ မသီတာယုမွန် (၁၉) ကွက်သစ် နေအိမ်တွင်းသို့ လက်ပစ်ဗုံး ပစ်ခွဲခဲ့” လို့ Zero ပျောက်ကျားတပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အဲဒီလို နေအိမ်အတွင်း လက်ပစ်ဗုံးပစ်ခတ်ခံရတဲ့ ဒေါ်သီတာယုမွန်ဆိုသူ အမျိုးသမီးကလည်း သူ့ရဲ့နေအိမ်ကို မြင်းခြံအဖွဲ့တစ်ခုက ဒီကနေ့ မနက်ပိုင်းမှာ လက်လုပ်ဗုံးနဲ့ လာရောက်ပစ်ခတ်သွားတဲ့အကြောင်း သူ့ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။

လက်ပစ်ဗုံး ပစ်ခွဲခံရတာနဲ့ ပတ်သက်ပြီး ကြီးကြီးမားမား ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ကနဦးသိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရတော့ ဒေါ်သီတာယုမွန်ဟာ အကြမ်းဖက်လုပ်ရပ်တွေကို တန်ပြန်လုပ်ဆောင်ဖို့ အာဏာသိမ်းစစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင် တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly