လပွတ္တာမြို့မရဲစခန်းအတွင်း သေနတ်ပစ်ဖောက်မှုများဖြစ်

လပွတ္တာမြို့မရဲစခန်းအတွင်း သေနတ်ပစ်ဖောက်မှုများဖြစ်

ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် မြို့မရဲစခန်းအတွင်းမှာ သေနတ်ပစ်ဖောက်မှု ဇွန်လ ၂၄ရက်နေ့ည ၁၀နာရီခွဲ အချိန်က ဖြစ်ပေါ်ခဲ့ပါတယ်။

 “သေနတ်သံတွေ ကြားရပြီး လူသံတွေ အော်ဟစ်သံတွေ ဆူညံနေလို့ လိုက်မေးတော့ အချုပ်ခန်းထဲမှာ လူသတ်မှုနဲ့ စွပ်စွဲခံရပြီး ဖမ်းဆီးထားတဲ့ တရားခံက သောင်းကျန်းနေလို့ ထိန်းမရလို့ သေနတ်ဖောက်ပြီး ခြောက်တာလို့ သိရတယ်”လို့ လပွတ္တာမြို့ခံ တစ်ဦးကပြောပါတယ်။ 

"လပွတ္တာမှာ PDF ဖွဲ့ထားတာလဲ မရှိသေးလို့ တိုက်ပွဲဖြစ်တာမဟုတ်ပါဘူး ၊အွန်လိုင်းမှာတင်နေကြတာတွေ့လို့ပါ စခန်းကိုလာတိုက်တာလည်း မဟုတ်ဘူး၊ရဲစခန်း အချုပ်ခန်းထဲက အချုပ်သားတွေဆူလို့ သေနတ်ဖောက်တာပါ''လို့နီးစပ်သူတစ်ဦးကလဲပြောပါတယ်။

လပွတ္တာမြို့မှာ စစ်ကောင်စီက အာဏာသိမ်းယူပြီးချိန်ကစတင်ကာ သေနတ်ပစ်ဖောက်မှုတွေ ဖြစ်ပေါ်ခဲ့တာဟာ အခုအကြိမ်အပါအဝင် တတိယအကြိမ်ဖြစ်ပြီး အရင်က ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို ဩဘာလမ်းမကြီးမှာ ပစ်ခတ်လူစုခွဲခြင်းနဲ့ ကဏန်းတန်းအတွင်း လူငယ်အချို့ကို ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်နေသည်ဟုဆိုကာ စစ်တပ်နဲ့ရဲက လိုက်လံပစ်ခတ်ခဲ့ခြင်းတို့ ဖြစ်ပေါ်ခဲ့ပါတယ်။

စစ်အုပ်စုက အာဏာသိမ်းပြီး ၅ လ နီးပါးအကြာ ဧရာဝတီတိုင်းအတွင်းက ရဲစခန်းတွင်း ဆူပူမှုနဲ့ ပစ်ခတ်မှုဖြစ်တာဟာ မနေ့က ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်းသိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly