မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချမှုအပေါ် နိုင်ငံအားလုံးအနေဖြင့် စိုးရိမ်ပူပန်သင့်ဟု အမေရိကန် ပြော

မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချမှုအပေါ် နိုင်ငံအားလုံးအနေဖြင့် စိုးရိမ်ပူပန်သင့်ဟု အမေရိကန် ပြော
Photo - AFP

ဇွန် ၂၅

မြန်မာအာဏာသိမ်းစစ်အုပ်စုထံ စစ်လက်နက်ရောင်းချမှုများနှင့်ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စိုးရိမ်ပူပန်မှု ရှိသင့်ကြောင်း အမေရိကန်က ပြောကြားလိုက်သည်။

သို့သော် မည်သည့် လက်နက်ထောက်ပံ့သူနိုင်ငံကိုမှ အမေရိကန်က နာမည်တပ် ဖော်ပြသွားခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက် စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲအားဖြင့် ဒီမိုကရေစီအရေး ဆန္ဒပြသူများအပေါ် လူမဆန်စွာ ဖြိုခွင်းနှိမ်နင်းမှုတို့ ရှိခဲ့ပြီးနောက် စစ်အုပ်စုအပေါ် ကမ္ဘာ့နိုင်ငံအချို့က အရေးယူပိတ်ဆို့ခဲ့စဉ်ရုရှားသည် စစ်ရေးအကူအညီကနေတဆင့် မြန်မာစစ်အုပ်စုကို တိုးမြှင့်ထောက်ခံမှုများ လုပ်ဆောင်ထားခဲ့သည်။

မြန်မာစစ်အုပ်စုအပေါ် အနောက်အုပ်စုက ပြစ်တင်ရှုတ်ချမှုများ တိုးမြှင့်လုပ်‌ဆောင်နေစဥ် ယင်းအခြေအနေနှင့် တိုက်ရိုက် ဆန့်ကျင်လျက်ဖြင့် ရုရှားသည် မကြာမီကာလအတွင်း မြန်မာအာဏာသိမ်းစစ်အုပ်စုကို ရင်းနှီးခင်မင်စွာ ဆက်ဆံထားခဲ့သည်။

မြန်မာ အာဏာသိမ်းစစ်အုပ်စုအပေါ် မကြာသေးခင်က အရေးယူဒဏ်ခတ်မှုများ လုပ်ခဲ့သည့် ယူကေနှင့် ဥရောပသမဂ္ဂ တို့ကို ဘိုင်ဒင်အစိုးရက ချီးကျူးခဲ့သည်။

“ဇွန်လ ၂၁ ရက်မှာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေအပေါ် ယူကေနဲ့ အီးယူဘက်က အရေးယူဒဏ်ခတ်မှုတွေ လုပ်ခဲ့တဲ့အပေါ် ကျွန်တော်တို့ ကြိုဆိုပါတယ်၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ မက်ဆေ့ချ်ကတော့ ရှင်းပါတယ်၊ ကျွန်တော်တို့ဟာ မြန်မာပြည်သူပြည်သားတွေရဲ့ ပြင်းပြတဲ့ ဆန္ဒကို ထောက်ခံအားပေးဖို့အတွက် စစ်အုပ်စုကို သူတို့ရဲ့ လုပ်ရပ်တွေအတွက် တာ၀န်ခံမှု ရှိစေဖို့ ကျွန်တော်တို့ ဆက်လက် တိုးမြှင့်လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Washington Examiner ကို ပြောသွားခဲ့သည်။

“နိုင်ငံအားလုံးအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုတွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်သင့်ပါတယ်၊ အဲဒီလို ရောင်းချလိုက်တဲ့ လက်နက်တွေက စစ်အုပ်စုရဲ့ ဖိနှိပ်မှု ကမ်ပိန်းမှာ အသုံးပြုနိုင်တဲ့အတွက်ကြောင့်ပါ၊ ဒီအပေါ်မှာ စိုးရိမ်ပူပန်သင့်ပါတယ်၊ အဲဒီ ပစ္စည်းတွေထဲမှာတော့ သမားရိုးကျ လက်နက်တွေ၊ နည်းလမ်းနှစ်သွယ် သုံးနိုင်တဲ့ လက်နက်ကိရိယာတွေ၊ ဖိနှိပ်မှု ဆိုင်ရာ ဒစ်ဂျစ်တယ် ပစ္စည်းတွေ ပါ၀င်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

ယခု အမေရိကန်၏ ထုတ်ပြန်ချက်တွင် ပြဿနာ၀ိုင်းနေသည့် မြန်မာစစ်အုပ်စုကို ရုရှားဘက်က တိုးမြှင့် ထောက်ပံ့ပေးနေခြင်းအ‌ပေါ် တိုက်ရိုက် အမည်တပ်ရည်ညွှန်းခဲ့ခြင်းတော့ မရှိပေ။

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သုံးရက်ကြာ နိုင်ငံတကာ လုံခြုံရေး ကွန်းဖရင့်တစ်ခုအတွက် ယခုအပတ်ထဲ မော်စကိုသို့ သွားရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly